သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါဆိုလပြည့်နေ့မှာ ရန်ကုန်နေရာသုံးနေရာထက်မနည်း ဗုံးပေါက်ကွဲ


ရန်ကုန် လုံခြုံရေးအခြေအနေ (ယခင်ပုံဟောင်း)
ရန်ကုန် လုံခြုံရေးအခြေအနေ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

ဒီကနေ့ ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့က မြေနီကုန်း၊ တာမွေနဲ့ လှိုင်သာယာတို့မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိကြပါတယ်။ ဗုံးကွဲပြီးနောက် အဲ့ဒီနေရာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေက လမ်းတွေ ပိတ်ဆို့ စစ်ဆေးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းလောက်က မြေနီကုန်းတံတားအောက် စစ်ကောင်စီ လုံခြုံရေးယူထားတဲ့ နေရာအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အဲ့ဒီနားမှာ နေထိုင်သူတဦးက ပြောပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုရှိပြီး စစ်ကောင်စီတပ်က လမ်းပိတ် စစ်ဆေးတာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“၃ နာရီ ၁၅ လောက် မြေနီကုန်းမီးပွိုင့်နားမှာ လုံခြုံရေးကတုပ်ကျင်းတွေ ရှိတယ်မလား၊ အဲ့နားမှာ ပေါက်တယ်၊ ဟုတ်တယ် အသံအကျယ်ကြီးပေါက်တာ။ (ဒဏ်ရာရတာ) ၃ ယောက် ၄ ယောက်လောက်တော့ ပြောတာပဲ။ ကျနော်တို့က ဒီဘက်မှာဆိုလို့ မတွေ့ရဘူးလေ။ လူတွေပြောတာပဲ။ ကျနော်တို့ကကြားရတာလေ ၄ယောက်လို့ပြောတယ်။ ၄ ယောက်က ဘုရားဖူး လူတွေပေါ့။ ရွှေတိဂုံဘုရားသွားကြတဲ့လူတွေ ပြန်လာတာ။ (စစ်ကောင်စီက) လမ်းပိတ်တာ အဲ့မှာ စစ်ဆေးနေတယ်။ အခုတော့ လူတွေက သွားနေကြတာပဲ။ ဒါပေမယ့် အဲ့အနားတဝိုက်တော့ လမ်းပိတ်ထားတာတော့ရှိတယ်။”

ပေါက်ကွဲမှုကြောင့် ရွှေတိဂုံဘုရားဖူးပြီး ပြန်လာကြတယ်လို့ ယူဆရတဲ့ လူ ၄ ဦး ဒဏ်ရာရတာလို့ သတင်းထွက်ပေါ်နေပေမယ့် VOA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ညနေ ၄ နာရီဝန်းကျင်လောက်မှာလည်း မြေနီကုန်းပန်းခြံထဲ လုံခြုံရေးရဲတွေ ရှိနေတဲ့ နေရာအနီး ပေါက်ကွဲမှုတခု ထပ်ဖြစ်ခဲ့ပေမယ့် အထိအခိုက်တော့ မရှိခဲ့ဘူးလို့ အနီးဝန်းကျင်မှာ နေထိုင်သူတဦးက ပြောပါတယ်။ ဒီကနေ့ ဝါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားဖူးတွေ အများအပြားလာရောက်တဲ့နေ့မှာ ရန်ကုန် မြေနီကုန်းမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး ထိခိုက်မှုတချို့ ရှိခဲ့တာပါ။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြေနီကုန်း ဂုံးတံတားအောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေမကြာခဏ ရှိခဲ့ပြီး ဒါနဲ့ဆို ၄ ကြိမ်ထက်မနည်း ရှိသွားပြီလို့ အဲ့နားမှာ နေထိုင်သူတဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် အမှတ်၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မျက်နှာချင်းဆိုင်က ရပ်ကွက် ၅ ထိပ်ပန်းခြံအနီးမှာလည်း ဒီကနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု တခုဖြစ်ခဲ့ပါသေးတယ်။ ပေါက်ကွဲမှုကြောင့် ၂ ဦးထိခိုက်ခဲ့ပြီး အဲဒီထဲက တဦးကိုတော့ စစ်တပ်က ပလစ်စတစ်အစိမ်းရောင်စနဲ့ သယ်ပိုးပြီး လူနာတင်ကားနဲ့ ခေါ်သွားတာတွေ့ ရတယ် လို့ မျက်မြင်တဦးက ပြောပါတယ်။

“အသံက တော်တော်ကျယ်တယ်၊ (ဒဏ်ရာရတာက) ၂ ယောက်လို့ တွေ့တယ်။ နောက် လုံခြုံရေးတွေ ရောက်လာပြီး သူတို့သယ်သွားတယ်ပေါ့၊ ပလပ်စတစ် အစိမ်းတွေနဲ့ ပတ်ပြီးတော့ ambulance ကားပေါ်တင်သွားတာတွေ့တယ်။ ခုတော့ သူတို့က လမ်းတွေ ပိတ်ထားတယ်ပေါ့လေ။ လမ်းတွေပိတ်ပြီး အကုန်လုံး လုံခြုံရေး စောင့်ပြီးတော့ စစ်ဆေးရေးတွေ လုပ်နေတယ်ပေါ့လေ။ ၅ ထိပ်ကနေပြီးတော့ အဲ့ဒီ ပီမိုးနင်းလမ်းပေါ့လေ အဲ့ဒီကို ဝင်တဲ့လမ်းပေါ့လေ ပိတ်ထားတာပေါ့။”

တာမွေမြို့နယ် ဗညားဒလ လမ်းပေါ်မှာလည်း နေ့လယ် ၁၂ နာရီဝန်းကျင်က ဗုံးတွေ့တာကြောင့် လမ်းတွေပိတ်ပြီး စစ်ကောင်စီတပ်တွေက အဲ့ဒီလမ်းပေါ်မှာပဲ ဖောက်ခွဲခဲ့တယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ရဲစခန်းတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့အစည်းက လုပ်သလဲဆိုတာကိုလည်း အတိအကျမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

============


[[Unicode]]











XS
SM
MD
LG