သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတ အကြံပေးတွေရဲ့ တာဝန်


မြန်မာသမ္မတ အကြံပေးတွေရဲ့ တာဝန်
မြန်မာသမ္မတ အကြံပေးတွေရဲ့ တာဝန်

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တွေ အနေနဲ့ မကြာသေးခင်ကပဲ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကိုလာပြီး နိုင်ငံတကာ သံတမန်တွေ၊ အမေရိကန် အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို အာဆီယံ အဖွဲ့ဝင်တွေထဲက မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော် ကော်မတီဝင်တွေနဲ့လည်း အင်ဒိုနီးရှား နိုင်ငံမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာအထိ ကျယ်ပြန့်တဲ့ အကြံပြုမှုတွေ လုပ်လာနိုင်မလဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကတော့ သူယူဆတဲ့ နိုင်ငံရေး အကြံပေး တယောက်ရဲ့ အခန်းကဏ္ဍကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ တကယ့် Real Changes ကို သွားနိုင်သလား၊ မသွားနိုင်ဘူးလားဆိုတာ တိုင်းယူလို့ရတဲ့ ပေတံလေးတွေ ရှိတယ်။ သာမန်အားဖြင့် အမေရိကန် သမ္မတ တယောက်က သူ့အကြံပေးကို သူ ခန့်တဲ့အခါမှာ တစုံတရာ သူနဲ့ နီးစပ်တဲ့သူကို ခန့်တယ်ပေါ့။ ကျနော်ဆိုရင် အထူးသဖြင့် သမ္မတကြီးနဲ့ တာဝန်ထမ်းဆောင်တုန်းက တကြိမ်တခါမှ မတွေ့ခဲ့ဖူးဘူး။ စကားလည်း ကျနော် မပြောခဲ့ဖူးဘူး။ ဆိုတော့ မသိတဲ့သူတယောက်ကို သူခန့်တယ် ဆိုကတည်းက တော်တော်လွတ်လပ်တဲ့ သဘောတရား တခုကို ကျနော် တွေ့ရတယ်။

“နောက်တခါ ကျနော်တို့ စပြီးတော့ နေပြည်တော် သတင်းပို့တယ်။ ပို့ပြီးတော့ သမ္မတကြီး Briefing ကို ကျနော်တို့ ခံယူတဲ့ အချိန်မှာ ကျနော်တို့ကို ကန့်သတ်ချက် လုံး၀ မထားပေးဘူး။ ဘယ်လိုဖြေပါ၊ ဘယ်လိုမဖြေပါနဲ့၊ ကိုယ်လိုချင်တဲ့ ပုံစံကို Form မလုပ်ဘူးပေါ့။ အဲဒီမှာကတည်းက ကျနော်တို့က နည်းနည်းတော့ သတိထားမိတယ်။ လွတ်လွတ်လပ်လပ်တော့ ရှိပါလား၊ တကယ်ကို အပြောင်းအလဲ တရပ်ကို ရှေးရှုနေပါလားဆိုတာ ကျနော်တို့ သိတယ်ပေါ့။

“နောက်ပိုင်း ကျနော်တို့ အကြံဉာဏ်ပေးတဲ့ အခါမှာလည်း ဘယ်အကြံဉာဏ်မျိုးတော့ ကြိုက်တယ်၊ ဘယ်အကြံဉာဏ်မျိုးတော့ မကြိုက်ဘူး ဆိုတာလည်း မရှိဘူး။ နောက်တခါ ကျနော်တို့ပေးတဲ့ အကြံဉာဏ်တွေက အရင် ဟိုတုန်းက တချို့နိုင်ငံတွေလို အရင်စနစ်ဟောင်းတွေလို အကြံပေးထားမယ်၊ ပေးတဲ့အကြံဉာဏ် ယူချင်မှလည်း ယူမယ်ဆိုတဲ့ ပုံစံမျိုးလည်း မရှိဘူး။

“အဲဒီတော့ ကျနော်တို့ အလုပ်များလား၊ မများလား တိုင်းတာလို့ ရှိရင်ကို အကြံပေး တယောက်ရဲ့ အကြံပေးမှုကို သမ္မတကြီးက Appreciation တကယ်ရှိမရှိ ပြောလို့ရတယ်။ ကျနော်တို့ အလုပ်နည်းတယ်ဆိုရင် ဒါ ရှင်းတယ်ပေါ့။ သဘောလောက်ထားတဲ့ အကြံပေး ဖြစ်မှာပေါ့။ ကျနော်တို့ ဒီနေ့ အလုပ် တော်တော်များတယ်။

“ပေးတဲ့ အကြံဉာဏ်တွေ ဆိုရင်လည်း တော်တော်များများကို တလေးတစား ဖတ်တယ်။ သို့သော်လည်း Perspective View အရကြည့်မယ် ဆိုရင်တော့လည်း ကျနော်တို့က ရှုထောင့်တခုက ကြည့်တာပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ တယောက် အနေနဲ့ ကျတော့လည်း ကျနော်တို့ထက် ပိုပြီးတော့ Balance Perspective ပေါ့၊ ဒါကနေ သူပြန်ကြည့်တာပေါ့။

“ဆိုတော့ အကြမ်းဖျင်း ကျနော်တို့ ၁၀ ခုလောက် အကြံဉာဏ်ပေးတဲ့ အချိန်မှာ တခုလောက်ပဲ အကောင်အထည်ဖော်တယ်၊ ၉ ခုလောက်က အကောင်အထည် မဖော်ဘူး ဆိုရင်တော့ ကျနော်တို့ ၂ မျိုးတွက်လို့ ရတာပေါ့။ ကျနော်တို့ပေးတဲ့ အကြံဉာဏ်က အဆင့်မမီလို့လား၊ သို့မဟုတ်ရင် ပြုပြင် ပြောင်းလဲမှုကို တကယ် မသွားချင်လို့လား၊ ဒီ ၂ ခု ကျနော်တို့ ပြောလို့ရတာပေါ့။

“ဒီနေ့ ကျနော်တို့ ပေးလိုက်တဲ့ အကြံဉာဏ်တွေနဲ့ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲလိုတဲ့ စိတ်ပေါ့၊ သူ့ရဲ့ Political Will နဲ့ နည်းနည်းလေး တိုက်ဆိုင်သွားတဲ့ အခါကျတော့ အကောင်အထည်ဖော်တဲ့ ရာခိုင်နှုန်းက အတော်လေး မြင့်ပါတယ်။ ဒီတချက်ကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ အနေနဲ့က ပြုပြင်ပြောင်းလဲရေးပေါ့၊ အနှစ်သာရ တကယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်သွားနေပြီဆိုတာ ကျနော်တို့ ခန့်မှန်းလို့ရတယ်။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ရော လက်ရှိအချိန်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေးတာတွေ ဘာတွေ ရှိပါသေးလား။

“အဲဒါကျတော့ ကျနော်တို့နဲ့က လက်လှမ်း နည်းနည်း မမီတော့ဘူးဗျ။ မမီတော့ဘူးဆိုတော့ တကြိမ်တုန်းကတော့ သူလည်း နိုင်ငံရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့အတွက်ကြောင့် အနည်းငယ် ဂါရဝတရားတော့ ရှိကောင်း ရှိနေလိမ့်မယ်ပေါ့လေ။ သို့သော်လည်း ကျနော်တို့ တွက်ကြည့်လို့ ရတာက ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးနဲ့ တွေ့နိုင် ဆုံနိုင်တယ်ဆိုတဲ့ အနေအထားကို ကြည့်ရင်ပဲ ကျနော်ထင်ပါတယ်၊ တော်တော့်ကို သူ့မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ သဘောဆိုတာ ကျနော် တွေးလို့ရပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG