သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွေးကောက်ပွဲသပိတ် စည်းရုံးရေး ကွင်းဆင်းကြပြီ


မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ လူထုအနေနဲ့ ရွေးကောက်ပွဲမှာ မိမိတို့ နှစ်သက်ရာပါတီ မပါဘူးဆိုရင် မဲမပေးဘဲ နေလိုက နေနိုင်ကြောင်း ရှင်းလင်း ဆွေးနွေးတာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုးမြှင့် ဆောင်ရွက်လာနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေဘက်ကို သွားရောက် ဆွေးနွေးနေကြသလို ချင်းပြည်နယ်ဘက်မှာလည်း သက်ဆိုင်ရာ ပါတီခေါင်းဆောင်တွေက လူထုအကြားမှာ ဆွေးနွေးတာတွေ ဆောင်ရွက်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒီလပိုင်းတွေ အတွင်းမှာတော့ ပါတီဝင်တွေနဲ့ လူထုအကြားမှာ ရှင်းလင်း ဆွေးနွေးတာတွေကို တိုးမြှင့် လုပ်ဆောင်လာပါတယ်။

ဒီရက်ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် ဘက်တွေကို သွားရောက် ဆွေးနွေးနေကြပါတယ်။

လောလောဆယ် မကွေးတိုင်း ပခုက္ကူဒေသဘက်ကို ရောက်ရှိနေတဲ့ ဦးဟံသာမြင့်က သူတို့ရဲ့ လက်ရှိ ရှင်းလင်းဆွေးနွေးတဲ့ အချက်တွေကို အခုလို ပြောပြပါတယ်။

“အဖွဲ့ချုပ်က နေပြီးတော့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ကိစ္စတွေကို လိုက်ဆွေးနွေးတာပါ။ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ရော၊ စိတ်ဝင်စားတဲ့ သူတွေနဲ့ရော ဆွေးနွေးခဲ့ပါတယ်။ သူတို့ ဥပဒေအရ ပြည်သူလူထုက ပိုင်ခွင့်တွေ ရှိပါတယ်။ အဲဒီပိုင်ခွင့်တွေကိုပဲ ရှင်းပြတာပါ။ နောက် ပြည်သူလူထု အနေနဲ့က ကိုယ်ကြိုက်တဲ့လူ မပါဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပါတီ မပါဘူးဆိုရင် မဲမပေးဖို့ဆိုတဲ့ ကိစ္စကို ပြောတာပါ။ အဲလောက်ပဲ လုပ်ပါတယ်။”

မကွေးတိုင်း ခရီးစဉ်မှာ မနေ့က ရေနံချောင်းမြို့မှာ ရှင်းလင်း ဆွေးနွေးရာမှာတော့ လူ ၁၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ရေနံချောင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တယောက်က ပြောပါတယ်။

“ကျနော်တို့ မနေ့က လူ ၁၀၀ လောက် တက်ရောက်တယ်ဗျ၊ ရေနံချောင်းမြို့နယ်မှာပေါ့။ ရွာကလူတွေလည်း များတယ်။ ကျေးလက်က များတယ်။ ကျနော်တို့ ရဲဘော်တွေ များတယ်ပေါ့။ မဲမပေးရေးကိစ္စပါပဲ။ အဲဒီကိစ္စကို ရှင်းတာပါ။ လူထုရဲ့ သဘောထားက အရင်ထက်စာရင်တော့ မဲမပေးရေးကိစ္စကို အာရုံ နည်းနည်းများလာပြီပေါ့နော်။ ကိုယ့်အိမ်မှာပဲ ကိုယ်နေလိုက်တော့မယ်ဆို ပြောလာကြပြီ၊ သူတို့ သဘောပေါက်လာပြီပေါ့။ အရင်ထက်စာရင်ပေါ့နော။ သဘောပေါက်လာကြပြီ။”

အမျိုးသမီးခေါင်းဆောင် ဒေါ်မေဝင်းမြင့်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ ဦးဆောင်တဲ့ အဖွဲ့ကတော့ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်ပြီး ဆွေးနွေးနေပါတယ်။

ဒီလို ဗဟိုခေါင်းဆောင်တွေက တိုင်းနဲ့ပြည်နယ်တွေကို သွားရောက်ပြီး ဆွေးနွေးတာတွေ ရှိနေချိန်မှာ ချင်းပြည်နယ် အတွင်းမှာလည်း သက်ဆိုင်ရာ ခေါင်းဆောင်တွေက မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတာကို လူထုကြားမှာ ဆွေးနွေးတာတွေ လုပ်ဆောင်နေပါတယ်။

“ကျနော်တို့ NLD ဌာနချုပ်က သပိတ်မှောက်တယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးမှ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသလို မပေးပိုင်ခွင့်လည်း ရှိတယ်။ အဲဒါပဲ ပြည်သူကြားမှာ NLD အဖွဲ့ဝင်တွေက လက်ဆင့်ကမ်းတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားကိုပဲ လက်ဆင့်ကမ်းနေတာပါ။

“ကြားသလောက် လူတွေကတော့ မပေးဖို့ ဆုံးဖြတ်ထားတဲ့ လူတွေလည်း ရှိသလိုပေါ့လေ၊ ပေးမှ ဖြစ်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ သူတွေလည်း ရှိတယ်။ ဒါလည်း သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ပေါ်မှာပဲ မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာကို ကြားတဲ့သူတွေကတော့ ထောက်ခံတဲ့သူတွေ များပါတယ်။”

ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဘန်လျန်း ပြောသွားတာ ဖြစ်ပါတယ်။

ဒီလ ၉ ရက်နေ့ကလည်း ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေကို သွားရောက် ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခုလို ဆွေးနွေးတာတွေ ရှိနေချိန်မှာ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ ရတယ်လို့ ဖော်ပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး၊ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ကျင့်သုံးတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်းတွေကို မြန်မာပြည်အနှံ့မှာ ပို့ချနေပါတယ်။

ပြည်သူအများစုကတော့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေ ထုတ်ပြန်နေပေမဲ့ ထူးထူးခြားခြား စိတ်ဝင်စားသူ သိပ်မရှိဘူးလို့ သိရပါတယ်။

XS
SM
MD
LG