နယူးဇီလန်နိုင်ငံ Christchurch မြို့မှာ မူဆလင်ဗလီ ၂ ခုမှာ ဒီကနေ့ ပစ်ခတ်မှု ဖြစ်ပွားရာက လူပေါင်း ၄၉ ယောက် ထက်မနည်း သေဆုံးပြီး၊ နောက်ထပ် လူ ၂၀ လောက်ဟာလည်း အပြင်းအထန် ဒဏ်ရာတွေ ရရှိသွားပါတယ်။
တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားပြီး၊ သံသယရှိသူတွေ အားလုံးဟာ လုံခြုံရေးအတွက် စောင့်ကြည့်ခံရသူ စာရင်းမှာ မပါဘူးလို့လည်း နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ကပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် သေနတ်သမားအဖြစ် သံသယရှိသူကိုတော့ လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး စနေနေ့မှာ ရုံးထုတ်မယ်လို့လည်း ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Mike Bush ကပြောပါတယ်။
ရဲတပ်ဖွဲ့က တရားစွဲခံခဲ့ရသူရဲ့ အမည်ကို ထုတ်မပြောပေမဲ့လည်း နယူးဇီလန် ရုပ်မြင်သံကြားဌာန TVNZ ကတော့ သေနတ်သမားဟာ သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်၊ Grafton မြို့က အသက် ၂၈ နှစ်အရွယ် Brenton Tarrant ဆိုသူဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ကလည်း သံသယရှိသူ သေနတ်သမားဟာ သြစတြေးလျ နိုင်ငံသားဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ လက်ယာစွန်း အကြမ်းဖက်ဝါဒီ အဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
လူပေါင်း ရာနဲ့ချီဝတ်ပြုဖို့ ဗလီတွေမှာ ရောက်နေစဉ်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ သေနတ်သမားကတော့ တိုက်ခိုက်မှုကို ခေါင်းမှာတပ်ထားတဲ့ ကင်မရာနဲ့ ရိုက်ကူးပြီး Facebook လူမှုကွန်ရက်မှာ တိုက်ရိုက်ပြသခဲ့ရာမှာ ဗလီတခုထဲမှာ အသတ်ခံရသူတွေကို တွေ့ခဲ့ကြရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို ကျုးကျော်သူ အဖြစ်နဲ့ ရည်ညွှန်းပြောဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာပဲ၊ Facebook မှာ ဗွီဒီယို တိုက်ရိုက်ပြသခဲ့တာပါ။ ရက်စက်လွန်းတဲ့ တိုက်ခိုက်မှု ဗွီဒီယိုကိုတော့ နောက်ပိုင်းမှာ လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း ဗလီတခုထဲမှာတင် ၄၁ ယောက် သေဆုံးခဲ့ပြီး၊ သေနတ်ဒဏ်ရာတွေကြောင့် ဆေးကုသပေးနေရတဲ့ ၄၈ ယောက်မှာတော့ ငယ်ရွယ်တဲ့ ကလေးတွေ ပါဝင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။
တိုက်ခိုက်မှုဖြစ်စဉ် ၂ ခုစလုံးမှာ စံချိန်တင်လောက်အောင် လက်နက်တွေ အမြောက်အများ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် နယူးဇီလန်မှာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် သတိပေးအဆင့်ကို တိုးမြှင့်လိုက်ပါတယ်။