[[Zawgyi/Unicode]]
မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့မှာ ရဲစခန်းအတွင်းကနေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပရဟိတလူငယ်တဦး သေဆုံးခဲ့ပါတယ်။ ရဲစခန်းနားရောက်လာသူကို မသင်္ကာလို့ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရဲစခန်းဘက်က ပရဟိတအဖွဲ့ကို တုံ့ပြန်ပြောခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။
ဇူလိုင်လ ၃၁ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေည ၁၁ နာရီဝန်းကျင်မှာ မွန်ပြည်နယ်၊ ရေးခရိုင်မှာရှိတဲ့ လမိုင်းမြို့ရဲစခန်းအတွင်းကနေ သေနတ်နဲ့ပစ်လိုက်လို့ လူငယ်တဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူရဲ့ ရုပ်အလောင်းသယ်ယူဖို့ကို လမိုင်းပရဟိတလူငယ်များအဖွဲ့ဆီ အကူအညီတောင်း ဆက်သွယ်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကိုမြင်တဲ့အချိန်မှာ လမိုင်းပရဟိတအသင်းသား ဖြစ်နေတယ်ဆိုတာ သိခဲ့ရတာလို့ အသင်းဥက္ကဋ္ဌ ကိုဝင်းအောင်က ပြောပါတယ်။
"ရဲတွေက အခုချိန်ထိ သူတို့ပါးစပ်ကနေ ပြောနေတုန်းပဲ၊ သူတို့စခန်းနားရောက် လာလို့ မသင်္ကာလို့ ပစ်သတ်လိုက်တာလို့ သူတို့ထွက်ဆိုချက်က အဲဒီအတိုင်းပဲ။ သူတို့ပစ်ပြီးတော့ ပရဟိတအသင်းကို ဖုန်းဆက်တာပေါ့နော်။ ငါတို့စခန်းကို ချဉ်းကပ်လာလို့ ငါတို့သေနတ်နဲ့ ပစ်သတ်လိုက်တာ သေသွားပြီ၊ အဲဒါကြောင့် ဒီရုပ်အလောင်းကို ဆေးရုံကိုတချက်ပို့ပေးပါလို့ အကူအညီတောင်းလို့ ကျနော်တို့သွားတာ။ ဟိုရောက်မှ ကျနော်တို့အသင်းသားဖြစ်မှန်း သိရတာ။"
သေဆုံးသွားသူဟာ အသက်၂၁ နှစ်အရွယ် မောင်လင်းအောင်ဖြစ်ပြီးတော့ အသင်းရုံးကနေ နေအိမ်ကိုပြန်တဲ့လမ်းမှာ အခုလို သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာလို့ ပြောပါတယ်။ ရဲစခန်းဘက်က သူတို့သေနတ်နဲ့ပစ်လိုက်လို့ လူတယောက်သေသွားတယ်ဆိုတာကို အတိအကျပြောထားပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုချိန်ထိ တာဝန်ယူတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ပရဟိတအသင်းသားတဦး အခုလို သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်ရပ်အပေါ် အမှန်တရားပေါ်ပေါက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ လမိုင်းပရဟိတအသင်း အဖွဲ့ဝင်တွေက ပြောပါတယ်။ လမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဩဂုတ်လ ၂ ရက်၊ ဒီကနေ့မှာ သွားရောက်ခဲ့တဲ့ အသင်းအတွင်းရေးမှူး ကိုနိုင်ဝင်းက အမှန်တရားပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ ခုနတုန်းက ထွေ/အုပ်ရုံးကိုသွားတယ်။ ဘယ်လမ်းကြောင်းတွေဝင်ရမှန်း မသိလို့ သူ့ဆီမှာ အကူအညီသွားတောင်းတယ်။ ဖြစ်ကြောင်းကုန်စင် အမှန်တရားကို ကျနော်တို့အားလုံး ပြောပြတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အမှန်တရားတခု ထွက်ပေါ်လာရင် ကျနော်တို့ကျေနပ်တယ်။ ရှင်းရှင်းပြောရရင်ဗျာ ဒီဖြစ်စဉ်တွေအကုန်လုံးကို သူအကုန်ကြားသိပြီးသွားပြီ။ သူ ကျနော့်ကိုဘာမေးလဲ ဆိုတော့ ဒိုင်းခနဲ သေနတ်သံထွက်တဲ့အခါမှာ ရပ်ကွက်ကတော့ ကြားမှာပဲလို့ ပြောတယ်။ M 15 နဲ့ပစ်တာက နည်းတဲ့အသံမဟုတ်ဘူး၊ အသံကကျယ်တယ်လို့ ပြောတယ်။ M 15 နဲ့ ပစ်တယ်ဆိုတော့ ဘာသေနတ်နဲ့ပစ်တယ်ဆိုတာ ကျနော်တို့ မသိဘူးလေ။ သူကသိတယ်လေ၊ သူသိတယ်ဆိုတာ ရဲတွေက သူ့ကိုပြောပြတာ ဖြစ်မှာပေါ့။ ကျနော်တို့သိတာ သေနတ်နဲ့ပစ်တယ်ဆိုတာပဲ သိတာ။"
လမိုင်းရဲစခန်းမှာရှိတဲ့ တာဝန်ရှိသူတွေက စခန်းနားရောက်လာသူကို အော်ဟစ်သတိပေးပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ သေနတ်သံကြားသူရှိသလို မျက်မြင်တွေ့သူတချို့လည်း ရှိခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် သက်သေထွက်ပေးဖို့ကို မဝံ့မရဲဖြစ်နေတယ်လို့ ကိုနိုင်ဝင်းက ပြောပါတယ်။
"အဲဒီရပ်ကွက်ကတော့ ကြားမှာပဲလို့ သူပြောတယ်။ ကျနော်က သူ့ကိုပြောလိုက်တယ်၊ ရပ်ကွက်ကကြားတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့ နယ်ဘက်ကလူတွေက ကြောက်ကြတာ မပြောရဲကြဘူး။ မပြောရဲတဲ့အခါကျတော့ တချို့တွေက မကြားဘူးပဲ ပြောတဲ့လူရှိသလို ကြားခဲ့တယ်ပြောတဲ့ လူတွေလည်း ရှိခဲ့တယ်။ မျက်မြင်သက်သေလည်း ရှိတယ်။ အစတုန်းက သူပြောပြမယ်လို့ မျက်မြင်သက်သေက ကျနော်တို့ကို ပြောပြထားပြီးပြီ။ ဒါပေမယ့် ရုံးတို့ဘာတို့သွားရမှာ သူကြောက်နေတယ်။ အဲလိုမျိုးတွေရှိတယ်။"
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၁ ရက်၊ မနေ့တုန်းက သင်္ဂြိုဟ်ခဲ့ပြီး မိသားစုဝင်၊ ပရဟိတအဖွဲ့ဝင်တွေနဲ့ အသိတချို့သာ လိုက်ပါပို့ဆောင်ခဲ့တာပါ။ လမိုင်းမြို့မှာ ရဲစခန်းက သေနတ်နဲ့ပစ်ခတ်လို့ လူသေဆုံးတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး တရက်ကျော်ကြာလာချိန်အထိ သေဆုံးခဲ့သူနဲ့ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားလာတာ မရှိသလို တာဝန်ယူတာလည်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပရဟိတအဖွဲ့ကတော့ သူတို့ရဲ့အသင်းသား သေဆုံးတာနဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ဖို့ကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
==========
[[Unicode]]