သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ကန်သံရုံးရှေ့ ဆန္ဒပြ ကန့်ကွက်ပွဲ


ရိုဟင်ဂျာလို့ သံရုံးက သုံးနှုန်းခဲ့တဲ့ အပေါ် အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ။ (ဧပြီ ၂၈၊ ၂၀၁၆)
ရိုဟင်ဂျာလို့ သံရုံးက သုံးနှုန်းခဲ့တဲ့ အပေါ် အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ။ (ဧပြီ ၂၈၊ ၂၀၁၆)

ရခိုင်ပြည်နယ်မှာ လှေမှောက် သေဆုံးရတဲ့ ဒုက္ခသည်တွေကို ရိုဟင်ဂျာတွေ လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သုံးနှုန်းခဲ့တဲ့ အပေါ် မကျေနပ်ကြသူတွေ ဒီကနေ့ ရန်ကုန်မြို့က အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း အရ အခုလို သုံးနှုန်းရတာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ ကမ်းရိုးတန်း ပင်လယ်ပြင်မှာ လှေနစ်မြုပ်တာကြောင့် မူဆလင် ဒုက္ခသည် စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ဒုက္ခသည် ၂၁ ဦး သေဆုံးခဲ့ရတဲ့ အပေါ် ရိုဟင်ဂျာတွေလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သုံးနှုန်းပြီး ကြေညာချက်ထုတ်ခဲ့တဲ့ အပေါ် မကျေနပ်ကြသူတွေ ဒီကနေ့ ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကန်သံရုံးရှေ့
ကန်သံရုံးရှေ့

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေက ဘယ်နေရာက လူမှုအဝန်းအဝိုင်းပဲဖြစ်ဖြစ် သူတို့ကို ဘယ်လိုခေါ်မယ်ဆိုတာ ဆုံးဖြတ်နိုင်စွမ်းနဲ့ အခွင့်အရေးရှိတယ်ဆိုတာပဲ ဖြစ်ပါ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

“အဲဒီလိုကြုံလာတဲ့အခါမှာ သူတို့ကိုခေါ်ဆိုဖို့ ပြောဆိုတဲ့အတိုင်း ကျနော်တို့က ခေါ်ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဆုံးဖြတ်တာ မဟုတ်ဘဲ ပုံမှန် လုပ်ထုံးလုပ်နည်းသာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကကိစ္စရပ်တွေဟာ သိပ်ကိုရှုပ်ထွေးပြီး သိပ်ကို ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ ကျနော်တို့စိတ်ဝင်စားတာက တနိုင်ငံလုံးရဲ့ အောင်မြင်မှုကို စဉ်းစားတာပါ။ ဘယ် ဒီမိုကရေစီနိုင်ငံမှာမဆို စိန်ခေါ်မှု တွေရှိပါတယ်။ ကျနော်ပြောဖူးသလိုပဲ ကျနော်တို့နိုင်ငံမှာလည်း ဒီလိုစိန်ခေါ်မှုတွေရှိပါတယ်။”

ဒီပြဿနာကို အတိအကျ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အစိုးရ ဒါမှမဟုတ် လူထုကိုပြောဖို့က ကျနော်တို့နေရာမဟုတ်ပါ ဘဲ အဲဒါဟာ ဒီကလူတွေက ဖြေရှင်းရမှာပါလို့လည်း သံအမတ်ကြီးကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က စစ်တွေမြို့၊ သဲချောင်းအနီးမှာ လှေနစ်မြုပ်ပြီး သေဆုံးသွားသူတွေကို ရိုဟင်ဂျာတွေလို့ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြ ပြောဆိုတဲ့အပေါ် ဒီကနေ့ ကန့်ကွက် ဆန္ဒပြကြတဲ့ တရက်ထဲမှာပဲ သံရုံးမှာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံချိန် အမေရိကန်သံအမတ်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သံရုံးက ကြေညာချက်ထုတ်ပြီး သတင်းတပတ်ကျော်မှာ ပြုလုပ်ခဲ့တဲ့ အခု ဆန္ဒပြပွဲမှာတော့ ဒီဒုက္ခသည်တွေကို ဘင်္ဂါလီတွေလို့သာ သုံးနှုန်းစေချင်ပြီး ရိုဟင်ဂျာဆိုတာကို လက်မခံနိုင်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို တာဝန်ယူ ဖြေရှင်းပေးဖို့ကိုလည်း ဆန္ဒပြသူ တဦး ဖြစ်တဲ့ ကိုကျော်မျိုးသက်က တောင်းဆိုပါတယ်။

"ကိုယ့်နိုင်ငံမှာ မရှိတဲ့ လူမျိုးကို နိုင်ငံခြား အစိုးရ နိုင်ငံခြား သံရုံးက မဟုတ်မမှန် လုပ်ကြံပြီး ပြောနေတာကို မြန်မာ့ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင်ကနေ စပြီးတော့ ဦးဆောင်ပြီးတော့ ကန့်ကွက်ပြီးတော့ ပြောချင်ပါတယ်။"

အခု ဆန္ဒပြပွဲကို တာမွေမြို့ ဗိုလ်စိန်မှန်ကွင်းမှာ လုပ်ဖို့ ခွင့်ပြုချက်ရထားပေမယ့် ဆန္ဒပြသူတွေက အမေရိကန် သံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြတာကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူသွားမယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပြောပါတယ်။

ကရင်ပြည်နယ်တွင်းက ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း လူစုလူဝေးနဲ့ စေတီ တဆူ ဝင်ရောက်တည်ခဲ့ပြီးနောက် ရန်ကုန်မြို့တော်မှာ လူမျိုးရေး ဘာသာရေးကို ဆန့်ကျင်တဲ့ မျက်နှာဖုံးစွပ် လူတချို့ရဲ့ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ပြီး ၃ ရက်အကြာမှာ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံလိုသူတွေရဲ့ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာ ဖြစ် ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG