သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း တရုတ်ကုမ္ပဏီ အရည်အသွေး စိစစ်ပေးဖို့ နိုင်ငံရေးပါတီတွေ အကြံပြု


မြစ်ဆုံစီမံကိန်း တရုတ်ကုမ္ပဏီ အရည်အသွေး စိစစ်ပေးဖို့ နိုင်ငံရေးပါတီတွေ အကြံပြု
မြစ်ဆုံစီမံကိန်း တရုတ်ကုမ္ပဏီ အရည်အသွေး စိစစ်ပေးဖို့ နိုင်ငံရေးပါတီတွေ အကြံပြု

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီ မိတ်ဆွေများပါတီ ၁၀ ပါတီက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ အကြံပြု စာတမ်းတစောင်ကို မနေ့က ထုတ်ပြန်လိုက်ပြီး ဒီစာတမ်းမှာ ဒေသခံ ပြည်သူတွေနဲ့ တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဘက်စုံ၊ ထောင့်စုံက လေ့လာညှိနှိုင်း ဆောင်ရွက်ဖို့ တင်ပြထားပါတယ်။ ဒါ့အပြင် ရေကာတာ တည်ဆောက်မယ့် တရုတ်ကုမ္ပဏီတွေရဲ့ အရည်အသွေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း အကြံပြုထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ-မြန်မာ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီနဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားညီနောင် ပါတီတွေ ပါဝင်တဲ့ ဒီမိုကရေစီ မိတ်ဆွေများ ၁၀ ပါတီက ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၂ ရက်က စတင် ဆွေးနွေးပြီးတဲ့နောက် အကြံပြု စာတမ်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအကြံပြုစာတမ်းမှာ လက်ရှိ တည်ဆောက်နေတဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းရဲ့ ကြီးမားကျယ်ပြန့်မှုနဲ့ အရေးကြီးမှုကို ဦးစွာ ဖော်ပြထားသလို ဒီလို ကြီးမားတဲ့ စီမံကိန်းကြီး တည်ဆောက်မယ်ဆိုရင် ဒေသခံ ပြည်သူတွေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဘက်စုံ၊ ထောင့်စုံက လေ့လာညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ စာတမ်းမှာ တင်ပြထားကြောင်း ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို အကျိုးအမြတ် တခုတည်းကို မကြည့်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသား လူမျိုးစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံရဲ့ သမိုင်းကြောင်း ဆိုင်ရာနဲ့လည်း ဆက်စပ်နေတယ်။ အဲတော့ ပြည်သူတွေရဲ့ လက်တွေ့ကျတဲ့ ဘဝအခြေအနေ ပြောင်းလဲနိုင်မှု၊ စိတ်ခံစားမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်တွေ၊ ဘေးအန္တရာယ်တွေ၊ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ ကဏ္ဍစုံ ပေါ့နော်၊ အဲဒါတွေကို ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အဖက်ဖက်က လေ့လာညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ဖို့လိုတယ် ဆိုတာကို ကျနော်တို့က ထောက်ပြလိုက်တယ်ပေါ့ဗျာနော်။”

ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာချက်၊ အကဲဖြတ်ချက်၊ ကောင်းကျိုး ဆိုးပြစ်တွေကို ပြည်သူတွေထံကို ပြည့်ပြည့်စုံစုံနဲ့ အချိန်မီ သိရှိအောင် ထုတ်ပြန်ပေးဖို့ကိုလည်း အကြံပြု စာတမ်းမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြစ်ဆုံဆည် တည်ဆောက်မယ့် တရုတ်ကုမ္ပဏီတွေရဲ့ အရည်အသွေးကိုလည်း ပြန်လည် ဆန်းစစ်ဖို့လိုကြောင်း ထောက်ပြထားတယ်လို့ ဦးသုဝေက ပြောပါတယ်။

“ဒီဆည်မြောင်းကြီးကို တည်ဆောက်တဲ့ တရုတ်ကုမ္ပဏီရဲ့ အရည်အသွေးကိုလည်း စဉ်းစားဖို့ လိုပါတယ်လို့။ ဘာဖြစ်လို့လဲဆိုရင် တရုတ်ကုမ္ပဏီတွေဟာ တရုတ်ပြည်မှာတုန်းကလည်းပဲ ဆည်ကြီးပေါက်ပြီးတော့ သန်းပေါင်းများစွာ အိုးအိမ်တွေ ပျက်ရတယ်၊ လူတွေ သေသွားရတယ်ပေါ့နော်။ အဲဒါတွေလည်း ထောက်ပြတယ်ပေါ့နော်။ နောက်တခုက တရုတ်ကဆိုရင် တခြားနိုင်ငံတွေကို သိပ်ပြီးတော့ အလေးမထားဘူးပေါ့။ ဥပမာအားဖြင့် မဲခေါင်မြစ်မှာဆိုရင် သူတို့က ဆည်ကြီးဆောက်တဲ့ အတွက်ကြောင့် လာအိုတို့၊ ကမ္ဘောဒီးယားတို့ ၊ ဗီယက်နမ်တို့က ရေအရနည်းလို့ ကန့်ကွက်နေကြတဲ့ အကြောင်းပေါ့ဗျာနော်။”

တရုတ်နိုင်ငံမှာ ၁၉၇၅ ခုနှစ် သြဂုတ်လက မိုးများခဲ့တာကြောင့် ရှင်မင်တန်နဲ့ ဘန်ကျောင်းဆည် ကျိုးပေါက်ခဲ့တာကြောင့် လူ ၂၃၀,၀၀၀ အသက်ဆုံးရှုံးပြီး အိုးအိမ် ၆,၀၀၀,၀၀၀ နီးပါး ပျက်စီးခဲ့ရသလို ပြည်သူ ၁၁,၀၀၀,၀၀၀ လောက် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်ရာ နေရာဟာ စစ်ကိုင်း ပြတ်ရွေ့ ငလျင်ကြောနဲ့ ဆက်စပ်နေတာကြောင့် ငလျင်ကြောင့် မြစ်ဆုံဆည်ကို ထိခိုက်မယ်ဆိုရင် ပြည်သူတွေ အသက်ဆုံးရှုံးနိုင်တယ် ဆိုတာကိုလည်း တင်ပြကြောင်း ဦးသုဝေက ပြောပါတယ်။

ဒီလို အကြံပြုစာတမ်း တင်သွင်းရာမှာ ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ စပ်စံမိန်းကတော့ ပြည်သူလူထုရဲ့ ဆန္ဒကို အစိုးရက လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

“ကျနော်တို့လုပ်မယ့် အလုပ်အားလုံးကတော့ လွှမ်းခြုံမှုက တနိုင်ငံလုံးအတွက်ကိုး၊ ရှမ်းတိုင်းရင်းသား ကွက်ကွက်လေး မဟုတ်ဘူးလေ။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအားလုံးက သဘောမကျဘူး ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူဘက်က ရပ်တည်ရမှာပေါ့။ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရတခုကတော့ ပြည်သူရဲ့ ဆန္ဒကို သူတို့ ဦးစားပေးရမှာပေါ့။ ကျနော်က အဲဒါကိုပဲ ဖြစ်စေချင်တယ်လေ။ ပြည်သူရဲ့ဆန္ဒကို လျစ်လျူရှုပြီးတော့မှ ဟိုတုန်းကလို တဇွတ်ထိုးလုပ်မယ့် အစိုးရ မဟုတ်ဘူးလို့တော့ မျှော်မှန်းတာပေါ့ဗျာ။”

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်း ဆောင်ရွက်ပြီး အကောင်းဆုံး အဖြေရှာဖို့ တိုက်တွန်းထားသလို စက်မှု ၂ ဝန်ကြီး ဦးစိုးသိန်းကလည်း ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်မှာဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အကြံပေး အဖွဲ့ဝင် ဦးမြင့်ကလည်း မြစ်ဆုံဆည် စီမံကိန်းကို ဆက်မလုပ်စေချင်ကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်ကို အကြံပြုထားကြောင်း The Voice Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းကတော့ ဒီလ ၁၁ ရက်နေ့က မြစ်ဆုံဆည် စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မယ်လို့ ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အစိုးရနဲ့ လွှတ်တော် အဆုံးအဖြတ်ကို ခံယူပြီး ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

XS
SM
MD
LG