မြောက်ကိုရီးယားအပေါ် အမေရိကန် ပြည်ထောင်စုက အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်မယ့် အစီအစဉ်ကို မကြာခင် ကြေညာမှာဖြစ်ကြောင်း အမေရိကန်ဒုသမ္မတ Mike Pence ကပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး အစီအစဉ်တွေကို အပြီးတိုင် စွန့်လွှတ်တဲ့အထိ အမေရိကန်က ဖိအားပေးသွားမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံအပြီးမှာပဲ အမေရိကန် ဒုသမ္မတက ပြောဆိုလိုက်တာပါ။
ဘယ်လိုကဏ္ဍတွေကို အရေးယူမှာလဲ၊ ဘယ်အချိန် ကြေညာမှာလဲ ဆိုတာတွေကိုတော့ အသေးစိတ် ပြောမသွားခဲ့ပါဘူး။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ် ကြီးထွားလာနေချိန်မှာပဲ မဟာမိတ် ၂ နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့လည်း အမေရိကန် ဒုသမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှု အတွင်းမှာရော၊ နောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာပါ အလေးထား ပြောဆိုခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဂျပန်နိုင်ငံကို အဆင့်မြင့် ကာကွယ်ရေးစနစ်တွေ ထပ်မံပံ့ပိုးပေးသွားမှာဖြစ်ပြီး၊ ကာကွယ်ရေးစနစ်သစ်တွေကို အမြန်ဆုံးပို့ဆောင်ပေးနိုင်အောင် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက် နေကြောင်းလည်း အမေရိကန် ဒုသမ္မတက ပြောဆိုခဲ့တာပါ။
ဂျပန်ဝန်ကြီးချုပ်ကတော့ အမေရိကန် ဒုသမ္မတနဲ့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားအရေး အချိန်ယူဆွေးနွေးခဲ့သလို၊ ၂ နိုင်ငံ အစိုးရတွေရဲ့ မူဝါဒတွေဟာလည်း တထပ်တည်းကျကြောင်း ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဆောင်းရာသီ အိုလံပစ်အားကစားပွဲတွေ ကျင်းပမယ့် တရက်တည်းမှာပဲ မြောက်ကိုရီးယားက စစ်ရေးပြအခန်းအနားတွေ ကျင်းပမယ့် အလားအလာရှိနေတာကိုလည်း မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့လုပ်ရပ်အဖြစ် ဂျပန်ဝန်ကြီးချုပ်က ထောက်ပြပြောဆိုခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံ Pyeongchang မြို့က အိုလံပစ် အားကစားပွဲမှာ ယှဉ်ပြိုင်မယ့် အမေရိကန် အသင်းကို ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ သွားရောက်မယ့် အစီအစဉ်အပါအဝင် အမေရိကန် ဒုသမ္မတဟာ အရှေ့မြောက် အာရှဒေသကို ခရီးထွက်နေတာ ဖြစ်ပါတယ်။ အိုလံပစ်ပွဲတော်မှာ အားကစားသမားတွေကို အားပေးမှာ ဖြစ်သလို၊ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့အတူ ရပ်တည်ပြီး၊ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားဟာ အာဏာရှင်အဆန်ဆုံး၊ အဖိနှိပ်ဆုံး ဖြစ်တယ်ဆိုတာကို သတိပေးသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် ဒုသမ္မတက ပြောဆိုခဲ့တာပါ။
အိုလံပစ်ပွဲမှာတော့ မြောက်ကိုရီးယား အားကစားသမား တချို့လည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ တောင်ကိုရီးယားအသင်းနဲ့ ပူးတွဲပြီး အလံတခုတည်းအောက် ချီတက်ကြဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန် ဒုသမ္မတကတော့ အိုလံပစ်အားကစားပွဲရဲ့ အမှာစကားနဲ့ ပုံရိပ်တွေကို မြောက်ကိုရီးယားက ဝါဒဖြန့်ချီ လုယူမှာမျိုးကို လက်ခံမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။