မကြာခင် တက် လာတော့မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် လက်ထက် မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ငန်းတခုအဖြစ် လုပ်ဆောင် သွားဖို့ ရှိနေပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ NCA တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်လာနိုင်ဖို့ ဦးစားပေးလုပ်သင့်တယ်လို့ သုံးသပ်ကြပါတယ်။ အစိုးရသစ်အဖွဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေမှာတွေ့ရနိုင်တဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက ပြောပြမှာပါ။
မကြာခင်ရက်ပိုင်းအတွင်း တက်လာတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ပထမ ဦးစားပေးဖြစ်တဲ့ ချောမွေ့စွာ အာဏာလွှဲပြောင်းရေး လုပ်အပြီးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နောက်ဦးစားပေးအနေနဲ့ ဆက်လုပ်သွားဖို့ ရှိပါတယ်။
ဒီငြိမ်းချမ်းရေးကိစ္စမှာ ဘယ်ကိစ္စကို အဓိက ဦးစားပေးလုပ်သင့်ပါလဲလို့ မေးရာမှာ တပ်မတော် အရာရှိဟောင်း ဦးအောင်လင်းထွဋ်က-
" ဒီ NCA စာချုပ်နဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံးကို လက်မှတ်ထိုးနိုင်အောင်အတွက်ပေါ့လေ အရင်ဆုံး ညှိနှိုင်းရပါလိမ့်မယ်။"
အခုလို NCA လို့ခေါ်တဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးစာချုုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ်ရေးထိုးရေးလုပ်ဆောင်ရာမှာ ဘယ်ကိစ္စက အဓိက စိန်ခေါ်ချက်ဖြစ်နိုင်ပါလဲလို့ မေးရာမှာ ဦးအောင်လင်းထွဋ်က ဆက်ပြီး
" ဒီ တပ်မတော်ဘက်နဲ့ပတ်သက်ပြီးလို့ရှိရင်တော့ လက်မှတ်ထိုးရေး ကိစ္စမှာလည်း တပ်မတော်က ကိုးကန့်တို့ ရခိုင်တို့ တအာင်းတို့ ဒီသုံးဖွဲ့နဲ့ပတ်သက်ပြီးတော့ တပ်မတော်က လက်ရှိအနေအထားမှာ လက်မခံတဲ့အနေအထားမှာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အားလုံး လက်မှတ်ထိုးနိုင်ရင်တော့ ကောင်းတယ်။ ဒါပေမဲ့ ဒီသုံးဖွဲ့ပါ ပါဝင်နိုင်ရေးအတွက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပီပီပြင်ပြင် ညှိညှိနှိုင်းနှိုင်း လုပ်ရပါလိမ့်မယ်။"
တကယ်တော့ မကြာခင် အာဏာလွှဲပြောင်းပေးရတော့မယ့် အစိုးရလက်ထက်မှာ ဒီအဖွဲ့တွေပါဝင်ရေး ခွင့်မပြုခဲ့တာကြောင့် NCA ခေါ် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို KIO ကချင်လက်နက်ကိုင်အဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့တချို.က လက်မှတ်မထိုးပဲ နေခဲ့ကြတာပါ။
အဲ့ဒီတော့ အခုအစိုးရသစ်လက်ထက်မှာ ဘယ်လိုဖြစ်လာသင့်ပါလဲလို့ မေးရာမှာ ဦးအောင်လင်းထွဋ်က
" အဲ့တော့ တပ်မတော်ကလည်း ဘာဖြစ်လို့ ဒီအဖွဲ့တွေကို လက်မှတ် ပေးမထိုးသေးတာလဲ ဆိုတဲ့ အကြောင်းရင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နားလည်ဖို့ ကျနော်တို့ လိုပါလိမ့်မယ်။ အဲ့ဒီ့တော့ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင်အတွက်က အချိန်ယူပြီးတော့မှ ဆွေးနွေးရမယ်။ တချို့ကိစ္စတွေမှာ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ တပ်မတော်ကို ရှေ့တန်းတင်ပြီး ထားမှသာ လုပ်ငန်းကိုင်ငန်း လုပ်ရတာ အဆင်ပြေပါလိမ့်မယ်။"
နောက် သုံးသပ်သူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှုးဟောင်း Priscilla Clapp ကလည်း နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပစ်ခပ်တိုက်ခိုက်မှု ရပ်စဲရေးစောင့်ကြည့်မှုတွေ တွဲပြီး လုပ်သွားဖို့ သဘောတူပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း လေ့လာသူအဆင့်မဟုတ်ပဲ တန်းတူပါဝင်ဆွေးနွေးခွင့်ရသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။
“သူတို့အနေနဲ့ နှစ်လမ်းသွား လုပ်သွားဖို့ လိုပါတယ်။ တလမ်းက ဇန်နဝါရီလမှာ လုပ်ခဲ့တဲ့ အမျိုူးသားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အဓိက ဦးစားပေး ဆက်လုပ်သွားရပါမယ်။ အဲ့ဒီ့လုပ်ငန်းစဉ်မှာ အရင်ကျန်နေခဲ့တာကို ဆက်လုပ်ရမှာပါ။ ဒါက အားလုံးပါဝင်တဲ့ အမျိုးသားဆွေးနွေးပွဲဖြစ်အောင်လုပ်ဖို့ပါ။ ဒီနေရာမှာ အာလုံးအနေနဲ့ ညီညီမျှမျှ ပါဝင်နိုင်တယ်လို့ ခံစားအောင် လုပ်ပေးရမယ်လေ။ ကျန်နေခဲ့သူတွေကို လေလာသူအဆင့်တင်မဟုတ်ပဲ ပါဝင်ဆွေးနွေးသူ အဆင့်အနေနဲ့ပါနိုင်အောင် လုပ်ပေးရမှာပါ။”
တပ်မတော်အနေနဲ့ NCA လက်မှတ်မထိုးရသေးဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ ပါဝင်ခွင့်ပေးရေး သဘောမတူခဲ့တာကြောင့် ခုလိုဖြစ်လာအောင် ဘယ်လိုလုပ်သင့်ပါလဲလို့ မေးရာမှာ Priscilla Clapp က
“အပစ်အခတ် ရပ်စဲရေး လုပ်ပြီးမှလဲ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ အပစ်မရပ်သေးပဲလဲ ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ပြောင်းပြီး တပ်မတော်ကို လိုက်နာစေတဲ့ သဘောလုပ်လို့လဲ ရတဲ့အနေအထားမှာရှိပါတယ်။ ဒါက နိုင်ငံရေးဆွေးနွေးဖို့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချရတာလို့ ပြောလို့ရပါတယ်။”
အခုလိုအချိန်မှာ NCA စာချုပ်လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ချင်းမိုင်မြို.မှာ ကျင်းပနေရာမှာ၊ အစိုးရသစ်အနေနဲ့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးနိုင်ရေး ဦးစားပေးလုပ်သင့်တယ်လို့ အကြံပြုထားပြီး၊ NCA လက်မှတ် မထိုးရသေးတဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်သားတွေပါတဲ့ အကြံပေးအဖွဲ့တစ်ခုကို ကြာသာပတေးနေ့က ဖွဲ့စည်းလိုက်ပါတယ်။