မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့အတွင်း ဒီကနေ့ပဲ ခေါင်းဆောင်နေရာ အပြောင်းအလဲ လုပ်ခဲ့ကြပါတယ်။ ကျန်းမာရေးအခြေအနေကြောင့်KIO ဥက္ကဌဦးဇောင်းဟရား တာဝန်ကနေ အနားယူပြီး ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကို အစားထိုးတာဝန်ပေးခဲ့တာပါ။ မြန်မာ့တပ်မတော်နဲ့ စစ်ရေးတင်းမာနေဆဲ KIO အဖွဲ့တွင်းက ခေါင်းဆောင်းပိုင်း အပြောင်းအလဲနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။
KIO ( ခေါ် ) ကချင်လွတ်လပ်ရေးအဖွဲ့အတွင်း ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲကိုတော့ ဒီကနေ့ပဲ လုပ်ခဲ့တာ ဖြစ်ပါ တယ်။ KIO ဥက္ကဋ္ဌ ဦးဇောင်ဟရား နေရာမှာ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန်လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
"ကျွန်တော်တို့ရဲ့ဥက္ကဌကြီး ဥက္ကဌဟောင်း ဦးဇောင်းဟရားကလဲသူက ကျန်းမာရေး အခြေအနေကြောင့်ဘဲ အခုလိုတာဝန် ကို လက်လွှဲလိုက်တာဘဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကတော့ KIO ဥက္ကဌ နေရာမှာ တာဝန်ယူပါတယ်။ နောက် ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင် ကတော့ KIO ရဲ့ ဒုဥက္ကဌ(၁)နဲ့ စစ်ဦးစီးချုပ် တာဝန်ဆက်ပြီးမှပြန် ထမ်းဆောင်တယ်။ နံပတ်(၃) နေရာ မှာ ဆရာကြီးဆွမ်လွတ်ဂမ် သူက KIOရဲ့ ဒုဥက္ကဌ(၂)နေရာမှာ တာဝန်ထမ်းဆောင်တယ်။ ဗိုလ်ချုပ်ဂွမ်မော်က KIC ရဲ့ ဒုဥက္ကဌ(၁)နေရာ မှာ တာဝန်ယူထမ်းဆောင်ကြတယ်။ ဒီနေ့ ဒီမနက်(၉)နာရီမှာ ကျွန်တော်တို့ဒီလိုင်ဇာမှာ ဆုတောင်းပွဲနဲ့ ဒီအခန်းအနားကိုကျင်းပတယ်။"
နိုင်ငံရေးပိုင်းဆိုင်ရာအတွက် ဖွဲ့စည်းထားတဲ့ KIO အောက်မှာ အုပ်ချုပ်ရေးပိုင်းအတွက် KIC ကချင်လွတ်လပ်ရေးကောင်စီ နဲ့စစ်ရေးပိုင်းအတွက် KIA ဆိုပြီး ဖွဲ့စည်းထားပါတယ်။ KIO ဗဟိုကော်မတီအစည်းအဝေးကို ဌာနချုပ်လိုင်ဇာမြို့မှာ ကျင်းပပြီးခေါင်းဆောင်ရွေးချယ် တာဖြစ်သလို KIOအတွင်း ဗဟိုကော်မတီဝင် ၃၀ ဦးနဲ့ ဗဟိုအမြဲ တမ်းကော်မတီဝင် ကိုးဦး ရှိနေပါတယ်။ KIO ခေါင်းဆောင်းပိုင်း အပြောင်းအလဲ ရှိပေမယ့် မူဝါဒရေးရာမှာတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ လည်း ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
"ပေါ်လစီပိုင်းဆိုင်ရာ မူပိုင်းဆိုင်ရာတွေဘာမှ အပြောင်းမလဲတော့ ခုလောလောဆယ် ဘာမှမရှိနိုင်ပါဘူး။ ကျွန်တော်တို့က အစဉ်အလာအတိုင်းပါဘဲ။ အောက်က လူတွေပြန်တက်လာ တဲ့ သဘောမျိုးလောက် ဘဲရှိပါတယ်။"
မြန်မာ့တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ အင်အားကြီး လက်နက်ကိုင် KIO အဖွဲ့တွင်း ခေါင်းဆောင်မှု အပြောင်းအလဲ ရှိခဲ့ပေမဲ့ ရပ်တည်ချက် သဘောထားတွေ ထူးထူးခြားခြား ပြောင်းလဲမယ့် အလားအလာတော့ မရှိဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်ကလည်း သုံးသပ်ပါတယ်။
"သိပ်ထူးထူးခြားခြားတော့ရှိမယ်မထင်ပါဘူးခင်ဗျား။ ငြိမ်းချမ်းရေး နဲ့ပက်သက်ပြီး အမြဲတမ်း သူက သွားဖို့အစီအစဉ် အမြဲ တမ်း ရှိတယ်။ ပြီးရင်နဂို KIO ရဲ့ရပ်တည်ချက်ကလဲ အများကြီးပပြောင်းအလဲတော့သိပ်မရှိနိုင်ပါဘူးခင်ဗျ။"
သဘောထားတင်းမာသူလို့ သတင်းထွက်ပေါ်နေတဲ့ KIOဥက္ကဌသစ်ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ယခင် UNFCခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ဥက္ကဋ္ဌ ဖြစ်ခဲ့ဘူးသလို လက်ရှိမှာ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)ဦးပေါက်ယူချမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေး နွေးညှိနှိုင်းရေးကော်မတီ (FPN-CC) ပူးတွဲဥက္ကဋ္ဌ အဖြစ်လည်းတာဝန်ယူထားပါတယ်။
လက်ရှိမှာလည်း KIOနဲ့မြန်မာ့တပ်မတော်တို့အကြားမှာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေ ဆဲလဲဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း တနိုင်းဒေသ ဘက်မှာနှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတယ်လို့ KIOပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
" တနိုင်းဘက်မှာတိုက်ပွဲတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေကတော့ သတင်းကအခုထက်ထိ မရသေးပါဘူး။ တိုက်ပွဲ တော့ဆက်တိုက်လိုလိုဖြစ်ပါတယ်။ မနေ့ကဖြစ်တယ် တနေ့ကဖြစ်တယ်။ နေ့တိုင်းလိုလိုဖြစ်ပါတယ်။"
KIOဟာNCAလမ်းကြောင်းကို လက်မခံနိုင်တဲ့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ FPNCCအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ KIOနဲ့မြန်မာတပ်မတော်တို့ဟာ ၂၀၁၁ခုနှစ်ဇွန်လမှာတကျော့ပြန်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲကြောင့်ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တသိန်းကျော်ဟာ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းမှာခိုလှုံ နေရ ပါတယ်။