မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ဆုံဒေသ အထက်ပိုင်းမှာ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ ရေကာတာ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ ဒေသခံလူထုက ဒီကနေ့ပဲ သမ္မတထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့တောင်းဆို လိုက်ကြပါတယ်။ အရင်အစိုးရ လက်ထက်ကတည်းက ဆိုင်းငံ့ထားတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို NLD အစိုးရရဲ့ လေ့လာရေးကော်မရှင် မကြာသေးခင်က လာရောက် စုံစမ်းတာတွေ လုပ်ခဲ့ပြီးနောက်မှာပဲ၊ မြစ်ဆုံဒေသ အထက်ပိုင်းက စီမံကိန်းတွေကိုပါ ရပ်ဆိုင်းဖို့ ချီဖွေ၊ ဆောလောဒေသခံပြည်သူ တွေက တောင်းဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိမ်ကနေ သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ်အတွင်းဆောင်ရွက်မယ့်ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေကာတာစီမံကိန်းတွေ ကိုရပ်ဆိုင်းဖို့ မြစ်ဆုံ အထက်ပိုင်း မှာနေထိုင်နေကြတဲ့ ချီဖွေ၊ ဆောလောဒေသခံပြည်သူတွေ ကနေ နိုင်ငံတော်သမ္မတထံ ဒီကနေ့မှာတောင်းဆိုခဲ့တယ်လို့ ဦးဆောင် သူတဦးဖြစ်သူ ဦးလချိဒ်လွမ်းဇောင်းက VOAကို အခုလိုပြောပါတယ်။
“မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း၊ ချီဖွေ ၊ ဆောလောတွေမှာ ဒီစီမံကိန်းလုပ်မယ်ဆိုတာ ကျနော်တို့ ကန့်ကွက်တဲ့သဘောပါ ။ ဒီကော်မရှင်ကို ကျနော်တို့ တင်ပြမယ်ဆိုရင်လည်း ကော်မရှင်က ဒေသခံပြည်သူလူထူကို ပွင့်လင့်မြင်သာမှုမရှိပဲနဲ့ စီမံကိန်း အကောင်အထည်ဖော်တယ် ဆိုတော့ ဒေသခံတွေက စိုးရိမ်ကြလို့ပါ။ ကျနော်တို့က မလုပ်နိုင်တဲ့အထိ ဆက်ပြီးတော့ ကန့်ကွက်ထားမှာပါ။”
မြစ်ဆုံရေကာတာစီမံကိန်းအပြင် မေခမြစ် မလိခမြစ်နဲ့ ငေါ့ချန်းခမြစ်ပေါ်မှာ စုစုပေါင်း ရေကာတာ ( ၁၁ ) ခု တည်ဆောက်သွားဖို့ ယခင် စစ်အစိုးရ လက်ထက်တွင် သဘောတူထားပြီးဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆိုင်းငံ့ထားခဲ့ရာကနေ ယခု NLD အစိုးရ လက်ထက်မှာ ဧရာဝတီမြစ်ဆုံဒေသ သုံးသပ်ရေးကော်မရှင်အဖွဲ့ကနေ ရောက်ရှိလာပြီးနောက်ပိုင်း ဒေသခံတွေစိုးရိမ်စိတ်ဖြစ်ပွား လာခဲ့တာပါ။
မြစ်ညာ မြစ်ဝှမ်း ရေကာတာစီမံကိန်းတွေတည်ဆောက်ခဲ့မယ်ဆိုရင် ဒေသခံတွေအတွက် ဆိုးကျိုးဖြစ်ပွါးလာနိုင်တယ်လို့ ဦးလချိဒ် လွမ်းဇောင်းက အခုလိုပြောပါတယ်။
“ဒေသခံတွေက ဒီတလျှောက်လုပ်စားကိုင်စားတာ ဥယာဉ်၊ ခြံမြေတွေဆိုရင်လည်း ဒီချောင်းတလျှောက်ရှိတယ်။ တကယ်လို့ အဲဒီဟာလုပ်လိုက်တယ် ဆိုရင်တော့ ရေမြုပ်ဧရိယာဖြစ်သွားမယ်။ ရွာပေါင်းကတော့ ၆၈ ရွာနဲ့ လူပေါင်းကတော့ ၃ သောင်းနီးပါးကို အိုးမဲ့အိမ်မဲ့ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်။ နောက်ပြီးတော့မှ တိုင်းတပါး၊ နိုင်ငံကြီးသားတွေ တရုတ်တွေဝင်လာပြီဆိုရင် ရိုးရာ၊ ယဉ်ကျေးမှုတွေလည်းအကုန်လုံး လူမျိုးကြီးတွေက ဝါးမြိုသွားမှာဖြစ်တယ်။”
ရေကာတာစီမံကိန်းကြောင့် ရေလွှမ်းမိုးမှု နေရာပြောင်းရွှေ့ခံရမှု သဘာဝပါတ်ဝန်းကျင်ပျက်ယွင်းမှုအပြင် ဌာနေတိုင်းရင်းသား တွေရဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေကွယ်ပျောက်သွားနိုင်မယ်လို့လဲသူကဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းစီမံကိန်း ပြန်လည်စီစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့တွေ ချီဖွေမြို့ကို ရောက်ရှိလာခဲ့ပေမဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခြင်း မရှိခဲ့ဘူးလို့ ဦးလချိဒ် လွမ်းဇောင်းကပြောပါတယ်။
အစိုးရကနေဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဆုံဒေသသုံးသပ်ရေးကော်မရှင်အဖွဲ့ဟာ ကချင်ပြည်နယ်မြစ်ဆုံဒေသကိုသွားရောက် လေ့လာပြီးစီးခဲ့ပေမဲ့ လေ့လာတွေ့ရှိချက်တွေကို တရားဝင်ထုတ်ပြန်တာမျိုးတော့မရှိသေးဘူးလို့ ကချင်ပြည်နယ်အစိုးရရဲ့ သံယံဇာ တ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦး Hလအောင်က အခုလို ပြောပါတယ်။
“မနေ့က အဲဒီကိစ္စနဲ့ ပတ်သက်ပြီးမှ အမေရိကန် သံအမတ်ကြီးလည်းမေး ပါတယ်။ ဒေါက်တာ ခက်အောင် ကိုယ်တိုင် ဖြေတာတောင်မှ ကော်မရှင်ဖွဲ့ပြီးသားဖြစ်တဲ့အတွက် ကော်မရှင်ရဲ့အဆုံးအဖြတ်က ကော်မရှင်ဥက္ကဋ္ဌမသိပဲ သူတောင်ပြောလို့မရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။”
ဘူမိဗေဒပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ မြစ်ဆုံရေကာတာစီမံကိန်းတည်ဆောက်မဲ့နေရာဟာ စစ်ကိုင်းငလျှင်ပြတ်ရွေ့ လမ်းကြောပေါ်မှာရှိနေတဲ့အတွက် ကြီးမားတဲ့ရေလှောင်တမန်တည်ဆောက်လို့မရနိုင်ဘူးလို့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးHလအောင်က အခုလို ပြောပါတယ်။
“ကချင်ပြည်နယ်သက္ကသိုလ် ဘူမိဗေဒဌာန ဒေါက်တာဦးမြင့်ဦးနဲ့ ကျနော်တိုင်ပင်ဆွေးနွေးခဲ့တာပေါ့လေနော်။ သူပြောတာက မြစ်ဆုံတည်ဆောက်မယ့်နေရာက စစ်ကိုင်းပြတ်ရွေ့လမ်းကြောင်းအပေါ်မှာ ဖြစ်တယ်ပေါ့လေ။ ဘူမိဗေဒအမြင်အရတော့ ပြတ်ရွေ့လမ်းကြောင်းတွေရှိတဲ့အတွက်ကြောင့် ကြီးမားတဲ့ တမန်တွေ တည်ဆောက်လို့မရဘူး ။ အဲလိုပဲ အနေအထားကြောင့်ဖြစ်တဲ့အတွက်ကြောင့် အောက်မှာ ခိုင်မာတဲ့ ဟာမရှိဖို့ပေါ့ဗျာ။ အဲလိုအမြင်နဲ့ သုံးသပ်ထားတာတွေ့ရပါတယ်။”
မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၇ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပေမဲ့ တပြည်လုံးအတိုင်းအတာကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့်၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့ပါတယ်။
လက်ရှိ NLDအစိုးရသစ်တက်လာပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဖက်က စီမံကိန်းကို ပြန်လည်စတင်လိုကြောင်း ဆွေးနွေး ပြောဆိုတာတွေရှိခဲ့ပြီး စီမံကိန်းကို လုံးဝရပ်ဆိုင်းမယ်ဆိုရင်တော့ စီမံကိန်းအတွက်ရင်းနှီးထားငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို ပေးလျော်ရမယ့်သဘောမှာရှိပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ တနှစ်ကို အခွန်ငွေ ဒေါ်လာ သန်းငါးရာရရှိပြီး၊ မြစ်ဆုံကထွက်မယ့် လျှပ်စစ်ဓါတ်အား ၁၀ ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံက အခမဲ့ ရရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့ ကချင်ဒေသခံတွေအပါအဝင် ပြည်သူတွေအနေနဲ့ကတော့ မြစ်ဆုံရေကာတာကိုလုံးဝရပ်ဆိုင်းထားဖို့ အမြင်သဘောထား တွေရှိနေကြပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နဲတဲ့စီမံကိန်းလို့ ကချင်ပြည်နယ် သံယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးHလအောင်က ပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ မသိနားမလည်မှုကို သူတို့က အမြတ်ယူစားတဲ့သဘောဖြစ်နေတဲ့အတွက်ကြောင့် ၊ သူတို့က လက်ရှိကမ္ဘာမှာလည်း နိုင်ငံကြီးတွေထက် သာနေပြီဖြစ်တဲ့အတွက်ကြောင့် သူတို့က နည်းပညာပိုင်းမြင့်တယ်ပေါ့လေ။ မြင့်တယ်ဆိုတော့ ကျနော်တို့က နိုင်ငံငယ်လည်းဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ဘက်က အရှုံးများတာပဲပေါ့လေ ဘယ်လိုပဲလုပ်လုပ် ကျနော်တို့ဘက်က ရစရာက မရှိဘူး၊ နည်းတာပေါ့ဗျာ၊ အကျိုးရုပ်စေတာပဲရှိတယ်။”
မြစ်ဆုံအထက်ပိုင်း မှာနေထိုင်နေကြတဲ့ ချီဖွေ၊ ဆောလောဒေသခံပြည်သူတွေကနေ ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်း နိုင်ငံတော်သမ္မတထံ ဒီကနေ့မှာတောင်းဆိုခဲ့ကြသလို ပြည်သူတွေရဲ့ဆန္ဒမပါဘဲ မည်သည့်စီမံကိန်းမှ မဆောင်ရွက်ဖို့ ၊ တိုင်းရင်း သားနယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေ မဖြေရှင်းနိုင်သေးသ၍ အကြီးစားစီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ဆိုတဲ့ ကြေညာချက် ကိုလဲ ထုတ်ပြန်ထားပါတယ်။