ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ အစိုးရ၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီဟာ ၂၀၁၇ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ် တင်သွင်းရာမှာ ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်နဲ့ဆိုင်တဲ့ အမိန့်ကြေငြာစာ တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ အစိုးရသစ်ရဲ့ ပထမဦးဆုံးသော ကားတင်သွင်းခွင့် ဆိုင်ရာ ပေါ်လစီလို့ ပြောရမယ့် အဲဒီသတ်မှတ်ချက်တွေအရ လာမယ့်နှစ် ကားဈေးကွက် အခြေအနေ ဘယ်လိုဖြစ်လာမယ်၊ အဲဒီအခြေအနေဟာ ပြည်သူလူထုနဲ့ တိုင်းပြည်စီးပွားရေးကို အကျိုးပြုမပြု မပြောနိုင်သေးပေမယ့် တစ်ပတ်၊ဆယ်ရက်လောက်အတွင်း ပြည်တွင်းမှာ ကားဈေးတွေ မြင့်တက်သွားခဲ့ပါပြီ။ ဒါ့အပြင် ကုမ္ပဏီတွေကလည်း ကားတင်သွင်းခွင့် ပေါ်လစီ မပြောင်းခင် လာမယ့် ဒီဇင်ဘာ ၂၃ ရက်မတိုင်ခင် ဂျပန်တစ်ပတ်ရစ် ကား အများအပြား တင်သွင်းထားကြဖို့ ကြိုးစားနေတဲ့အတွက် ဒေါ်လာဈေးဟာလည်း မကြုံဘူးလောက်အောင် သမိုင်းတလျောက် အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဒေါ်လာ ကျပ်ငွေ ၁၃၇၀ကျော်ကို ရောက်သွားခဲ့ပါပြီ။ အစိုးရရဲ့ ကားတင်သွင်းခွင့်ပေါ်လစီ ဘာမှားနေသလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
လက်ရှိ အစိုးရသစ် ချမှတ်လိုက်တဲ့ ပြည်ပကနေ ကားတင်သွင်းခွင့် ပေါ်လစီဟာ အသစ်တော့ မဟုတ်ပါဘူး။ အရင် အစိုးရဟောင်းက ချမှတ်ခဲ့တဲ့ ပေါ်လစီကိုပဲ နည်းနည်း ပြန်မွမ်းမံလိုက်တာပါ။ အရင်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့ ၂၀၁၁ မတိုင်ခင်တုန်းကဆိုရင် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့လူစီးကား အများစုဟာ အိုမင်းဟောင်းနွမ်း ဆွေးမြေ့နေတဲ့ ကားတွေလောက်ပဲ ဖြစ်ပြီး ဈေးနှုန်းကလည်း ဘယ်နိုင်ငံနဲ့မှ မတူအောင် ခေါင်ခိုက်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင် အရင် စစ်အာဏာရှင်တွေက ဖန်တီးထားတာပါ။ ဦးသိန်းစိန် အစိုးရအဖွဲ့ တက်လာတော့ အဲဒီအခြေအနေကို ဖြေလျော့နိုင်အောင် ကားဟောင်းအပ်၊ တစ်ပတ်ရစ် ကားတစ်စီး တင်သွင်းခွင့် ပါမစ် တစ်စောင် ထုတ်ပေးတဲ့ စလစ်ကပ် စနစ် ကျင့်သုံးခဲ့သလို၊ သာမန်ပြည်သူတွေ အနေနဲ့ လူတစ်ယောက် ကားတစ်စီးစီ တင်သွင်းခွင့်ပေးတဲ့ စနစ် ကျင့်သုံးခဲ့ပါတယ်။
အဲဒီ စနစ်မှာ အမှားအယွင်းတွေ အများကြီး ရှိခဲ့ပါတယ်။ စလစ်ကပ် စနစ်ကြောင့် စစ်အာဏာရှင်ခေတ်က အိုမင်းဟောင်းနွမ်း ဆွေးမြေ့နေတဲ့ ကားတွေ သံရေကြိုစက်ရုံကို ရောက်သွားခဲ့ပေမယ့်၊ အစားထိုးသွင်းလာတဲ့ကားတွေကလည်း တစ်ပတ်ရစ်တွေပဲမို့ သိပ်အဆင်ပြေလှတာတော့ မဟုတ်ပါဘူး။ ပြည်သူတွေကို လူတစ်ယောက် ကားတစ်စီးစီ တင်သွင်းခွင့်ပြုတယ် ဆိုပေမယ့် ပြည်သူတွေထဲမှာ ဘယ်သူ တစ်ဦးတစ်ယောက်မှ ကိုယ့်ဖာသာကိုယ် ပြည်ပကနေ ကားတင်သွင်းတတ်တာမျိုး မဟုတ်ပါဘူး။ ပွဲစားကုမ္ပဏီတွေကို အားကိုးပြီး တင်သွင်းရတဲ့ အခြေအနေမျိုးပဲ ဖြစ်ပေါ်ခဲ့တာပါ။ ပိုဆိုးတာက ဘယ်ဂိုင်း၊ ညာဂိုင်း မခွဲပဲ တင်သွင်းခွင့် ပြုထားတာမို့ သွင်းလာတဲ့ ဂျပန်တစ်ပတ်ရစ် ကား အများစုဟာ မြန်မာနိုင်ငံရဲ့ လက်ျာကပ်မောင်း လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေချည်းဖြစ်နေတာပါ။ မှတ်တမ်းတွေအရ လမ်းစနစ်နဲ့ မကိုက်တဲ့ ညာဂိုင်းကားတွေကြောင့် ယာဉ်မတော်တဆမှုတွေ အများကြီးဖြစ်တာ၊ လူအများအပြား သေကြေဒါဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
နောက်ပြသနာတစ်ခုက အခွန်အခ ကောက်ခံမှုစနစ်ပါ။ အခွန်အခ ကောက်ခံမှုစနစ်ကြောင့် အခွန်နဲ့ ယာဉ်မှတ်ပုံတင်ကြေး သက်သာတဲ့ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ကားတွေပဲ စုပြုံသွင်းလာကြပြီး ရန်ကုန်လို နေရာမျိုးမှာပဲ ကားတွေ စုပုံနေတာပါ။ နယ်တွေမှာ သုံးသင့်တဲ့ပစ်ကပ်လိုကားမျိုးက ဈေးကြီးတော့ တင်သွင်းသူ နည်းသလို၊ နယ်တွေမှာ ကားရှားပါးတဲ့ ပြသနာနဲ့ အသုံးတည့်ပြီး ဈေးသက်သာတဲ့ တရားမဝင် လိုင်စင်မဲ့ကားတွေ သုံးနေတဲ့ပြသနာကိုလည်း ဒီနေ့ထက်ထိ ကြုံနေရတာ ဖြစ်ပါတယ်။
တကယ့်တကယ်ဖြစ်သင့်တာက အစိုးရဟာ တင်သွင်းတဲ့ ကားမှန်သမျှ မြန်မာနိုင်ငံ လမ်းစနစ်နဲ့ ကိုက်ညီတဲ့၊ ယာဉ်အန္တရယ် လျော့နည်းစေမယ့် ဘယ်ဂိုင်းကားမျိုးတွေပဲ သွင်းခွင့်ပြုသင့်ပါတယ်။ အထူးသဖြင့် ဘတ်စ်ကားတွေ၊ ကုန်တင်ကားတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံက လမ်းအများစုဟာ နှစ်လမ်းသွားလောက်ပဲ ကျယ်ပြီး ကားတွေ ကျော်တက်တဲ့အခါ တစ်ဖက်ယာဉ်ကြောထဲ ဝင်ပြီးမှ ကျော်တက်လို့ ရပါတယ်။ ဒီအခါ ညာဂိုင်းကားက ကားမောင်းသူတွေဟာ မျက်နှာခြင်းဆိုင် ယာဉ်ကြောကနေ ကားတွေ၊ ဆိုင်ကယ်တွေ လာနေတာ မြင်ရလေ့ မရှိပါဘူး။ ဒီလိုနည်းနဲ့ မျက်နှာခြင်းဆိုင် ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်ပွား၊ နှစ်စဉ် ပြည်သူအများအပြား သေဆုံး၊ ဒါဏ်ရာရနေကြလို့ပါပဲ။ ဒီကြားထဲ ဘတ်စ်ကားတွေသာ ယာဉ်မတော်တဆမှုဖြစ်ရင် လူသေဆုံးမှု ပိုများတာ အားလုံးအသိပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံတွင်း ကားတင်သွင်းတာဖြစ်စေ၊ ထုတ်လုပ်ခွင့်ပြုတာ ဖြစ်စေ ဘယ်ဂိုင်းကားတွေ အဖြစ် သတ်မှတ်ဖို့ မလွဲမသွေ လိုအပ်နေတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဘယ်နိုင်ငံမှာမှ မရှိတဲ့ စလစ်ကပ်ကား တင်သွင်းခွင့်ပေးတဲ့ စနစ် ဖျက်သိမ်းပစ်ဖို့ ဖြစ်ပါတယ်။ အရင် စစ်အစိုးရ ခေတ်လွန်တုန်းကတော့ အိုမင်းဟောင်းနွမ်းဆွေးမြေ့နေတဲ့ ယာဉ်ပိုင်ရှင်တွေ သူတို့ယာဉ်တွေကို ဖျက်သိမ်းရအောင် မက်လုံးပေးတဲ့အနေနဲ့ အသုံးပြုခဲ့တဲ့ စနစ်ပါ။ စလစ်ကပ် ကားတွေပိုင်ရှင်တွေကို သာမန်ပြည်သူတွေ တင်သွင်းခွင့်မရတဲ့၊ မော်ဒယ်နှစ် ပိုနိမ့်တဲ့ကားတွေ တင်သွင်းခွင့်ပေးတာ၊ အခွန်ကို လျော့ကောက်တာတွေကြောင့် နောက်ပိုင်း အဲဒီ စနစ်ဟာ အခွင့်ထူးတစ်ခုလို ဖြစ်လာပါတော့တယ်။ ဒီလိုနည်းနဲ့ ဖျက်သိမ်းမယ့်၊ သံရေကြိုစက်ရုံ ပို့မယ့် ယာဉ်အိုယာဉ်ဟောင်းတွေရဲ့ ပေါက်ဈေး၊ တစ်နည်းအားဖြင့် စလစ်ဈေးဟာ အဲဒီကားတွေ နည်းလာလေလေ၊ ဈေးတွေ မြင့်တက်လာလေ ဖြစ်စေပါတယ်။ အခုနောက်ဆုံး ၂၀၁၇ ခုနှစ်အတွက် ကားတင်သွင်းခွင့် မော်ဒယ်နှစ် သတ်မှတ်ချက် ထွက်လာပြီးနောက် စလစ်တစ်စောင် ကျပ်ငွေ သိန်း ၁၂၀ နီးပါး ဖြစ်လာပါတယ်။
သဘောကတော့ သတ်မှတ်ချက်သစ်အရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အကြား ဂျပန်တစ်ပတ်ရစ်ကား ဝယ်ချင်သူတွေ အနေနဲ့ ကားဖိုး၊ တင်သွင်းစားရိတ်၊ အခွန်အခ၊ မှတ်ပုံတင် ဘာတစ်ခုမှ မပါပဲ အရင်ဦးဆုံး ကျပ်သိန်း ၁၂၀ ကုန်ကျရမယ့် သဘောဖြစ်နေလို့ပါပဲ။ ဒါကြောင့်လဲ တစ်ချို့ယာဉ်ပိုင်ရှင်တွေဆို ကိုယ့်ကားကို ကိုယ် နည်းပေါင်းစုံနဲ့ ဖျက်ဆီး၊ အရေကြိုဖို့သွားအပ်၊ စလစ်တစ်စောင်ရဖို့ ကြိုးစားနေတာမျိုးတွေကလည်း ဘယ်နိုင်ငံမှာမှ တွေ့နိုင်မှာ မဟုတ်တဲ့ ထူးဆန်းအံ့သြဖွယ်တွေပါပဲ။ တကယ်တော့ ဘယ်ကားကို ဖျက်သိမ်းသင့်တယ်ဆိုတာ အစိုးရက သတ်မှတ်ပေးဖို့ မလိုပါဘူး။ နိုင်ငံတကာမှာလို လမ်းပေါ်တက်ပြီး မောင်းနှင်ဖို့ သတ်မှတ် စံချိန်စံညွှန်းနဲ့ မကိုက်ညီရင် အဲဒီကားမျိုးကို လိုင်စင်သက်တမ်း တိုးမပေးဖို့ပါပဲ။ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး မောင်းနှင်နိုင်တဲ့ကား ဆိုရင် ပိုင်ရှင်က သူ့ဖာသာသူ နှစ်ပေါင်းဘယ်လောက်သုံးသုံး အသုံးပြုခွင့်ပေးတာမျိုး ဖြစ်သင့်ပါတယ်။
နောက်ပြသနာတစ်ခုက လက်ရှိ အစိုးရရဲ့ ကားတင်သွင်းမှုအပေါ် ကောက်တဲ့အခွန်နဲ့ အခြားနိုင်ငံမှာ မရှိတဲ့ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံမှု ပမာဏ များပြားနေတာပါ။ ဒါကြောင့်လည်း လက်ရှိ ဂျပန်နိုင်ငံမှာ ဒေါ်လာ ၃၀၀၀ ကျော်လောက် ဈေးနှုန်းရှိတဲ့ တစ်ပါတ်ရစ် ဟွန်ဒါဖစ် အမျိုးအစားကားဟာ ရန်ကုန်မှာ ဒေါ်လာ တစ်သောင်းကျော်အထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။ ဒီအကောက်ခွန်နှုန်း၊ ဒီ မှတ်ပုံတင်နှုန်းထား အတိုင်းသာ ဆက်ကောက်ရင် လာမယ့်နှစ် ကားပေါက်ဈေး ဒီထက် အများကြီး မြင့်တက်နေမှာဖြစ်ပြီး လူလတ်တန်းစားတွေ ကားဝယ်မစီးနိုင်၊ နယ်မြို့တွေမှာလည်း ကားရှားပါး ဆိုတဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားပါလိမ့်မယ်။ တစ်ချို့ပြည်နယ်တွေမှာ လိုင်စင်မဲ့ကား ပြသနာ ထပ်ပြီးတက်ပါဦးမယ်။ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် လက်ရှိ အစိုးရအဖွဲ့ရဲ့ ကားတင်သွင်းခွင့် စည်းကမ်းသတ်မှတ်ချက် အသစ်ဟာ ပြည်သူတွေနဲ့ တိုင်းပြည်စီးပွားရေးကို ကောင်းကျိုးပြုဖို့ မမြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။