= = =[ Zawgyi ]= = =
မြန်မာအရေး ကုလအထူးကိုယ်စားလှယ် နှစ်သစ်ကူးမှာ ဆုတောင်း
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာပြည်သူတွေကို နှစ်သစ် နှုတ်ခွန်းဆက်သရာမှာ မြန်မာပြည်သူတွေနဲ့ အတူ တသားတည်းရှိနေကြောင်း ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကိုလည်း မြန်မာပြည်သူတွေ ဦးဆောင် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာပါ။
"မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ ပြည်သူကပဲ ဦးဆောင်တာ ဖြစ်ရပါမယ်။ ဖြေရှင်းတဲ့အခါမှာလည်း ပြည်သူတွေရဲ့ဆန္ဒ၊ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်တွေ လိုလားတဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ၊ တန်းတူအခွင့်အေ'ရး၊ တရားမျှတမှု ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ အခြေခံမူတွေကို ထင်ဟပ်မှု ရှိစေရမှာ ဖြစ်ပါတယ်။" လို့ နှစ်သစ်ကူးအကြို သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှာ ပြောဆိုသွားခဲ့တာပါ။
အားလုံးအတွက် ပိုကောင်းတဲ့အနာဂတ်ရအောင် ပုံဖေါ်တဲ့အခါမှာ မြန်မာပြည်သူတွေချည်း သက်သက် ဆောင်ရွက်ရတာ မျိုးမဟုတ်ပဲ အထူးကိုယ်စားလှယ်ပါ ပါဝင်ပြီး ပြည်သူတွေရဲ့ အသံတွေကို ဂရုတစိုက်နားထောင်မှာ ဖြစ်သလို ပြည်သူတွေဆီက လေ့လာသင်ယူပြီး ပြည်သူ့ဆန္ဒကို နားလည်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ကတိပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်သစ်ဟာ စိတ်ဓာတ်ခွန်အားတွေ အသစ်တဖန် ရရှိစေမယ့်နှစ်၊ ပြန်လည်ထူထောင်ရေး နှစ်အဖြစ် သဘောထားကြဖို့လည်း အထူးကိုယ်စားလှယ် Heyzer က ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။
စင်္ကာပူနိုင်ငံသူ အထူးကိုယ်စားလှယ် Heyzer ကိုတော့ အောက်တိုဘာလမှာ တာဝန်သက်တမ်း ကုန်ဆုံးသွားတဲ့ ဆွစ်ဇာလန်နိုင်ငံသူ Christine Burgener ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ထားတာ ဖြစ်ပါတယ်။
= = ={ Unicode }= = =