သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုး မွန်အဖွဲ့နဲ့ မြန်မာစစ်တပ်တိုက်ပွဲဖြစ်


 မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များ
မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်များ

(Zawgyi/Unicode)

NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိုင်း- မြန်မာနယ်စပ် ကိုစစ်ဆေးဖို့ မြန်မာစစ်ကြောင်းဟာ မွန်ပြည်သစ် အခြေပြုရာဒေသဘက်ကို ဝင်ရောက်ဖို့ကြိုးစားရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်သစ်တပ်မှူး တဦးက ပြောပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၃၂၀) ကျော် အိမ်နီး ချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပို့ထားပါတယ်။

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီ အခြေပြုရာ ဂျပန်ရေတွင်းအနီး ဒီကနေ့ မနက်က မွန်ပြည်သစ်ပါတီတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။

ထိုင်းမြန်မာနယ်စပ် နယ်နမိတ်ကိုစစ်ဆေးဖို့လာတဲ့ မြန်မာစစ်ကြောင်းဟာ မွန်ပြည်သစ် အခြေစိုက်ဂိတ်ကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်လာလို့တိုက်ပွဲဖြစ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ နယ်မြေခံတပ်မှူးတဦးက မွန်ဘာသာနဲ့ပြောပါတယ်။

“ဖြစ်ပုံက သူတို့ဘက်ကကျွန်တော်တို့ကိုအကြောင်းကြားလာတာက နယ်စပ်ကိုစစ်ဆေးမယ်တဲ့။ ဒါပေမဲ့သူတို့လာတဲ့ ပုံစံက စစ်ကြောင်းနဲ့လာတယ်။ ကျွန်တော်တို့ဘက်က မပေးလာဘူး စစ်ကြောင်းပုံစံနဲ့ဆိုတော့။ တကယ်လို့လာရင် ပြဿနာဖြစ်မယ်လို့ပြောတယ်။ မြန်မာတပ်ဘက်က သူတို့လာကိုလာရမယ်လို့ပြောပြီး ဟင်္သာတိုင်ဘက်ကိုတက်လာတော့ သေနတ်သံမြည် သွားတာပေါ့။ သူတို့ဖက်ကတက်လာ ကျွန်တော်တို့ဖက်က ပစ်ရင်းဆုတ်ရင်း အဲဒီလိုပုံစံပေါ့။ သူတို့ ဘက်က တပ်အင်အားဖြည့်နေတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတယ်လို့ သိရတယ်။”

ဒီပစ်ခတ်တိုက်ခိုက်မှုမှာမြန်မာစစ်တပ်ဖက်က အရာရှိကြီးတဦးနဲ့ အရပ်သားတဦးဒဏ်ရာရရှိပြီး တပ်သားတဦး ကျဆုံး သွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း မြန်မာတပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် PGF တပ်ဖွဲ့ ပူးပေါင်းအင်အား နဲ့ ထိုးစစ်ဆင်လာ ခဲ့ပါတယ်။

လက်ရှိမွန်ပြည်သစ်ပါတီရဲ့ ဂျပန်ရေတွင်းတပ်စခန်းကို မြန်မာစစ်တပ်ဘက်က သိမ်းပိုက်ရရှိ ထားတယ် လို့ ဒေသခံတဦး ကပြောပါတယ်။

“လက်ရှိအနေအထားတော့ တပ်ကတော့ဂျပန်ရေတွင်းမှာ စခန်းချထားလိုက်ပြီး။ တပ်သိမ်း လိုက်ပြီပေါ့။ ဂျပန်ရေတွင်းကို နယ်မြေရှင်းလင်းရေးလုပ်တော့ လောလောဆယ် ထိန်းသိမ်းထားတဲ့ အနေအထားမှာရှိတယ်။”

လက်ရှိဘုရားသုံးဆူမြို့နယ် ဝင်ပေါက်တွေကိုတပ်မတော်ကနေ ပိတ်ဆို့ထားပြီး သွားလာမှု မရှိသလောက် အခြေအနေ မှာ ရှိနေတာပါ။

အနီးနားရွာတွေဖြစ်တဲ့ တပ်ရင်း(၃) ဂျပန်ရေတွင်းနဲ့ကြံတောစတဲ့ ရာနဲ့ချီတဲ့ကျေးရွာသားတွေဟာ ထိုင်းနိင်ငံဖက်ခြမ်းမှာ တိမ်းရှောင်နေကြရတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

“စစ်ရှောင်အခြေအနေကတော့ ဘုန်းကြီးကျောင်းမှာတော့ မိသားစုတွေ သွားပြီးတော့ စစ်ရှောင်ကြတယ်။ နောက်ကျွန်တော် တို့ ထိုင်းဖက်ကိုတော့ ရွှေ့ကြတယ်လို့ပြောတယ်။ ထိုင်းဘက်ကမ်း နီးတယ်ဆိုတော့ အဲဒီကျောင်းမှာသူတို့ သက်ကြီးတွေရယ် ၊ ကလေးငယ်တွေရယ်၊ အမျိုးသမီးတွေရယ်တော့ အဲဒီမှာသွားပြီးတော့ စစ်ဘေးရှောင်နေတာတွေ့တယ်။”

စစ်ရှောင်(၃၀၀)ကျော်ကို ထိုင်းအာဏာပိုင်တွေကနေ ထိုင်းဖက်ခြမ်း မီးသွေးဖိုကျောင်း နမ်းကုတ်ကျောင်းနဲ့ စစ်ရှောင် စခန်းတွေမှာ နေရာချထားပေးထားပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရနဲ့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့် ကိုဆက်သွယ်ရာမှာ အဆက်သွယ်မရရှိခဲ့ပါဘူး။

မွန်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရုံးကိုဆက်သွယ်ရာမှာတော့ ဒီကနေ့ တိုက်ပွဲဖြစ်စဉ် အခြေအနေကို မသိရှိသေးဘူးလို့ စစ်ဘက်အရာရှိတဦးကပြောပါတယ်။

“ဘုရားသုံးဆူဘက်က စစ်ရေးလား။ အဲတာကျွန်တော်တို့ဘက်ကလဲ အတိအကျမရသေးဘူး။ ကြားတာဘဲရှိတယ်။ နောက်အဲတာဖြစ်တာကလဲ ကြားတာလောက်ဘဲရှိတယ်။ ကျွန်တော်တို့လဲ မသိဘူး။”

မွန်ပြည်သစ်ပါတီဟာ(၂၀၁၈)ခုနှစ်ဖေဖေါ်ဝါရီလမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ် သလို မြန်မာစစ်တပ်နဲ့ စစ်ရေး ပဋိပက္ခဖြစ်ပွားတာ မရှိခဲ့တဲ့အခြေကနေ အခုလိုတိုက်ပွဲဖြစ်ပွားလာတာပါ။

NCA လက်မှတ်ထိုး မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်လာတဲ့ အပေါ် မြန်မာ ငြိမ်းချမ်းရေး ကော်မရှင် က အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

“NCAထိုးမှ မထိုးမှ မဟုတ်ပါဘူး။ NCAထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရော ပဋိပက္ခမရှိတာ အကောင်းဆုံးပေါ့။ NCAထိုးထား တဲ့ အဖွဲ့ထဲမှာ ပဋိပက္ခဖြစ်ရင်တော့ ဒါအတတ်နိုင်ဆုံး အမြန်ဆုံး ဘယ်သူ့မှာ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ သိရ အောင် အလျှင်စလိုတော့လိုမယ်ထင်တယ်။ ဒါ JMCတို့ ၊ ဘာတို့လဲရှိနေတဲ့အတွက် ဒီကိစ္စ သက်ဆိုင်ရာတာဝန်ရှိ သူတွေလဲ လုပ်နိုင်တယ်လို့ထင်တယ်လေ။ ”

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် ဖေဖေါ်ဝါရီလမှာ မွန်ပြည်သစ်ပါတီကနေ ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေး ပြတပ်ဖွဲ့နဲ့ မကျင်းပဖို့တပ်မတော်က တားဆီးခဲ့ပေမဲ့ မွန်ပြည်သစ်ဘက် ကလက်မခံဘဲ ကျင်းပခဲ့တာကြောင့် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားတောင်ဂိတ်၊ သံဖြူဇရပ်မြို့နယ်ဇီးနှစ်ပင်ဂိတ်စတဲ့ မွန်အကောက် ခွန်ဂိတ်စခန်း တွေကို တပ်မ တော်ဘက်က သိမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေလဲ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.........................


(Unicode)


















ဆက်စပ်သတင်းများ ...

XS
SM
MD
LG