မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီယားစမ်းသပ်ပစ်လွှတ်တဲ့ စခန်းကို ပိတ်ပြီး နျူကလီယားစမ်းသပ်မှုတွေ ဆိုင်းငံ့ထားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားစစ်တပ်ကလည်း သူူ့ရဲ့ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုတွေကို ဆိုင်းငံ့ထားမှာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုဟာ စနေနေ့မှာ စတင်မှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ စီးပွါးရေးတိုးတက်လာစေဖို့နဲ့ သူ့နိုင်ငံအရေးကို ပြောင်းလဲအာရုံစိုက်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း အစိုးရရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ကိုရီးယားကျွန်းဆွယ်ဒေသမှာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ နျူကလီယားပြဿနာ အဆုံးသတ်ရေး ကြိုးပမ်းတဲ့ အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ တွေ့ဆုံဆွေးနွေးဖို့ သီတင်းတပါတ်တောင် မလိုတော့တဲ့အချိန်မှာ အခုလို မြောက်ကိုရီးယားဘက်က ပြောကြားလိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့လည်း စီစဉ်ထားပေမယ့် ရက်တော့ မသတ်မှတ်ရ သေးပါဘူး။
ကိုရီးယား ၂ နိုင်ငံကြားစစ်မဲ့ဇုံမှာ ဧပြီလ ၂၇ နေ့ ခေါင်းဆောင် ၂ ဦးတွေ့ဆုံပွဲမတိုင်ခင် အခု သောကြာနေ့မှာပဲ ခေါင်းဆောင် ၂ ဦးကြား အရေးပေါ်လိုင်း ဆက်သွယ်ရေးကိုလည်း ဖွင့်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကျင်းပခဲ့တဲ့ နောက် ၂ နိုင်ငံကြားဆက်ဆံရေးဟာ အဆင်ပြေ တိုးတက်မှုတွေ ရှိလာခဲ့တာပါ။