သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကလုပ်ငန်း ဝန်ထမ်းအားလုံး မဖြစ်မနေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ နယူးယောက်မြို့တော်ဝန် အမိန့်ထုတ်


နယူးယောက်မြို့မှာ ကားနဲ့ ကိုဗစ်ကာကွယ်ဆေး လိုက်ထိုးပေးတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၆၊ ၂၀၂၁)
နယူးယောက်မြို့မှာ ကားနဲ့ ကိုဗစ်ကာကွယ်ဆေး လိုက်ထိုးပေးတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ပုဂ္ဂလိကလုပ်ငန်း ဝန်ထမ်းအားလုံးဟာ ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ ထိုးရမယ့်အမိန့်ကို ဒီဇင်ဘာလ ၂၇ ရက်ကစပြီး လိုက်နာရမယ်လို့ မြို့တော်ဝန် Bill de Blasio က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ သူ့ရဲ့ မြို့တော်ဝန်သက်တမ်း ကုန်ဖို့ တလတောင် မကျန်တော့တဲ့အချိန်မှာ ခုလို ကြေညာချက် ထွက်လာတာပါ။ ဒီပြဋ္ဌာန်းချက်ဟာ လုပ်ငန်းပေါင်း ၁၈၄,၀၀၀ အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ COVID-19 တွေ့ရှိတာကလည်း ပျမ်းမျှ တနေ့ ၁,၅၀၀ နှုန်းနဲ့ တက်နေပါတယ်။ ကူးစက်မြန် အိုမီခရွန်ကိုလည်း လူ ၇ ယောက်မှာ တွေ့ရှိထားပြီးပါပြီ။ ကျောင်းတွေမှာ မထိုးမနေရ ပြဋ္ဌာန်းချက်ကိုလည်း ဒီဇင်ဘာ ၂၀ ရက်နေ့ကစ အာဏာတည်ရမယ်လို့လည်း အရင်အပတ်က ကြေညာခဲ့ပြီး ကျောင်းပေါင်း ၉၃၀ လောက်နဲ့ ဝန်ထမ်း ၅၆,၀၀၀ လောက်အပေါ် သက်ရောက်ခဲ့ပါတယ်။

အဆောက်အအုံအတွင်း စားသောက်ဆိုင်၊ ပျော်ပွဲရွှင်ပွဲနဲ့ အားကစား လေ့ကျင့်မှုတွေ လုပ်တဲ့အခါ အသက် ၅ နှစ်က ၁၁ နှစ်အထိ ကလေးတွေလည်း ကာကွယ်ဆေးထိုးပြီးကြောင်း ပြသရမယ်လို့ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ခုလို ပြဋ္ဌာန်းချက်တွေကို နယူးယောက်လို ကြီးမားလှတဲ့ မြို့ကြီးမှာ အာဏာတည်အောင် ဘယ်လိုဆောင်ရွက်မယ် ဆိုတာကတော့ မရှင်းလင်းလှပါဘူး။ ဒီတာဝန်ဟာ အသစ်တက်မယ့် မြို့တော်ဝန် Eric Adams အပေါ် ကျရောက်မှာပါ။

သမ္မတ Joe Biden ကလည်း ဝန်ထမ်း ၁၀၀ အထက် စီးပွားရေးလုပ်ငန်းတွေ အပေါ် ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ ပြဋ္ဌာန်းခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့ကို ညွှန်ကြားမှု စတင်သက်ရောက်မယ့်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပြဋ္ဌာန်းချက်က ဝန်ထမ်း ၈၄ သန်းအပေါ် သက်ရောက်မှုရှိမှာပါ။

ဖက်ဒရယ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် ဝန်ထမ်း ၄ သန်းအပေါ် အလားတူ ပြဋ္ဌာန်းခဲ့တာကြောင့် ကာကွယ်ဆေး မထိုးသူတွေကို ဖြုတ်ရမယ့်အရေး ကြုံလာရတဲ့အခါ ၂၀၂၂ နှစ်ဦးပိုင်းအထိ အရေးယူရမှာကို ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

-----------------------

(Unicode)








XS
SM
MD
LG