သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုဗစ် ကြိုတင်ပြင်ဆင်မှုအားနည်းတဲ့အပေါ် ဒေသခံတွေ စိုးရိမ်


နာဂဒေသမှာ COVID ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများ
(ဓါတ်ပုံ- Credit to CDE- Isaac Kyaw Htun Hla)
နာဂဒေသမှာ COVID ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများ (ဓါတ်ပုံ- Credit to CDE- Isaac Kyaw Htun Hla)

(Zawgyi/Unicode)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်ခံရရင် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ လုံလောက်စွာ မရှိတဲ့အပေါ် နာဂဒေသခံတွေရဲ့စိုးရိမ်ချက်တွေအကြောင်း မဆုမွန် ပြောပြပေးမှာပါ။

ကိုဗစ်-၁၉ကပ်ရောဂါဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာလည်း ကူးစက်မှု ရှိလာနေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးထဲက လမ်းပန်းဆက်သွယ်ရေး အသွားအလာခက်ခဲလှတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလို နေရာမှာရောဂါကူးစက်ပျံ့ပွားလာမှာကိုနာဂဒေသခံတွေနဲ့ နာဂလူငယ်တွေဘက်က အတော်လေးကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။

အရင်ကလည်း ကူးစက်မြန်ရောဂါတွေ ဖြစ်ပွားရင် ကုသဖို့ခက်ခဲ့တဲ့အတွက် ကိုဗစ်၁၉ ကူးစက်မှုဖြစ်လာရင် ထိန်းချုပ်ကာကွယ်နိုင်ဖို့ အခက်ခဲတွေနဲ့ကြုံလာမှာကို အထူးစိုးရိမ်နေကြတာဖြစ်တယ်လို့ နာဂကျေးရွာတွေအထိ ကျန်းမာရေးပညာပေးတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ နာဂလူငယ် Athong Makury ဗွီအိုအေကိုပြောပြပါတယ်။

“ လက်ရှိ နာဂဒေသမှာပေါ့နော် ကျနော်တို့လူငယ်ပရဟိတအဖွဲ့လေးတွေပေါ့နော် ဒီကိုဗစ်၁၉ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ ကျေးရွာတွေအထိသွားပြီး အသိအမြင်ဖွင့်နိုင်ဖို့ ကျနော်တို့လုပ်ဆောင်ပေးတယ်။ Recycle လက်ဆေးဗူးလေးတွေတပ်ပေးတယ်။ ကိုဗစ်၁၉ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကိုဆောင်ရွက်ပေးတယ်။ အဲ့လိုဖြစ်လာမှာကို တွေးတော့ မတွေးဝံ့ဘူး ၂၀၁၆ အဖြစ်ဆိုးတုန်းကလည်း နာဂမှာ အများကြီး ကျနော်တို့ ကြုံခဲ့ရတယ်လေ။ အဲ့တော့ ကျနော်တို့က အဲ့လိုမျိုးမဖြစ်ပါစေနဲ့ပဲ ဆုတောင်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ လုံလောက်တဲ့ဆေးဝါးပစ္စည်း နည်းပညာ မရှိဘူး။ မရှိတော့ ကျနော်တို့တွေက အရေးကြီးတဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ WHOက ပေးတဲ့အချက်တွေ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနကပေးတဲ့ အဲ့အချက်အလက်ကိုပဲ အဓိက မှီခိုပြီးတော့ သတင်း ရှယ်ရတယ်။”

နာဂဒေသထဲမှာ ကူးစက်သူမရှိသေးပေမဲ့ ဝေးလံခေါင်သီပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ကျန်းမာရေးဝန်ဆောင်မှု အားနည်းလှတဲ့ ဒီနာဂဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်စွာမရှိတာ၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းတွေ လုံလောက်စွာမရှိတဲ့ အခက်အခဲတွေနဲ့ကြုံနေရတာပါ။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဌာနတိုင်းရင်းသား နာဂတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်၁၉ တုံ့ပြန်ဆောင်ရွက်ရေး စီမံကိန်း လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဗဟို ဌာန CDE ရဲ့ ဆက်သွယ်ရေးနဲ့ မီဒီယာညှိနှိုင်းရေးမှူး ကိုအိုင်ဇက်ကျော်ထွန်းလှက အရေးပေါ်လိုအပ်ချက်တွေကိုပြောပြပါတယ်။

“ နာဂဒေသမှာတော့ ကိုဗစ်၁၉ ကူးစက်သူတော့မရှိသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေများတာက အခုနောက်ပိုင်း ပြည်ပကပြန်လာတဲ့သူတွေ များလာပြီး အဲ့ဘက်ကို ပြန်လာတဲ့သူလည်းရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ တော်တော်လေး စိုးရိမ်နေကြတဲ့ အနေအထားရှိတယ်။ နောက်တခုက ဒေသတွင်းမှာရှိတဲ့ ဒေသခံတွေက ကိုဗစ်၁၉နဲ့ပတ်သက်ပြီး သိရှိထားမှုကလည်း အတိုင်းအတာတခု အထိပဲရှိတဲ့အတွက် သူတို့မှာ ကြိုတင်ပြင်ဆင်ထားနိုင်မှုအတွက်လည်း အားနည်းချက်တွေ အများကြီးရှိတယ်။ ကျမ်းမာရေး ပညာပေးမှုအပိုင်းကအစ အများကြီးလုပ်ဖို့လိုအပ်တယ်။ နောက်တခုက ဒေသတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကလည်း အကန့်အသတ်တွေ အများကြီးရှိတယ်။ လူဦးရေပေါ့နော် အကန့်အသတ်ရှိတယ် ကျန်းမာရေး ကာကွယ်မှုဆိုင်ရာပစ္စည်းကလည်း လုံလောက်မှုမရှိဘူး။ တကယ်လို့ အဲ့ဘက်မှာ ဖြစ်ခဲ့မယ်ဆိုရင် အများကြီး Risk များတယ်ပေါ့နော်။ နောက် ဒီနာဂဒေသက တောင်ပေါ်ရွာတွေ တရွာနဲ့ တရွာဆက်ထားတဲ့အခါကျတော့ မိုးတွင်းဆိုလည်း မြေသားလမ်းက မြေပြိုတာတို့ဘာတို့ဖြစ်တော့ လမ်းက တခုခုပိတ်ပြီဆိုရင် ပြန်ဆက်သွယ်နိုင်ဖို့ အရမ်းကြန့်ကြာတဲ့ အနေအထားရှိတယ်။ အရမ်းအန္တရာယ်ရှိတဲ့အနေအထားဖြစ်တယ်။ အဲ့ဘက်မှာ လူဦးရေက သုံးသိန်းလောက်နေတာဖြစ်လို့အကုန်လုံးကို လွှမ်းခြုံနိုင်ဖို့ သိပ်ခက်တယ်။ အများကြီး လိုအပ်တာတွေရှိသေးတယ်။ ကူညီပံ့ပိုးရေးပိုင်းက အများကြီးကို လိုအပ်နေတဲ့အနေထားပေါ့နော်။ ဒါကတော့ နာဂဒေသဘက်က အကြောင်းအခြေအနေပါ။”

ကျေးရွာအစုလေးတွေနဲ့ သီးသန့်နေထိုင်ကြပြီး လူဦးရေသုံးသိန်းကျော်ရှိတဲ့ ဒီနာဂဒေသမှာ အထူးသဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံသလို ကျမ်းမာရေး အသိပညာပေးမှုက အားနည်းပြီး ဘာသာစကားအခက်အခဲလည်း ရှိတယ်လို့ ဒေသခံနာဂလူငယ် ကို Athong Makuryကပြောပါတယ်။

“ နာဂဒေသမှာက ဆရာ ဆရာမတွေ အလုံအလောက်မရှိဘူး။ ရှိတဲ့နေရာတွေမှာဆိုလည်း ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေကလည်း အဲ့တာတွေကလည်း မလုံလောက်ဘူး။ ဒီလူဝင်လူထွက်တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုနေထိုင်သင့်လဲ အဲ့တာတွေကိုမှ ကျေးရွာလူကြီးတွေက နေပြီးတော့ ဘယ်လိုစိစစ်သင့်တယ်။ နောက် ဒါနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ကျနော်တို့ နာဂဒေသမှာ မြန်မာလိုမပေါက်တာရှိတယ် မြန်မာလို အင်္ဂလိပ်လို မပေါက်တာဆိုရင် ဒေသခံတွေရဲ့အကူညီနဲ့ ဘာသာစကားတွေနဲ့ပေါ့နော့် ဒေသခံဘာသာစကားနဲ့ ဘာသာပြန်တယ်။ကျေးရွာနဲ့ နာဂဒေသအားလုံးကို ကြည့်မယ်ဆိုရင် ကျေးရွာပေါင်း ကတော့ ထောင်နဲ့ချီမယ်နာဂလို့ပြောရင် လေရှီးရှိမယ် ဟုမ္မလင်းရှိမယ် ခန္တီးမြို့နယ်မှာလည်းရှိတယ် လဟယ် တနိုင်းရှိတယ် မြန်မာပြည်ဘက်က နဂတွေပေါ့နော်။ နောက် ကျနော်တို့ နာဂဒေသ လေရှီးဘက်မှာဆိုရင် ရန်ပုံငွေကလည်း အလုံအလောက်မရှိတော့ လေရှီးတမြို့နယ်လုံးကို မလွှမ်းခြုံနိုင်တော့ ကားလမ်းအဝေးပြေးလမ်းတလျောက် လူဝင်လူထွက်များတဲ့ အဓိကထားပြီး လုပ်နိုင်တယ်။ လက်ရှိအစိုးရပိုင်းကတော့ ဧပြီလပိုင်းတုန်းကတော့ ကိုဗစ်ထောက်ပံ့ရေးဆိုပြီး ဆန် ၈ပြည် နဲ့ ဆီပဲ အဲ့တာမျိုးတွေ ပေးတာတော့ ကျနော်တို့ တွေ့ရတယ်။”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ကိုဗစ်၁၉ ကြိုတင်ကာကွယ်မှုတွေကို စနစ်တကျပြင်ဆင်ထားဖို့လည်း အရေးတကြီး လိုအပ်တယ်လို့ Isaac Kyaw Htun Hla ကိုအိုင်ဇက်ကျော်ထွန်းလှက ထောက်ပြပါတယ်။

“နာဂဒေသကဆိုရင် သွားလာရေးအရမ်းဝေးတယ် လမ်းပမ်းဆက်သွယ်ရေးက အရမ်းခက်ခဲတဲ့ နေရာဖြစ်တယ်။တခုခုဖြစ်ပြီဟေ့ဆိုတော့မှ သွားပြီး Response လုပ်မယ်ဆိုရင် အရမ်း နောက်ကျသွားမယ့် အနေအထားလည်းရှိနိုင်တယ်ပေါ့။ အကောင်းဆုံးကတော့ လိုအပ်တဲ့ ဟာလေးတွေကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်တယ် ပြီးလို့ရှိရင် အစိုးရဌာနဆိုင်ရာတွေ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဒီ့ထက်ပိုပြီးတော့ အားကောင်းအောင် လုပ်ဖို့လိုအပ်မယ်။ နောက် ဒေသခံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရယူဖို့လိုအပ်မယ်လို့ ကျနော်ကမြင်တယ်။ ဘာဖြစ်လို့ဆိုရင် အဓိက ဘာသာစကားအခက်ခဲရှိတယ်။ မြန်မာလိုနားမလည်တဲ့အခါ မှာ ဌာနဆိုင်ရာ ကူညီပံ့ပိုးမှုတွေ တိုက်ရိုက်လုပ်ဖို့ဆိုရင် ဘာသာစကားအခက်အခဲရှိတာကြောင့် ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိအောင် အခုကတည်းက ဆောင်ရွက်ထားဖို့လိုအပ်မယ်။”

လတ်တလောမှာတော့ လူသူအရောက်အပေါက်နည်းတဲ့ တောင်တန်းဒေသက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ကျေးရွာပေါင်း ၂၂ ရွာမှာ သံသယလူနာတွေကို သီးခြားစောင့်ကြည့်တဲ့နေအိမ်တွေ တည်ဆောက်ပေးထားတာ အပါအဝင် အကာအကွယ်ပစ္စည်း ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို အရပ်ဖက်လူမှုအဖွဲ့အစည်း ဌာနေတိုင်းရင်းသားတို့၏ သဘာဝသယံဇာတ အခွင့်အရေး အကာအကွယ်ပေးရေး RRtIP အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာဗဟိုဌာန CDE တို့ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့တွေ၊ နာဂဒေသ ဌာနေတိုင်းရင်းသား မျိုးနွယ်စုကောင်စီအပါအဝင် ဌာနေတိုင်းရင်းသားတွေနဲ့ ဆောင်ရွက်နေကြပါတယ်။


................


(Unicode)













XS
SM
MD
LG