အခုရက်ပိုင်း ရန်ကုန်က ပြည်သူတွေ စိတ်အဝင်စားဆုံး ကိစ္စကတော့ ဘတ်စ်ကားပြေးဆွဲမှု စနစ်ပြောင်းမယ့် ကိစ္စပါ။ ဒါကလည်း အတော် သဘာ၀ ကျပါတယ်။ ရန်ကုန်တိုင်း လူဦးရေ ၇ သန်းလောက်မှာ ၂ သန်းလောက်ဟာ ဘတ်စ်ကားတွေကို နေ့စဉ် အသုံးပြုနေရလို့ ဖြစ်ပါတယ်။ အခုဆို ရန်ကုန်တိုင်း အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ ဘတ်စ်ကားပြေးဆွဲမှု စနစ်ပြောင်းမယ့် အချက်အလက် တစ်ချို့ ပြည်သူတွေ သိခွင့်ရနေကြပါပြီ။ ဒီအတွက် စိုးရိမ်မှု ဖြစ်တဲ့သူလည်း ဖြစ်ကြပါတယ်။ စနစ်ပြောင်းလိုက်ရင် ဘတ်စ်ကားစီးရတာ အဆင်ပြေပါ့မလား၊ အရင်က တစ်ဆင့်ပဲ စီးရတဲ့ ခရီး၊ အခု နှစ်ဆင့်သုံးဆင့် များ ပြောင်းစီးရ မှာလား၊ အရင်က ကုန်ကျခဲ့တဲ့ ဘတ်စ်ကားခထက် အခုပြောင်းလဲလိုက်တဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ်သစ်ကြောင့် နှစ်ဆင့်သုံးဆင့် စီးရပြီး ငွေပိုကုန်သွားမလား၊ စတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရရဲ့ အများပြည်သူ ဘတ်စ်ကား ပြေးဆွဲမှု စနစ်အပြောင်းအလဲ ဆိုတာ ဘယ်လိုမျိုးလဲ၊ ဒီစနစ် အောင်မြင်မှာလား ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။
လက်ရှိ ပြောင်းလဲလိုက်ပြီဖြစ်တဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ်သစ်ဆိုတာဟာ ပထမ တစ်ချက် နဂို လိုင်းနံပတ်ပေါင်း ၃၀၀ ကျော်ရှိရာကနေ လိုင်းပေါင်း ၆၀ ဝန်းကျင်အထိ လျော့ချထားတာ ဖြစ်ပါတယ်။ တကယ်တော့ နဂိုမူလ လိုင်းနံပတ်ပေါင်း ၃၀၀ ကျော်ဆိုတာ မပြေးဆွဲတဲ့ လိုင်းတွေ၊ ထပ်တူနီးပါး တူတဲ့ လိုင်းတွေ အများကြီးပါပါတယ်။ အရင်က ဘတ်စ်ကားလိုင်းပြေးဆွဲမယ့် ယာဉ်ပိုင်ရှင်တွေဟာ လူစီးများ၊ ငွေများများရနိုင်မယ့် လမ်းကြောင်းတွေကိုပဲ ပြေးဆွဲချင်တော့ သူတို့ ပြေးဆွဲချင်တဲ့လိုင်း မထသ အဖွဲ့ကြီးကိုတင်ပြ၊ လိုအပ်ရင် လာဘ်ငွေပေး၊ အဲလိုနည်းနဲ့ တစ်လိုင်းပြီး တစ်လိုင်း တိုးလာခဲ့လို့ ခုလို ဘတ်စ်ကားလိုင်းနံပတ်တွေ ဖေါင်းပွနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ ဂျပန် ဂျိုက်ကာ အဖွဲ့ကြီးက ဘတ်စ်ကားလိုင်းတွေနဲ့ ပတ်သက်ပြီး တစ်နေ့ ပြည်သူဘယ်လောက် ဘတ်စ်ကားလိုင်းတွေကို အသုံးပြုနေကြတယ်၊ ဘယ်နေရာ၊ ဘယ်လမ်းကြောင်းတွေမှာ စီးမယ့်သူတွေ ဘယ်လောက်ရှိတယ်၊ ဒီအတွက် လိုင်းအရည်အတွက် ဘယ်လောက် ဖြစ်သင့်တယ် စသဖြင့် စနစ်တကျ သုတေသနလုပ် တွက်ချက်ပေးခဲ့တာ အတော်လေး ကြာပါပြီ။ ရလာဒ်တွေကိုလည်း ရှေ့ပိုင်း အစိုးရအဆက်ဆက် တာဝန်ရှိသူတွေကို တင်ပြခဲ့တာချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့အစိုးရတွေဟာ ဂျပန်အဖွဲ့အစည်းရဲ့ သုတေသနပြုချက်၊ အကြံပြုချက်ကို အကောင်အထည် မဖော်ပဲ ကိုယ်ကျိုးစီးပွားရှာလို့ရတဲ့ မထသ အဖွဲ့ကြီးရဲ့ စနစ်မကျတဲ့ ရှေးဟောင်းစနစ် အတိုင်းပဲ ပြေးဆွဲနေ လို့ ပြည်သူတွေ ဒီလောက် ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။ အခု ဂျိုက်ကာ အဖွဲ့ရဲ့ သုတေသန ရလာဒ်ကို အခြေခံပြီး ဘတ်စ်ကားပြေးဆွဲမယ့် လိုင်းတွေ စနစ်တကျ သတ်မှတ်လိုက်ပြီမို့ လတ်တလော အဆင်မပြေမှု နည်းနည်းပါးပါး ဖြစ်တယ် ဆိုရင်တောင် နောင် အဆင်ပြေသွားပါလိမ့်မယ်။
လက်ရှိ ပြေးဆွဲနေတဲ့ စနစ်ထဲမှာ ရန်ကုန်မြို့လည် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းတွေကိုပဲ ပတ်ပြီးပြေးဆွဲမယ့် ၅၆၊၅၇၊၅၈ ဆိုတဲ့ လိုင်းသုံးလိုင်း ပါပါတယ်။ ဒီလို မြို့ပြင်ကလာတဲ့ ကားတွေ မြို့တွင်းလမ်း ပေးမဝင်ပဲ မြို့တွင်းမှာ ခရုပတ်ပုံသဏ္ဍာန် ပြေးဆွဲဖို့ မြို့ပြအင်ဂျင်နီယာ တစ်ချို့က ၂၀၀၂ ခုနှစ်ကတည်းက အစိုးရအဖွဲ့ကို အကြံပြုခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်က အထ မမြောက်ခဲ့ပဲ အခုမှ အကောင်အထည် ပေါ်လာတာပါ။ အဲဒီလို ပြေးဆွဲခြင်းအားဖြင့် မြို့တွင်းမှာ လိုင်းပေါင်းစုံ ပြည့်နှက်ပြီး ယာဉ်ကျောကြပ်တည်းနေတဲ့ ပြသနာ ပြေလည်သွားပါလိမ့်မယ်။ ခရီးသည်တွေလည်း ၅ မိနစ် တစ်ကြိမ်လောက် ထွက်မယ့် ခရုပတ်ကားတွေ စီးပြီး လိုရာကို မြန်မြန် ရောက်နိုင်ကြပါလိမ့်မယ်။
အခုပြောင်းလဲလိုက်တဲ့ စနစ်သစ်မှာ မထသ အဖွဲ့ကြီးကို လုံး၀ ဖျက်သိမ်းလိုက်တာကလည်း အရေးပါပါတယ်။ ဒီအဖွဲ့ကြီးဟာ အလွန်အကျင့်ပျက် ခြစားတဲ့အဖွဲ့ကြီးအဖြစ် ကျော်ကြားပါတယ်။ ဒီအဖွဲ့ကြီးရဲ့ အဂတိလိုက်စားမှု နဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့်ပဲ ရန်ကုန်ဘတ်စ်ကား ပြေးဆွဲမှု စနစ် အခြေအနေဆိုးရွားနေ ရတာ ဖြစ်ပါတယ်။
စနစ်သစ်မှာ နောက်ထပ် အရေးပါတဲ့ အပြောင်းအလဲကြီးတစ်ခုကတော့ အရင်က ဘတ်စ်ကားတွေကို တစ်စီးချင်း နှစ်စီးချင်း၊ ပိုင်ရှင် တစ်ယောက်ချင်း ကိုယ့်စီးပွားကိုယ်ရှာ ဆိုတဲ့ အနေအထားကနေ စုပေါင်းစနစ်၊ နောင် အများပိုင် ကုမ္ပဏီ စနစ်နဲ့ ပြေးဆွဲစေမယ့် ကိစ္စပါ။ စနစ်ဟောင်းအရ ယာဉ်ပိုင်ရှင်တွေဟာ ဘတ်စ်ကား တစ်ခေါက်ဆွဲရင် သူ့ကို ငွေဘယ်လောက် အပ်ရမယ် ဆိုပြီး အုံနာကြေးနဲ့ ကားကို ဒရိုင်ဘာ၊ စပယ်ယာ လက်ထဲ အပ်လိုက်ပါတယ်။ ဒီအခါ ဒရိုင်ဘာ စပယ်ယာတွေဟာ အုံနာကြေးကြေအောင်၊ သူတို့အတွက် နေ့တွက်ခ ငွေကျန်အောင် ကားတစ်စီးနဲ့ တစ်စီး ပြိုင်မောင်းတာတွေ၊ ဘတ်စ်ကားမှတ်တိုင်မှာ အကြာကြီးရပ်တာတွေ၊ မီးနီဖြတ်တာ အပါအဝင် ယာဉ်စည်းကမ်း ချိုးဖေါက်တာတွေ မျိုးစုံလုပ်ကြရပြီး၊ အပြိုင်မောင်းတဲ့ ယာဉ်အချင်းချင်း ရိုက်နှက်သတ်ဖြတ်ကြသည် အထိ အခြေအနေဆိုး အမျိုးမျိုး ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အနေအထားမျိုးအောက်မှာ ခရီးသည်တွေကို ရိုင်းရိုင်းပျပျ ဆက်ဆံတာမျိုး ကျူးလွန်တဲ့ အလေ့အထလည်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အခု ဒရိုင်ဘာ၊ စပယ်ယာတွေဟာ လခစား ဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ကြမှာမို့ အဲလို ပြသနာတွေ မပေါ်ပေါက်နိုင်တော့ပါဘူး။ ယာဉ်လိုင်းပိုင်ရှင် ကုမ္ပဏီနဲ့ ဒရိုင်ဘာ၊ စပယ်ယာ အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်မယ့် ပဋိပက္ခ အခြေအနေမျိုးလောက်ပဲ ကြုံကြရတော့မှာပါ။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကတော့ လက်ရှိ ဇန်နဝါရီ ၁၆ အပြောင်းအလဲကို မထသ ဖျက်သိမ်းတာနဲ့ စနစ်ပြောင်း ပြေးဆွဲတာတွေကို အရင် အကောင်အထည် ဖော်တာလို့ ဆိုပါတယ်။ ဒီစနစ်ကြောင့် ပြည်သူတွေ လိုရာခရီးကို မြန်မြန်ရောက်အောင် စွမ်းဆောင်ပေးနိုင်ပါ လိမ့်မယ်။ နောက်တစ်ဆင့်မှာတော့ ငွေပေးချေမှု စနစ် အဆင်ပြေအောင် လုပ်မယ်လို့ ဆိုထားပါတယ်။ ဘတ်စ်ကားလိုင်း အားလုံး တူညီတဲ့ စနစ်နဲ့ စက်တွေထားပြီး အီလက်ထရောနစ် ငွေပေးချေ ကဒ်တွေနဲ့ ပေးနိုင်အောင် လုပ်သွားမယ်လို့ ဆိုပါတယ်။ နောက်တစ်ဆင့်ကတော့ ခရီးသည်တွေ သက်တောင့်သက်သာ စီးနိုင်အောင် ဘတ်စ်ကားတွေကို တဖြေးဖြေး အဆင့်မြှင့်သွားတာပါ။ ဒီလို တဖြေးဖြေး အဆင့်မြှင့်တင်သွားရင် အရင်ကထက် အများကြီး ပိုကောင်းတဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ် ဖြစ်လာပါလိမ့်မယ်။
ဒါပေမယ့် ဘယ်လိုပဲ ကောင်းမွန်တဲ့ စနစ်ဖြစ်ဖြစ် အခက်အခဲတွေတော့ ကြုံကို ကြုံကြရပါဦးမယ်။ ပထမ အပြောင်းအလဲ ကာလမှာ ပြည်သူတွေ ကားလိုင်းရွေးချယ်မှု ခက်တာတွေ၊ တစ်စီးနဲ့ တစ်စီး အကူးအပြောင်းကိစ္စ စတာတွေမှာ အခက်အခဲတွေ ကြုံရမှာပါ။ ဒီအတွက်လည်း ကူညီမယ့် အဖွဲ့တွေ အသင့်ပြင်ထားကြပါပြီ။ နောက်ပြသနာ တစ်ခုက လခစားပြီး အလုပ်လုပ်ကြမယ့် ဒရိုင်ဘာနဲ့ စပယ်ယာတွေ အရေးပါ။ လက်ရှိအချိန် အဲဒီစနစ်နဲ့ အကောင်အထည် ဖော်တဲ့ BRT ယာဉ်လိုင်းဆိုရင် အဆင်မပြေဖြစ်နေတာ တွေ့ရပါတယ်။ လုပ်ခလစာကိစ္စ၊ အချိန်ပို ကိစ္စ၊ အလုပ်သမား အခွင့်အရေး စတဲ့ ပြသနာပေါင်းစုံ ဖြစ်ပါတယ်။ ဒီပြသနာ ကုမ္ပဏီတွေကောင်းကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ပြောင်းလဲလိုက်တဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ်သစ်ဟာ အချိန်တစ်ခုရလာရင် ရန်ကုန်နေပြည်သူတွေတင်မက နယ်က လာပြီး ဘတ်စ်ကားကို မှီခိုနေရတဲ့ သူတွေ၊ အခြားသော မော်တော်ယာဉ် မောင်းနှင်နေကြသူတွေ အားလုံးကိုပါ ကောင်းကျိုးပြုမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။