ခရီးသည် ၅၄ ဦးလိုက်ပါသွားပြီး တနင်္ဂနွေနေ့က တောင်ပေါ်တနေရာမှာ ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်ရဲ့ အပျက်အစီး အပိုင်းစရှိရာကို တောတောင်ခရီးကြမ်းတွေဖြတ်ပြီး ဒီကနေ့မှာ သွားရောက်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ပြင်ဆင်နေကြပါတယ်။
Trigana လေကြောင်းအမှတ်၂၆၇ လေယာဉ်ရဲ့အပိုင်းအစတွေကို အင်ဒိုနီးရှားအရှေ့ပိုင်း Papua ခရိုင်မှာ တနင်္လာနေ့က ရှာတွေ့ခဲ့တာပါ။ Oksibil မြို့ကို ပျံသန်းနေတဲ့ တာဘိုအင်ဂျင် ၂ လုံးတပ် ATR 42-300 အမျိုးအစားလေယာဉ်ဟာ Jayapura မြို့ကနေ ပျံတက်သွားပြီးသိပ် မကြာခင်မှာပဲလေယာဉ် ပျံသန်းမှု ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ တနင်္လာနေ့က ဆီးနှင်းတွေ ထူထပ်ပီး ရာသီဥတုဆိုးနေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေကရှာဖွေရေးလုပ်ငန်းတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
ကလေးငယ် ၅ ဦးအပါအဝင် ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၅၄ ဦးလိုက်ပါသွားတဲ့ ဒီလေယာဉ်ပေါ်မှာ ဆင်းရဲတဲ့ မိသားစုတွေအတွက်ပေးဖို့ အစိုးရ ရန်ပုံငွေ ဒေါ်လာ ၄သိန်း ၇သောင်းနီးပါး ပါသွားပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ပတ်သက်လို့ သတင်းမရရှိသေးပါဘူး။ သမ္မတ Joko Widodo က အနာဂတ်မှာ လေယာဉ်ပျက်ကျမှုတွေကို ကာကွယ်နိုင်ဖို့ လေကြောင်းသွားလာမှုမှာ ပိုပီး ဘေးအန္တရာယ်ကင်းအောင် လုပ်ဆောင်ဖို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက လူ ၁၆၂ ဦး သေဆုံးခဲ့တဲ့ အဲအေးရှား လေယာဉ်ပျက်ကျမှုအပါဝင် မကြာသေးမီက လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တာကြောင့် အင်ဒိုနီးရှား လေကြောင်းသွာလာမှုဌာနဟာ နာမည်ပျက်ခဲ့ပါတယ်။