သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ဖမ်းထားတဲ့ လွှတ်တော်အမတ်ပြန်လွှတ်ရေး NLD တောင်းဆို


ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း။ (ဓာတ်ပုံ - အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်)
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း။ (ဓာတ်ပုံ - အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်)

(Zawgyi / Unicode)

ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဟာ ငြိမ်းချမ်းရေး ကြိုးပမ်းနေမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မတရားဖမ်းဆီးထားတဲ့အတွက်လည်း ပြင်းထန်စွာ ရှုတ်ချတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ နိုဝင်ဘာ ၃ ရက်နေ့တည်းက ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းသွားခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့တုန်းက ပလက်ဝကနေ ကျောက်တော်ကိုအသွား ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံသားအချို့၊ စကားပြန်အချို့နဲ့ စက်လှေမောင်းသူ စုစုပေါင်း ၁၀ ယောက်ကို AA က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားစဉ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ယောက်က အမောဖောက် သေဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းကလွဲလို့ ကျန်တဲ့သူအားလုံးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးဝှေ့တင်းဟာ AA ကိုတိုက်နေတဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး AA အဖွဲ့ရဲ့ သတင်းအချက်တွေကို စုံစမ်းဖို့ ခူမီးလူငယ်အဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းတဲ့အပြင် နိုင်ငံရေးအရ AA တပ်ဖွဲ့ကို တိုက်ခိုက်နေသူဖြစ်တာကြောင့် ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပြီး ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာ မပြောနိုင်သေးဘူးလို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေဖမ်းဆီးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့အဖွဲ့ကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်နားကနေ ပြီးခဲ့တဲ့ တနင်္ဂနွေ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး AA အဖွဲ့က ဖမ်းဆီးထားတဲ့ တခြားသူတွေ ပြန်လွတ်လာပေမယ့် ဦးဝှေ့တင်းကို မလွှတ်ပေးသေးတဲ့အတွက် သူလွတ်မြောက်ရေး တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် - AA က ဖမ်းထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ ဆရာတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတဲ့ ကြေညာချက် ဒီကနေ့ပဲ ထုတ်ပြန်လိုက်တယ်နော်။

ဒေါက်တာမျိုးညွန့် - “ဟုတ်ပါတယ်ခင်ဗျ၊ ကျနော်တို့ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုက ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် ကျနော်တို့ ချက်ချင်း ကြေညာချက် မထုတ်ဘဲနဲ့ ကျနော်တို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ သို့သော် တပတ်လောက် ကြာတဲ့အခါမှာတော့ ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်လာရတယ်။ နောက်ပြီး ပိုမိုပြီး ကြာလာတာနဲ့အမျှ ထိန်းသိမ်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအတွက်လည်း ပိုပြီး တာဝန်ကြီးလာမယ်။ သူ့ရဲ့ နိုင်ငံရေး မူဝါဒတွေအပေါ်မှာလည်း ဝေဖန်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဒီလို ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ကျနော်တို့ ကန့်ကွက်ရှုတ်ချကြောင်း၊ နောက်ပြီးတော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အကြောင်း၊ ဦးဝှေ့တင်းဟာ သာမန်ပြည်သူတယောက် မဟုတ်ဘဲ ပြည်သူအများကနေ မဲပေးရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တဦး ဖြစ်တဲ့အတွက် သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်းပေါ့လေ။ ဒါကို ကျနော်တို့က ကြေညာချက်ထွက်တာပါ။”

ကိုဇော်ဝင်းလှိုင် - ခုလို ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး NLD က ငါးရက် စောင့်ဆိုင်းခဲ့တယ် ဆိုတာက ဆရာတို့ဘက်က Clarify လုပ်ချင်လို့၊ သဘောက အတိုင်းအတာတခုအထိ AA ဘက်ကို အချိန်ပေးတယ်ဆိုတဲ့ သဘောလား၊ အဲဒါလေး နည်းနည်းရှင်းပြပါ။

ဒေါက်တာမျိုးညွန့် - “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကျနော်တို့ ပြစ်တင်ဝေဖန်မှုကို အင်မတန် သတိထားပါတယ်။ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာ တဦးနဲ့တဦး ယုံကြည်မှုရှိမှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ချင့်ချင့်ချိန်ချိန်လုပ်တဲ့ သဘောပါပဲခင်ဗျ။”

ကိုဇော်ဝင်းလှိုင် - အဲတော့ အခု ကြေညာချက်ထုတ်တာတော့ ဟုတ်ပါပြီ။ NLD ကတော့ ပါတီအနေနဲ့ ကိုယ့်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက် ထိန်းသိမ်းခံထားရတဲ့ အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်ပေါ့။ ဒါပေမယ့် AA ဘက်က တုံ့ပြန်တာမျိုး ဘာများ ရထားပါပြီလဲ၊ ဒါမှမဟုတ် ဆရာတို့ ဘယ်လိုများ မျှော်လင့်ထားပါလဲ။

ဒေါက်တာမျိုးညွန့် - “ကျနေ်ာတို့ကတော့ အကောင်းဆုံး မျှော်လင့်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဘယ်လိုတုံ့ပြန်မှုမျိုးမှ မတွေ့ရသေးပါဘူး။”

ကိုဇော်ဝင်းလှိုင် - အခုဟာက ရှင်းရှင်းပြောရရင် ဒါက အစိုးရနဲ့တော့ တိုက်ရိုက်ဆိုင်တာပေါ့။ ကျနော်ပြောချင်တာက အခု မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ထဲမှာလည်း AA က ပါနေတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာတွေလည်း လုပ်နေတယ်။ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဒီဟာက အစိတ်အပိုင်းအဖြစ် ပါနေတော့ အစိုးရနဲ့လုပ်နေတဲ့ ကိစ္စတွေကို သွားပြီးတော့ ထိခိုက်မလား။ အခုလိုမျိုး လွှတ်တော်အမတ်တဦးကို ပြန်ပေးဆွဲတယ်၊ ထိန်းသိမ်းတယ်ဆိုတဲ့ ကိစ္စကလေ။

ဒေါက်တာမျိုးညွန့် - “ကျနော်ပြောခဲ့ပါပြီ။ ကျနေ်ာတို့က အကောင်းမြင်ပါတယ်။ အဲတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အသုံးချပြီးတော့ ဆက်သွယ်ဆောင်ရွက်ခြင်း အားဖြင့်လည်း ဦးဝှေ့တင်း လွတ်မြောက်ရေးမှာ တနည်းတဖုံ အခွင့်အလမ်း ရနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ကိုဇော်ဝင်းလှိုင် - ဆရာတို့ဘက်က NLD ပါတီအနေနဲ့ရော သူ့ကိုဆက်သွယ်နိုင်ဖို့၊ ဒါမှမဟုတ် သူ့ကိုထိန်းသိမ်းထားတဲ့သူတွေကို တိုက်ရိုက်ဆက်သွယ်ပြီး စကားပြောခွင့်ရဖို့ ကြိုးစားတာတွေ ရှိနေပြီလားဆရာ။

ဒေါက်တာမျိုးညွန့် - “ကျနော်တို့ NLD ပါတီက သာမန်နိုင်ငံရေးပါတီ တခုပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ တိုက်ရိုက်ဆက်သွယ်ရင် ကျနော်တို့ မတရားအသင်း ဆက်သွယ်မှု ဖြစ်သွားမှာပါ။ ကျနော်တို့ လုပ်ခွင့်မရှိပါဘူး၊ ဥပဒေအရ။”

ကိုဇော်ဝင်းလှိုင် - အခု ကြေညာချက်ထုတ်ပြီး နောက်မှာ လွှတ်ပေးဖို့ NLD ပါတီအနေနဲ့ တောင်းဆိုပြီးတဲ့နောက်မှာ ဘယ်လောက်အထိ ရက်ကို စောင့်ဆိုင်းမယ်ဆိုတာမျိုး ဆရာတို့ သတ်မှတ်ထားတာမျိုးများ ရှိပါသလား။ NLD ခေါင်းဆောင်ပိုင်းက။

ဒေါက်တာမျိုးညွန့် - “နိုင်ငံရေးပါတီတခုက မိမိရဲ့ ရပ်တည်ချက် မူဝါဒကို ထုတ်ဖော်ပြောတာက ဒါ သူ့ရဲ့ အများဆုံး လုပ်ကိုင်နိုင်မှုပါ။ ပြည်သူတွေကတော့ ချင်းလူမျိုးတွေက ခရစ်ယာန်ဘာသာကို ယုံကြည်မှုများတဲ့အတွက် ဆုတောင်းတာတွေ၊ ဒါ မိမိတို့ရဲ့ စုရုန်းပြီးတော့ ဆန္ဒထုတ်ဖော်တယ်။ ဒါ ပြည်သူတွေက မိမိတို့ ဆန္ဒအလျောက် ပြုလုပ်လာနိုင်ပါတယ်။”

ကိုဇော်ဝင်းလှိုင် - နောက်တခုက NLD ပါတီဟာဆိုရင် သာမန်ရိုးရိုး နိုင်ငံရေးပါတီ မဟုတ်ဘူး။ လက်ရှိ အာဏာရပါတီ ဖြစ်နေတယ်။ အစိုးရအဖွဲ့ထဲမှာလည်း NLD ပါတီ ခေါင်းဆောင်ပိုင်းကလူတွေ ပါနေတော့ အစိုးရကိုရော တိုက်ရိုက် တိုက်တွန်းပြောဆိုတာ သူ လွတ်မြောက်ဖို့အတွက် လုပ်ကိုင်ပေးဖို့ ပါတီကိုယ်စား တောင်းဆိုတာမျိုးရော လုပ်တာတွေ ရှိပါသလား၊ စကားပြော ဆွေးနွေးတာတွေ ရှိပါသလား ဆရာ။

ဒေါက်တာမျိုးညွန့် - “ကျနော်တို့ ခုထိတော့ မရှိပါဘူး။ လိုအပ်ရင်တော့ ကျနေ်ာတို့က တိုက်တွန်းမှုတွေတော့ လုပ်သွားမှာပါ။”

---------------------------------------

(Unicode)





















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG