သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်း ၂ နှစ်တိုင်ခဲ့ပေမဲ့ ဒုက္ခသည်တွေ ရုန်းကန်ဆဲ


မြန်မာနိုင်ငံမှာ သိန်းနဲ့ချီရှိတဲ့ နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အထောက်အကူ ပစ္စည်းတွေ ရရှိဖို့ ကုလသမဂ္ဂ အထောက်အကူပေးရေး အရာရှိတွေက ဂျနီဗာမြို့မှာ လှုံ့ဆော် ကြိုးပမ်းနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ သန်း ၅၀၀ ထည့်ကြဖို့ အဖွဲ့ဝင် နိုင်ငံတွေက ကတိပေးခဲ့ကြပေမဲ့ ပေးထားတဲ့ ကတိအတိုင်း အလှူငွေတွေ မထည့်ကြဘူးလို့ ကုလသမဂ္ဂ တာဝန်ခံတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မုန်တိုင်းအဆင့် ၄ ရှိတဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ၂၀၀၈ ခု၊ မေလက ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းအပြင် မွန်နဲ့ ကရင်ပြည်နယ်တွေမှာ လူ ၁၄၀,၀၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး လူပေါင်း ၃,၀၀၀,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ မုန်တိုင်းတိုက်ခတ်ခဲ့တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ ပြန်လည်ထူထောင်ရေးမှာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ ရှိခဲ့ပေမဲ့လည်း မလုံလောက်ဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူး ဘစ်ရှိုး ပါရာဂျူလီ (Bishow Parajuli) က အိမ်ထောင်စုပေါင်း ၁၀၀,၀၀၀ လူပေါင်း ၅၀၀,၀၀၀ လောက်ဟာ အတည်တကျ နေထိုင်စရာ မရကြသေးဘူးလို့ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။

“ဒီဒုက္ခသည်တွေဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ သူတို့ရဲ့ နေအိမ်တွေမှာ ကျန်နေတဲ့ အပျက်အစီးတွေကို လိုက်လံ စုဆောင်းပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးတဲ့ အထောက်အကူတွေ အပြင် ရွက်ဖျင်တဲတွေ သုံးပြီး သူတို့ နေထိုင်ရေးအတွက် အဆင်ပြေသလို နေနေကြရပါတယ်။ မိုးခံရွက်ဖျင်၊ သစ်၊ ဝါး၊ ဓနိတွေကို သုံးပြီးတော့ ယာယီ ဖြစ်သလို ဆောက်ထားတာပါ။”

မုန်တိုင်းဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးမှာ နေအိမ် တည်ဆောက်ပေးဖို့က အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပေမဲ့လည်း ဒီကဏ္ဍမှာ နိုင်ငံတကာရဲ့ အထောက်အကူဟာ အားအနည်းဆုံးဖြစ်တာ တွေ့ရတယ်လို့လည်း မစ္စတာ ပါရာဂျူလီက ပြောပါတယ်။

၂၀၀၉ ခု ဖေဖော်ဝါရီလက ကုလသမဂ္ဂက အလှူငွေ ဒေါ်လာ ၆၉၀ သန်း ကောက်ခံဖို့ ရည်ရွယ်ပြီး ၃ နှစ်ကြာ ပြန်လည်ထူထောင်ရေး စီမံကိန်းအတွက် အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယနေ့အထိ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ကောက်ခံရရှိတဲ့ငွေဟာ ဒေါ်လာ ၁၀၈ သန်းသာ ရှိတဲ့အတွက်လည်း မှန်းထားတာထက် ဒေါ်လာ သန်း ၅၀၀ လောက် လျော့နည်းနေတာ ဖြစ်ပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးနဲ့ FAO အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေး အဖွဲ့တို့က ပြီးခဲ့တဲ့နှစ်ကုန်က မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ အခြေအနေကို သွားရောက် လေ့လာခဲ့ကြပါတယ်။ WFP အဆိုအရတော့ မြန်မာနိုင်ငံဟာ သဘာ၀ အနေအထားအရ လယ်ယာစိုက်ပျိုးရေး ပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ဝေးလံတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာ အခက်အခဲဟာ အဓိက ပြဿနာ ဖြစ်နေတယ်လို့လည်း မစ္စတာ ပါရာဂျူလီက ပြောပါတယ်။

“သဘာ၀ ဘေးဒုက္ခတွေအပြင် မြန်မာနိုင်ငံမှာ လက်ရှိ ထပ်တလဲလဲ ပြန်ဖြစ်နေတဲ့ လူသားချင်း စာနာမှု ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာတွေ၊ အစားအစာ မလုံလောက်မှု၊ အာဟာရဓာတ် ချို့တဲ့မှု၊ အားနည်းတဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခြေခံ ယန္တရား၊ လူ့အခွင့်အရေး စိုးရိမ်မကင်း ဖြစ်မှုတွေအပြင် ဆင်းရဲမွဲတေမှုတွေနဲ့ နိုင်ငံရဲ့ နေရာအချို့မှာ ပဋိပက္ခတွေ တိုးပြီး ဖြစ်နေတာကို တွေ့ရပါတယ်။”

WFP ရဲ့ ရန်ကုန်ရှိ ဌာနေကိုယ်စားလှယ် ခရစ်စ် ကေး (Chris Kaye) ကတော့ စစ်တမ်းကောက်ယူရာမှာ လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ စားနပ်ရိက္ခာ ချို့တဲ့တဲ့ မရှိဆင်းရဲ အဆင့်အောက်မှာ ရောက်နေတယ်လို့ တွေ့ရှိရကြောင်း ပြောပါတယ်။

“မြန်မာတနိုင်ငံလုံးမှာ ကလေးတွေရဲ့ ကိုယ်ကာယ ဖွံ့ဖြိုးမှုနှုန်း နှေးကွေးတာ ၃၂% ရှိပါတယ်။ အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန် ပေါင်မပြည့်တဲ့ ကလေးက ၃၄% ရှိပြီးတော့ အာဟာရဓာတ် ချို့တဲ့တာက ၉% ပျမ်းမျှ ရှိပါတယ်။ ကျနော်တို့အတွက် သိပ်ကို စိုးရိမ်မကင်း ဖြစ်နေရတဲ့ အချက်က ကျေးလက်ဒေသတွေမှာ အာဟာရဓာတ် ချို့တဲ့မှုဟာ ပျမ်းမျှ ရှိသင့်တာထက် ပိုများနေတဲ့ အချက်ပါ။”

အထူးသဖြင့် အခြေအနေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပိုပြီး ဆိုးတယ်လို့လည်း မစ္စတာ ကေးက ပြောပါတယ်။ အဲဒီဒေသမှာ အာဟာရ ချို့တဲ့မှုနှုန်းဟ ၁၈% ကျော်တယ်လို့လည်း သူက ပြောပြီး အဲဒီနှုန်းဟာ ဆိုမားလီးယားထက်တောင် များနေတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG