လွန်ခဲ့တဲ့လေးနှစ်တုန်းက ပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားခရီးသည်တင်လေယာဉ် MH370 နဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်ပြီးပျောက်ဆုံးခဲ့ရသလဲဆိုတာ အခုထိ အဖြေရှာမရသေးပဲဖြစ်နေပါတယ်။ လေယဉ်ပျောက်ဆုံးမှုနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို မလေးရှားဦးဆောင်တဲ့ အဖွဲ့ဝင်၁၉ဦးပါ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တခုက လုပ်ဆောင် နေတာဖြစ်ပြီး ဒီအဖွဲ့က ပြုစုထားတဲ့ အစီရင်ခံစာတစောင်ကို မနေ့တုန်းကပဲထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။
လွန်ခဲ့တဲ့၂၀၁၄ခုနှစ် မတ်လ၈ရက်နေ့တုန်းက ခရီးသည်၂၃၉ဦးကိုတင်ဆောင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ကနေ တရုတ်နိုင်ငံမြို့တော်ပေကျင်းကိုပျံသန်းလာခဲ့တဲ့မလေးရှားလေကြောင်း MH370 Boeing 777 လေယဉ်ဘယ်လို ပျောက်ဆုံးခဲ့ရသလဲဆိုတာနဲ့ပတ်သက်လို့ အချိန်လေးနှစ်ကျော်ကြာလာပေမဲ့လည်း အဖြေမထွက်နိုင်ပဲဖြစ်နေပါတယ်။ လေယဉ်ပျောက်ဆုံးမှုစုံစမ်းစစ်ဆေးတာနဲ့ပတ်သက်ပြီး စာမျက်နှာထောင့်ငါးရာရှိတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး သတင်း စာရှင်းလင်းပွဲတခုကိုလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မနေ့ကကျင်းပခဲ့ပါတယ်။ လေယဉ်ဘာာကြောင့် ပျောက်ဆုံးရ သလဲဆိုတဲ့အချက်ကို အခုထိအတည်မပြုနိုင်သေးတဲ့အကြောင်း စုံစမ်းရေးအဖွဲ့ရဲ့ခေါင်းဆောင် Kok Soo Chonက သတင်းထောက်တွေကိုပြောပါတယ်။
"လေယဉ်မှုးအပြင်တခြားလူတဦးဦးက ဒီလေယဉ်ကိုမောင်းနှင်ခဲ့သလားဆိုတဲ့အချက်ကို ကျနော်တို့အတည်မပြုနိုင်ပါဘူး။ အခုကိစ္စမှာ တခြားအဖွဲ့အစည်းတခုခုက တရားမဝင်နည်းနဲ့ပတ်သက်နေသလားဆိုတဲ့အချက်ကိုလည်း ကျနော်တို့ဘေး ဖယ်ထားလို့မဖြစ်နိုင်သေးပါဘူး။"
လေယဉ်မှုးတွေကို ဓါးစာခံအဖြစ်အသုံးချပြီးတဦးဦးက လေယဉ်ကို ထိမ်းချုပ်ခဲ့လေသလားဆိုတဲ့ သံသယကရှိနေသေး တယ်ဆိုပေမဲ့လည်း ဘယ်အဖွဲ့အစည်းကမှ လေယဉ်ကိုပြန်ပေးဆွဲတယ်လို့လည်းပြောဆိုတာမရှိသလို၊ ငွေဘယ်လောက် နဲ့ဓါးစာခံတွေပြန်ရွေးပါဆိုတဲ့ ပြန်ပေးငွေတောင်းတာ၊ ဒါမှမဟုတ် ဘာနဲ့အလဲအလှယ်လုပ်မယ်ဆိုတဲ့ တောင်းဆိုတာတွေလည်းမရှိပဲဖြစ်နေတယ်လို့ဆိုပါတယ်။
တကယ်လို့လေယဉ်အပျက်အစီးအပိုင်းအစတွေကို ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်တော့ ဘာကြောင့်အခုလိုဖြစ်ရသလဲဆိုတာ ကို စုံစမ်းစစ်ဆေးသူတွေက ထုတ်ဖေါ်နိုင်လိမ့်မယ်လို့လည်း စုံစမ်းရေးအဖွဲ့ခေါင်းဆောင် Kok Soo Chonကပြောပါတယ်။
"လေယဉ်ပျံသန်းမှုဆိုင်ရာသတင်းအချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ လေယဉ်မှုးအခန်းထဲက မှတ်တမ်းတင် စက်၊ အသံဖမ်းစက်တွေ အပါအဝင် လေယဉ်ထဲမှာရှိတဲ့ တခြားမှတ်တမ်းတင်ကိရိယာတွေကို ရှာတွေ့မယ်ဆိုရင်တော့ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ဘာကြောင့်လေယဉ်ပျံသန်းခဲ့ရသလဲဆိုတာကိုသိရနိုင်ပါလိမ့်မယ်။ အခုအဲဒီလို သက်သေ အထောက်အထားတွေ မတွေ့ရသေးပါဘူး။"
လေယဉ်ပေါ်မှာလိုက်ပါသွားခဲ့ကြတဲ့ခရီးသည်တွေနဲ့ လေယဉ်ဝန်ထမ်းတွေရဲ့မိသားစုတွေကတော့ မနေ့ကထုတ်ပြန်တဲ့စုံ စမ်းစစ်ဆေးမှုအစီရင်ခံစာကို စိတ်ပျက်တယ်လို့ဆိုကြပါတယ်။ အဖြေမရှိတဲ့မေးခွန်းမြောက်များစွာနဲ့ စုံစမ်းစစ်ဆေးမှုတွေ ကြားမှာ ကွာဟမှုတွေရှိနေတယ်လို့လည်းဆိုပါတယ်။ မလေးရှား၊ သြစတေးလျှနဲ့တရုတ်နိုင်ငံတွေပူးပေါင်းပြီး အိန္ဒိယ သမုဒ္ဒရာရဲ့အောက်ပိုင်းကြမ်းပြင်တဝိုက် မိုင်ငါးဆယ်ကျော်ပတ်လည် ရှာဖွေမှုပြုလုပ်တာတွေကို ၂၀၁၇ခု ဇန်နဝါရီလ တုန်းက ရပ်ဆိုင်းခဲ့ပါတယ်။ ဒီရှာဖွေမှုက အမေရိကန်ဒေါ်လာ သန်း၁၅၀ကျော်ကုန်ကျခဲ့ပါတယ်။ အရာရှိတွေအဆုံးသတ် ပြောဆို တာကတော့ လေယဉ်ပျက်ကျတဲ့နေရာက အိန္ဒိယသမုဒ္ဒရာရဲ့မြောက်ဘက်စွန်းမှာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
လေယဉ်ပေါ်မှာလိုက်ပါသွားခဲ့ကြတဲ့ခရီးသည်တွေရဲ့မိသားစုဝင်တွေက ဖိအားတွေဝိုင်းပေးကြတာကြောင့် အမေရိကန် အခြေစိုက် Ocean Infinity လို့ခေါ်တဲ့စူးစမ်းရှာဖွေရေးကုမ္ပဏီနဲ့ အရင်မလေးရှားအစိုးရတို့သဘောတူညီမှုထားပြီး အခုနှစ်ဆန်း ဇန်နဝါရှလမှာ လေယဉ်ရှာဖွေရေးလုပ်ငန်းတွေ ပြန်စခဲ့ပါတယ်။ အဲဒီသဘောတူညီမှုကတော့ ပျောက်ဆုံး နေတဲ့ MH370 လေယဉ်ပဲဖြစ်ဖြစ်၊ လေယဉ်မှာပါတဲ့ အချက်အလက်မှတ်တမ်းတင်ကိရိယာတွေပဲ ဖြစ်ဖြစ်၊ Black Box လို့ခေါ်တဲ့လေယဉ်ပျံသန်းမှုမှတ်တမ်းတင်စက်တွေကိုပဲဖြစ်ဖြစ် ရှာဖွေနိုင်တယ်ဆိုရင် အဖိုးအခပေးမယ်ဆိုတာပါပဲ။ Ocean Infinity ကုမ္ပဏီဘက်ကလည်း ရှာတွေ့တယ်ဆိုရင် ဒေါ်လာသန်း၇၀ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ကမ္ဘာ့ အကောင်းဆုံး အဆင့်မြင့်နည်းပညာကိရိယာတွေသုံးပြီး ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိုင်ပေါင်းလေးသောင်း သုံးထောင် ကျော်ပတ်လည်ကို အချိန်သုံးလကြာရှာဖွေမှုတွေလုပ်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မေလတုန်းကပဲ Ocean Infinity ကုမ္ပဏီက သူတို့ရဲ့ရှာဖွေမှုကို လက်လျှော့ပြီလို့ကြေညာခဲ့ပါတယ်။