သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ စတင်ကျင်းပ


NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ-NLD)
NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ-NLD)

အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒီကနေ့ စတင်ကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကနေ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပါတီတွင်း အပြောင်းအလဲတွေပေါ်ပေါက်လာဖို့ အများက မျှော်လင့်နေပါတယ်။ တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေပါ တက်ရောက်လာကြတဲ့ ၂ ရက် ကြာ ညီလာခံမှာ အရပ်သားအစိုးရကို ဦးဆောင်နေတဲ့ NLD ပါတီအနေနဲ့ ပါတီရဲ့ အနာဂတ်နဲ့ ရှေ့လမ်းစဉ်တွေကို ဆွေးနွေးမယ်လို့လည်း ခန့်မှန်းထားကြ တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေနဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးက ပါတီဝင်ပေါင်း တစ်ထောင့်နှစ်ရာကျော် တက်ရောက်တဲ့ အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကို ဒီကနေ့ စတင်ကျင်းပပါတယ်။ ပါတီညီလာခံ ပထမနေ့မှာတော့ ပါတီ ဗဟိုကော်မတီ ဝင်တွေ ဘက်က NLD အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ လူမှု စီးပွားဘဝ တိုးတက်မြင့်မားရေး အပါအဝင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး၊ NLD အစိုးရ အဖွဲ့ရဲ့မူဝါဒ၊ လမ်းစဉ်တွေကို ဝန်းရံရေးတွေ ပါဝင်တဲ့ နိုင်ငံရေးအစီရင်ခံစာကို မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် တင်သွင်းပါ တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ရည်မှန်းချက်အောင်မြင်ရေး အဓိက ဆောင်ရွက်သွားကြမှာ ဖြစ်တယ် လို့လည်း ဗဟိုကော်မတီဝင်တွေက စည်းရုံးရေးအစီရင်ခံစာ တင်သွင်းကြပါတယ်။

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံရဲ့ ပထမနေ့ သဘာပတိ ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ နိုင်ငံံ့တာဝန်တွေကို လွှဲပြောင်း တာဝန်ယူခဲ့တဲ့အချိန်ကစလို့ အခုချိန်အထိ စိန်ခေါ်မှု အခက်အခဲများ၊ ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်တယ်လို့ သဘာပတိမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

“အခု ညီလာခံံကြီးကျင်းပတဲ့ကာလဟာ အဖွဲ့ချုပ်အပေါ် နိုင်ငံ့တာဝန်တွေကို လွှဲပြောင်း တာဝန်ပေးခဲ့တာဟာ အခုဆိုရင် နှစ်နှ်စ်ကျော်ကာလ ရောက်ရှိခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူခဲ့တဲ့အချိန်ကနေ စပြီးတော့ စိန်ခေါ်မှုတွေ၊ ဖိအားပေးမှုတွေ၊ အခက်အခဲပေါင်း မြောက်များစွာနဲ့ ရင်ဆိုင်ဖြတ်သန်း ဆောင်ရွက်ခဲ့ရပါ တယ်။ ဆက်လက်ပြီးတော့လည်း အခက်အခဲများ ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေ၊ အနေအထားတွေကိုလည်းပဲ ကျနော်တို့ မျှော်တွေးထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်လမ်းညွှန်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များနဲ့ လုပ်ဆောင်ပြီးတော့ စုပေါင်းအားနဲ့ ဆောင်ရွက်သွားကြမယ် ဆိုလို့ရှိရင် အမှန်တကယ် အောင်မြင်မှုဟာ မြေကြီးလက်ခတ်မလွဲ ရရှိမယ်ဆိုတာကို ယုံကြည်ပါတယ်။”

အခုလိုနိုင်ငံလုံးဆိုင်ရာပါတီညီလာခံတရပ်ကျင်းပရတာကတော့ NLD အရပ်သားအစိုးရ လက်ထက် ဆောင်ရွက်သင့်တာတွေကို ပြန်လည်သုံးသပ်တဲ့ အနေနဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်ပေါ်လစီတွေ ချမှတ်နိုင်ရေး အရေးကြီး တဲ့ အစည်းအဝေးအနေနဲ့ ကျင်းပရတာ ဖြစ်တယ်လို့ ပါတီညီလာခံကို တက်ရောက်နေတဲ့ NLD ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ငါးနှစ်ပြည့်တဲ့အခါမှာ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံလုပ်တယ်လေ။ အဲဒီတော့ ပြည်သူကို ဘာပြောချင်လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆိုရင် ဆောင်ရွက်ခဲ့တဲ့ အခြေ အနေတွေ အပေါ်မှာ မူတည်ပြီးတော့ ပြန်လည်သုံးသပ်ခြင်းတွေရော၊ ဆောင်ရွက်ထားရှိတဲ့ အနေအထားရော အနာဂတ်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အစည်းအဝေးဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒီနေ့ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာ စာတမ်း၊ စည်းရုံးရေးဆိုင်ရာ အစီရင်ခံစာစာတမ်းတွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ချပြပြီးတဲ့အခါမှာ ...ဗဟိုကော်မတီဝင်တွေပေါ့- CC တွေလေ၊ ဒီနေ့ CC တွေကို ရွေးခြယ်တယ်။”

NLD ပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းထိန် ၊ ဦးဉာဏ်ဝင်းတို့ အပါအဝင် NLD ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပြည်နယ်တိုင်း အစိုးရ အဖွဲ့က ဝန်ကြီးချုပ်တွေ ပါ တက်ရောက်တဲ့ ဒီနိုင်ငံလုံးဆိုင်ရာညီလာခံကနေ လက်ရှိနိုင်ငံရေးအပေါ်သုံးသပ်ချက် အစီရင်ခံစာတွေ နိုင်ငံအတွက် ရှေ့ဆက် လှမ်းမယ့် နိုင်ငံရေးဆိုင်ရာမူဝါဒ လမ်းစဉ်တွေကို ချပြမှာဖြစ်တဲ့အတွက် စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်လို့လည်း မြန်မာ့နိုင်ငံရေး အကဲခတ် ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“အထူးသဖြင့် NLD လို အစိုးရဖွဲ့ထားတဲ့ နိုင်ငံရေးပါတီတရပ်အဖို့ ပြောရမယ်ဆိုရင် ဒီ ညီလာခံက ထွက်လာတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တဲ့ အစီရင်ခံစာပေါ့၊ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘဏ္ဍာရေး အစရှိသဖြင့် အဲဒါတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာ တရပ်တင်ပြီးတော့ အစိုးရပေါ်လစီလည်း ဖြစ်တဲ့အတွက်ကြောင့် ပေါ်လစီဖြစ်လာမှာလည်း အရေးကြီးပါတယ်။ ဘယ်လို နိုင်ငံရေးအစီရင်ခံစာတွေ တင်သွင်းမလဲ၊ ဘယ်လို လမ်းစဉ် ပေါ်လစီတွေ ချမှတ်မလဲ၊ ဘယ်လို နိုင်ငံရေးနဲ့ပတ်သက်တာ၊ စီးပွားရေးနဲ့ပတ်သက်တာတွေ-- အဓိက ကတော့ အဲဒါတွေ ဘယ်လို ထွက်လာမလဲဆိုတာတော့ ပိုစိတ်ဝင်စားဖို့ ကောင်းမယ် ထင်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး နိုင်ငံရေးခြေလှမ်းတရပ်အနေနဲ့ ကျင်းပတဲ့ ဒီနိုင်ငံလုံး ဆိုင်ရာညီလာခံမှာတော့ ပါတီ ထိပ်သီးခေါင်းဆောင်တွေဘက်က NLD အစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပေးရေးအပါအဝင် ပြည်သူကို ပေးခဲ့တဲ့ရွေးကောက်ပွဲကတိတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်တာတွေ၊ ခိုင်မာတဲ့ မူဝါဒလမ်းစဉ်တွေကို ချမှတ်နိုင်မှသာ အခြေအနေကောင်းနိုင်မယ်လို့လည်း နိုင်ငံရေး လေ့လာ သုံးသပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းက ပြောပါတယ်။

“ကျနော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်တွေနဲ့ပတ်သက်လို့ရှိရင် ဘယ်အပိုင်းတွေ၊ ဘယ်အပိုင်းတွေကိုတော့ ကျမတို့၊ ကျနော်တို့ ဆောင်ရွက်နိုင်မယ်၊ ဘယ်အပိုင်းတွေ ဘယ်အပိုင်းတွေကိုတော့ မဆောင်ရွက်နိုင်သေးဘူး- ဥပမာအားဖြင့် - ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး- ဆိုတာကို ရွေးကောက်ပွဲကတိအနေနဲ့ ပေးခဲ့တယ်။ ဘာကြောင့် မပြင်နိုင်သေးလဲဆိုတာကို ကောင်းစွာနားလည်အောင် ရှင်းပြဖို့ လိုလိမ့်မယ်-နော်။ အဓိက အရေးကြီးတဲ့ ပြည်သူလူထုအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်၊ လူထုအတွက် စားဝတ်နေရေးတွေ ချောင်လည်လာအောင် NLD အစိုးရက ဘယ်လို နေရာက ချမှတ်ထားတယ်ဆိုတာကို ပြောပြဖို့လိုတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ အစ ဒီကနေ့ ပထမနေ့မှာတော့ နိုင်ငံရေးအစီရင်ခံစာတွေ တင်သွင်းသလို ပြည်နယ်နှင့်တိုင်းအလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်ခံမယ့်သူတွေထဲက ပြည်နယ်၊ တိုင်းအလိုက် သတ်မှတ် ထားတဲ့ ဗဟိုကော်မတီဝင် အရေအတွက်အတိုင်း ရွေးကောက်တင်မြှောက်နိုင်ရေး တက်ရောက်လာတဲ့ ပါတီညီလာခံကိုယ်စားလှယ်တွေ ဘက်က ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်တာတွေ လုပ်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၃ ခုနှစ်က ပထမအကြိမ်ပါတီ ညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်မှာတော့ ဒုတိယအကြိမ် ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ MCC ခန်းမမှာ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့နဲ့ ဇွန်လ ၂၄ ရက်နေ့ နှစ်ရက်ဆက်တိုက်ကျင်းပနေတာဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယ အကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ညီလာခံ ဒုတိယနေ့ ပြီးဆုံးချိန် မနက်ဖြန် တနင်္ဂနွေနေ့ နေ့လည် (၃) နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG