THAAD လို့ခေါ်တဲ့ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး စနစ် တောင်ကိုရီးယားမှာ နေရာချထား တာကို လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ပြောဆိုအပြီး ၁ ပတ်အကြာ ဒီကနေ့မှာ မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် ၃ စင်း စမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။
ဒီကနေ့ အင်္ဂါနေ့အစောပိုင်း မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ တာလတ်ပစ် Scud ဒါမှမဟုတ် Rodong အမျိုးအစား ဒုံးကျည် ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရိးယားနိုင်ငံက ပြောပါတယ်။
ကီလိုမီတာ ၅၀၀ ကနေ ၆၀၀ အထိ ပစ်လွှတ်နိုင်တဲ့ ဒီဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ထဲကို ကျသွား ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ဒီဒုံးကျည်ပစ်လွှတ်မှုဟာ မြောက်အမေရိကအတွက်တော့ ခြိမ်းခြောက်မှုတရပ် မဟုတ်ဘူးလို့ NORAD လို့ခေါ်တဲ့ မြောက်အမေရိကဝေဟင် ကာကွယ်ရေး ဌာနက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူးကလီးယားနဲ့ ဒုံးလက်နက် တိုးမြှင့်စမ်းသပ်လာပြီးနောက် THAAD ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားမှာ နေရာချထားဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ သဘောတူညီခဲ့တာပါ။ ဒီလိုဒုံးခွင်းဒုံးစနစ်ကို ချထားမှုကြောင့် တောင်ကိုရီးယားနိုင်ငံကို မီးလောင်တိုက်သွင်း ပစ်မှာဖြစ်ပြီးပြာကျသွားအောင် လုပ်မယ်လို့ မြောက်ကိုရီးယားက ဇူလိုင်လ ၁၁ ရက်နေ့မှာ ခြိမ်းခြောက်ပြောဆိုထားပါတယ်။