၂၀၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတော့တဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ မှာပဲ ပြောလိုက်ပါတယ်။ အခုလို ပြောကြားချက်အပေါ်မှာ ပြည်တွင်းက ပါတီ အတော်များများက လက်ခံသလို ပါတီအချို့ကလည်း ရွေးကောက်ပွဲမှာ ကော်မရှင်အနေနဲ့ ပြောင်းလွယ် ပြင်လွယ် မလုပ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
၂၀၁၄ နိုဝင်ဘာလလောက်မှာ ပြည်ထောင်စုလွှတ်တော်က လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကော်မရှင် ပြောဆိုထားရာကနေ အခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့အကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။
ပြည်သူ့လွှတ်တော်မှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော်မှာ လစ်လပ် ၆ နေရာနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ ၁၆ နေရာ စုစုပေါင်း ၃၅ နေရာ ရှိနေတဲ့အတွက် အစောပိုင်းကာလတုန်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတယ်ဆိုပြီး ကြေညာခဲ့တာဖြစ်ပေမယ့် တိုတောင်းတဲ့ ကာလအတွင်း အချိန်လုပြီး လုပ်ရမယ့်အနေအထားရှိပြီး ငွေကြေး ကုန်ကျစရိတ်တွေ မြင့်လာမယ့် သဘောတွေကြောင့် မကျင်းပတော့တာလို့ သူက ပြောပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော် လုပ်ဖို့ မရှိတော့ပါဘူး။ သို့သော်လည်းပဲ ဒီလို ဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာ လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်မှာလည်း အခက်အခဲ ရှိပါတယ်။ ပါတီတွေမှာလည်း အခက်အခဲ ရှိပါတယ်။ ကျနော်တို့မှာလည်း အခက်အခဲ ရှိပါတယ်။ အဲဒီတော့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ ပြီးသွားလို့ရှိရင်လည်း ဒီရဲ့ result က - ဒီရဲ့ အနိုင်အရှုံးသည် လွှတ်တော် မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ထိခိုက်မှု မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီဟာ အသာစီးရနေတဲ့ပါတီပဲ၊ သို့သော်လည်းပဲ ဒီနေ့ လွှတ်တော်ထဲကို ကြည့်မယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ နောက်ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးကိစ္စတွေ လုပ်နေတဲ့ကိစ္စကို လွှတ်တော်က တော်တော်လေး အလုပ်တွေများတဲ့ကာလလည်း ဖြစ်ပါတယ်။ တကယ်လို့သာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ် ဆိုလို့ရှိရင် လွှတ်တော်ထဲမှာရှိနေတဲ့ ပါတီခေါင်းဆောင်တွေ၊ တချို့ကိုယ်စားလှယ်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံးပမ်းနေရမယ်ဆိုရင် အလုပ်တွေများတဲ့ -- တွေဟာ ကြားဖြတ်စည်းရုံးရေးအတွက် ဝန်ထုတ်ဝန်ပိုးပိမှာ ကျနော့်အနေနဲ့ စိုးရိမ်တဲ့အတွက်ကြောင့် ဒါကိုလည်း ကျနော် တွေးပါတယ်။”
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတော့ဘူးဆိုတဲ့ သတင်းကို ဒီကနေ့ မနက်အစောပိုင်းမှာ ကော်မရှင်က ပြည်တွင်း နိုင်ငံရေးပါတီ ၃၅ ခု နဲ့ တွေ့ဆုံပြီး အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ပြောဆိုတဲ့အပေါ်မှာ နိုင်ငံရေးပါတီအချို့က လက်ခံတဲ့အကြောင်း ဦးတင်အေးက ပြောပါတယ်။
မနေ့တုန်းကတော့ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုမှာလည်း ကော်မရှင်ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ပြောဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအပေါ်မှာ တစ်စုံတစ်ရာ မကန့်ကွက်ခဲ့ဘူးလို့ ဦးတင်အေးက ပြောပါတယ်။
“အခုနက ပြောပြသလို ကျနော့်အနေနဲ့ ဒီလို..ဒီလို..ဒီလို..ဒီလို… အခြေအနေရှိနေတယ်၊ လွှတ်တော်ထဲမှာ SEAT နေရာတွေ ရှိတယ်။ ပါတီတွေမှာ ဒီလို ရှိနေတယ်။ ကော်မရှင်မှာ ဒီလိုရှိတယ်။ အဲဒီအတွက်ကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ သင့်မသင့် သုံးသပ်ဖို့ လိုလာပါပြီ။ လိုလာနေတယ်။ ကျနော့်အနေနဲ့တော့ ပေးထားတဲ့အာဏာအရ မလုပ်တော့ဘူးလို့ပဲ ဆုံးဖြတ်ပါတယ်။ သဘော ဘယ်လိုရှိပါသလဲ-ဆိုတော့ ကျနော့်ရဲ့ သုံးသပ်ချက်က မှန်ပါတယ်-တဲ့။ အဲဒါကြောင့် သူ့အနေနဲ့လည်း ဘာမှ ငြင်းစရာမရှိပါဘူး-တဲ့။ ဒီလိုပြောတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာဟာ ပါတီကြီးတွေအတွက် ရွေးကောက်ပွဲဝင်ဖို့ ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် ပါတီငယ်တွေအတွက်တော့ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ၂၀၁၄ ခုနှစ် အတွင်းမှာ ရွေးကောက်ပွဲ ထပ်မလုပ်တော့တဲ့အချက်ကို ကန့်ကွက်ဖို့ မရှိဘူးလို့ NLD ပြောခွင့်ရှိသူ ဦးထွန်းထွန်းဟိန်က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ဘက်က ပြန်ကြည့်လိုက်လို့ရှိရင်လည်း ဒီဥစ္စာက ဘာမှ သိသာထင်ရှားတဲ့အပြောင်းအလဲပေါ့လေ။ အပြောင်းအလဲကြီး မဖြစ်နိုင်ဘူးပေါ့ ဆရာရယ်။ အမြတ်သိပ်မရနိုင်ဘူးပေါ့။ ဒီလိုပဲ ပြောရမှာပေါ့။ အဲလိုဆိုလို့ရှိရင် ဒီလိုဖြစ်တဲ့အတွက်ကြောင့် အဘက်ဘက်က ပင်ပမ်းသွားမယ့်အတူတူ ၂၀၁၅ မှာ အင်တိုက် အားတိုက် ပြိုင်ကြမယ်ပေါ့။”
ဒါပေမယ့် တဖက်မှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မူလက ကျင်းပပေးမယ်လို့ ပြောထားလျက်နဲ့ အခုလို ပြန်ဖျက်တဲ့လုပ်ရပ်ဟာ မသင့်လျော်ဘူး လို့ ရခိုင်အမျိုးသားပါတီရဲ့ ပထမခေါင်းဆောင် ဦးအေးသာအောင်က ရှုမြင်ပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်ပြီးတော့ ပြောပြန်တယ်။ အခုတော့ မရှိဘူး ဆိုပြီး ပြောတယ်။ ဒါက မဖြစ်သင့်ဘူးလို့ထင်တယ်။ ဘာလို့လဲ ဆိုတော့ ဗဟိုရွေးကောက်ပွဲကော်မရှင်ဆိုတာ လုပ်ဖို့၊ မလုပ်ဖို့ဆိုတာ အတိအကျ ဆုံးဖြတ်ပြီးမှ ထုတ်ပြန်သင့်တယ်၊ ထုတ်ဖော်ပြောသင့်တယ်လို့ ကျနော်က မြင်ပါတယ်။”
၂၀၁၄ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တော့မှာဖြစ်ကြောင်း ဦးတင်အေးက ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ မဲဆန္ဒရှင် စာရင်းပြုစုတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ရှိပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ကြိုးစားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ကတိပေးခဲ့ပါတယ်။
တပ်မတော်သား ဗိုလ်ချုပ်ကြီးဟောင်း ဘဝကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် ရွေးကောက်ခံခဲ့တဲ့ စစ်အစိုးရ လက်ထက် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မှာ လိုအပ်ချက်တွေ ရှိခဲ့တာကိုတော့ မငြင်းနိုင်တဲ့အကြောင်း ဗွီအိုအေ မေးမြန်းတဲ့အခါမှာ ဦးတင်အေးက ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြု PR စနစ်ကို သမ္မတနဲ့ လွှတ်တော်က အတည်ပြု ပေးလာရင်တော့ ကျင်းသုံးပေးဖို့ တာဝန်ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်ခင်ဗျား။