သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြောက်ကိုရီးယားသွား


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Song Tao ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ပြုံယမ်းမြို့တော်မှာ လက်ခံ တွေ့ဆုံစဉ်
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Song Tao ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ပြုံယမ်းမြို့တော်မှာ လက်ခံ တွေ့ဆုံစဉ်

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ တရုတ် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ပြုံယမ်းမြို့တော်မှာ လက်ခံ တွေ့ဆုံတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။ ဘေဂျင်းမြို့တော်ကို Kim Jong Un သွားရောက်အပြီး သီတင်းနှစ်ပတ် လောက်ပဲ ရှိသေးတဲ့အချိန်မှာ တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို သွားတာပါ။

အနုပညာပွဲတော်တခုကို တက်ရောက်ဖို့အတွက် အနုပညာအဖွဲ့တဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Song Tao က ဦးဆောင်ပြီး သွားတာပါ။

ခေါင်းဆောင်နှစ်ယောက်ဟာ “အရေးကြီးတဲ့ နှစ်ဘက်သဘောတူညီချက်တခုကို ရခဲ့ကြပြီး တွေ့ဆုံပွဲကနေ အကျိုးရှိတဲ့ရလဒ်တွေ ထွက်ခဲ့တယ်” လို့ Kim Jong Un ကပြောကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့လက သမိုင်းဝင်ခရီးတခုအဖြစ် တရုတ်နိုင်ငံကို Kim Jong Un သွားပြီးတဲ့နောက်ပိုင်း သံတမန်ရေးဖြစ်ထွန်းမှုတွေမှာ အခု တွေ့ဆုံတာက နောက်ဆုံးထွက်လာတဲ့ဖြစ်ရပ်ပါပဲ။

တရုတ်ခရီးစဉ်အတွင်း Kim Jong Un နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က တရုတ်နဲ့ မြောက်ကိုရီးယားအကြား နီးကပ်တဲ့ မဟာမိတ် ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းသွားဖို့ အရေးကြီးတယ်ဆိုတာ ထပ်ပြီး အတည်ပြု ပြောဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး မပြေမလည်ဖြစ်ထားတာပါ။

Kim Jong Un ဟာ တောင်ကိုရီးယားသမ္မတ Moon Jae In နဲ့ ဧပြီလ ၂၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မေ ဒါမှမဟုတ် ဇွန်လမှာ တွေ့ဆုံဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG