သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baghdadi သေဆုံးပြီးနောက် IS တွေ အီရတ်မြောက်ပိုင်းမှာ သောင်းကျန်း


မှတ်တမ်းဓာတ်ပုံ - အီရတ်နိုင်ငံ မြောက်ပိုင်း က ကာဒ့် PJAK အဖွဲ့ဝင် အမျိုးသမီး တဦး သေနတ်ပစ် လေ့ကျင့်။ ၂၀၀၉။
မှတ်တမ်းဓာတ်ပုံ - အီရတ်နိုင်ငံ မြောက်ပိုင်း က ကာဒ့် PJAK အဖွဲ့ဝင် အမျိုးသမီး တဦး သေနတ်ပစ် လေ့ကျင့်။ ၂၀၀၉။

IS ခေါင်းဆောင် Baghadadi သေဆုံး ပြီးတဲ့နောက် အီရတ်မြောက်ပိုင်းမှာ IS တို့ရဲ့အကြမ်းဖက် လုပ်ရပ်တွေ ပိုများလာနေပါတယ်။ ပြန်ပေးဆွဲတာ အရပ်သားတွေကို ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် လူအများအပြား အိုးအိမ်စွန့် ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ Dilshad Anwar ပေးပို့ထားတာကို ဦးကျော်ဇံသာ ပြောပြထားပါတယ်။

Jawad ဟာ အီရတ် မြောက်ပိုင်းမှာ တသက်လုံး နေလာခဲ့တဲ့ ရွာသားတဦးဖြစ်ပြီး IS တို့ကိုခုခံဖို့ ဒေသခံရွာသားတချို့နဲ့ အပျော်တမ်း တပ်စိတ်လေးတခု ဖွဲ့စည်းထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီးတင်း၂ ပတ်ကျော်က အစ္စလာမ္မစ် အစွန်းရောက် IS ခေါင်းဆောင်တဦး သူတို့ရွာနားမှာ အသတ်ခံသွားရပြီး ကတည်းက IS တို့ဟာ သူနဲ့ သူတို့ရွာသားတွေကို ခြိမ်းခြောက်ပြီး လက်စားချေဖို့ တကဲကဲ လုပ်လာကြတယ်လို့ ဆိုပါတယ်။

" မကြာသေးခင်က ကျနော့်ဆီကို လူတယောက်ဖုန်းဆက်ပြီး IS စစ်သားတယောက်ကို မင်းတို့ သတ်ပစ်လိုက်ကြတယ်။ ငါတို့ ဘယ်လောက် သွေးစည်းညီညွတ်တယ်ဆိုတာ မင်းတို့သိမယ် လို့ ပြောတော့ ကျနော့်မိသားစုအတွက် စိုးရိမ်မိပါတယ်။ သူတို့ကို တိုက်နေတဲ့ Peshmerga တပ်ဖွဲ့တွေလဲ ဒေသတွင်းမှာ ရှိကြတော့တာမဟုတ်ပါဘူး။"

အဲဒီဒေသဟာ တရားဝင်အားဖြင့် အီရတ်နဲ့ ဒေသခံ ကာ့ဒ် တပ်ဖွဲ့ Peshmerga တွေရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေတာပါ။ ဒါပေမဲ့ ညဘက်တွေမှာ အုပ်ချုပ်မှု လွတ်ကင်းတဲ့နေရာတွေကို IS တွေ ဝင်တိုက်ကြပါတယ်။ ဒါကြောင့် ရွာသားတွေ အများအပြား ထွတ်ပြေးကြရပါတယ်။

ပြီးခဲ့တဲ့လက IS ခေါင်းဆောင် Abu Bakr al- Baghadadi အမေရိကန် စစ်ဆင်ရေးကြောင့် သေဆုံးသွားပြီးကတည်းက IS တို့ရဲ့ခြိမ်းခြောက်မှုတွေ ပိုများလာတယ်လို့ အီရတ် ဒေသခံ အရာရှိတွေက ပြောပါတယ်။ ဗိုလ်မှူး Simko Ali ဟာ ကာ့ဒ် လုံခြုံရေးအရာရှိတယောက်ဖြစ်ပါတယ်။

" IS တို့ဟာ Baghdadi မသေခင်ကရော သေပြီးတဲ့ နောက်မှာပါ ဒီဒေသအတွင်း ရှိနေကြတာပါ။ ဒါပေမဲ့ အရေအတွက် သိပ်မများပါဘူး။ အခုတော့ သူတို့အရေအတွက် အဆမတန် များလာပါတယ်။"

IS တို့ဟာ အဲဒီမှာ မြေမြှုပ်မိုင်းတွေ ဗုံးတွေထောင်တဲ့အပြင် ခြိမ်းခြောက်ငွေတောင်းတာ ပြန်ပေးဆွဲပြီး ငွေနဲ့လာရွေးခိုင်းတာတွေကို လဲ လုပ်လာကြပါတယ်။

သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တဲ့ သူတွေကို ဖမ်းဆီးတယ်လို့လည်း ဒေသခံအရာရှိ Mohamed Omar ကဆိုပါတယ်။

" Tozkhormato နဲ့ Hamreen တောင်တန်းအနားမှာ IS တို့ အကျဉ်းထောင် ၂ ခု တည်ဆောက်ထားတယ်လို့ ကျနော်တို့ ထောက်လှမ်းရေး သတင်းတွေ ရထားပါတယ်။"

ဒေသခံ အရာရှိတွေကတော့ ဒေသတွင်း အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ပပျောက်သွားအောင် အီရတ် နဲ့ ကာ့ဒ်တို့ ပိုမိုပူးပေါင်းလုပ်ဆောင်ရေး အတွက် ကြိုးပမ်းနေကြကြောင်းပါ။

တိုက်ရိုက် လင့်ခ်

(Unicode)













XS
SM
MD
LG