သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးနေတဲ့ TNP မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌရုပ်အလောင်း တွေ့ရှိ


TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီရဲ့ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် (ဓာတ်ပုံ TNP-Mong Kung)
TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီရဲ့ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် (ဓာတ်ပုံ TNP-Mong Kung)

[[Zawgyi/Unicode]]


နှစ်လနီးပါးကြာ ပျောက်ဆုံးနေတဲ့ တအန်းအမျိုးသားပါတီ TNP ရဲ့ မိုင်းကိုင်မြို့ နယ် ဥက္ကဋ္ဌ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိတယ်လို့ ပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။ TNP ဥက္ကဋ္ဌနဲ့အတူ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ဇနီးနဲ့ လသားအရွယ် ကလေးအခြေအနေကိုတော့ ခုထိ မသိရသေးပါဘူး။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS ရဲ့ လက်ချက်ဖြစ်တယ်လို့ TNP ပါတီဘက်က စွပ်စွဲတာကို RCSS ဘက်ကတော့ ငြင်းဆိုထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်က တအန်းအမျိုးသားပါတီ TNP ပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်ဟာ သူရဲ့ဇနီးသည်၊ လသားအရွယ်ကလေးငယ်နဲ့အတူ ခရီးသွားနေစဉ် ဇန်နဝါရီလ ၁၀ ရက်နေ့က ပျောက်ဆုံးခဲ့တာပါ။ မတ်လ ၃ ရက်နေ့ မှာတော့ သတင်းအရ သွားရောက်ရှာဖွေရာမှာ သူဖမ်းဆီးခံခဲ့ရတဲ့နေရာအနီးမှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ မိုင်းကိုင်မြို့နယ် TNP အလုပ်အမှုဆောင်အဖွဲ့ဝင် မိုင်းအောင်ခမ်းက VOA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၃ ရက်နေ့တုန်းက သူ့ရဲ့ရုပ်အလောင်းကို ကျနော်တို့ သွားတွေ့ခဲ့တာပေါ့နော်။ သူတို့ ဖမ်းထားတဲ့နေရာကနေပြီးတော့မှ မလှမ်းမဝေးပေါ့။ ပန်ပွဲကျေးရွာရဲ့ တောင်ဘက်ပေါ့နော်။ သူရဲ့ရုပ် ပုံစံတွေက အားလုံး ဟုတ်သွားပြီပေါ့နော်။ အဓိက လက်ရှိက ပိုပြီးတော့တိကျအောင်၊ ပိုပြီးတော့ခိုင်မာအောင် DNA တွေ ဘာတွေ စစ်ဖို့ အဲလိုမျိုးတော့ ကျနော်တို့ လျာထားတာပေါ့နော။ သူရဲ့ အမျိုးသမီးနဲ့ ကလေးက ကျနော်တို့ လိုက်ရှာနေတုန်း။ ”

အလောင်းက ရက်ကြာလို့ ရုပ်ပျက်နေပေမယ့် ဥက္ကဋ္ဌ မိုင်းနုမ်ဟန်ဖြစ်တယ်လို့ သူတို့က အတည်ပြုပါတယ်။ ပိုပြီး သေချာအောင် DNA စစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မိုင်းကိုင်မြို့နယ် TNP ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နဲ့ မိသားစုဟာ မိုင်းကိုင်မြို့နယ် တုံလော ကျေးရွာမှာ ပျောက်ဆုံးခဲ့ပြီး သူတို့ကို ရှမ်းပြည်တောင်ပိုင်းက ရှမ်းတိုင်းရင်းသားလက်နက်ကိုင် RCSS အဖွဲ့က က ဖမ်းဆီးခဲ့တာလို့ TNP ပါတီက စွပ်စွဲထားပါတယ်။ အခုလည်း RCSS ဘက်ကနေ ထွက်ပြေးလွတ်လာသူကြောင့် မိုင်းနုမ်ဟန်ရဲ့ ရုပ်အလောင်း ရှာဖွေတွေ့ခဲ့တယ်လို့ မိုင်းအောင်ခမ်းက အခုလို ဆက်ပြောပါတယ်။

“မိုင်းနုန်ဟန်သေဆုံးသွားတယ်ဆိုတဲ့သတင်းစကားက အဲဒီ RCSS ထဲကနေ ထွက်ပြေးလာတဲ့ တပ်သားတယောက်ကနေပြီးမှ သတင်းရရှိတာပေါ့နော်။ သူတို့ ဖမ်းဆီးတဲ့အခါမှာ အဲဒီလူက မိုင်းကိုင်ဥက္ကဋ္ဌရဲ့မိသားစုကို သူကိုယ်နှိုက်က ပြုစုပေးတဲ့သူ။ နောက်ပြီးတော့ သေမိန့်ပေးတယ်ဆိုတဲ့ဟာကို စက်စကားကနေ ပြောတာကို သူ နားဆတ်ဆတ်မှာပဲ ကြားရတယ်။ အဲလို ကြားကြားချင်းပဲ ညနေ ၇ နာရီလောက်အတွင်းမှာ တပ်သား ၂ ဦးနဲ့ အရပ်ဝတ်တဦးက မိုင်းနုမ်ဟန်ရဲ့ မိသားစုကို ခေါ်သွားတယ်။ သူက အဲလို သတင်းပေးပေးချင်းပဲ ကျနော်တို့လည်း သက်ဆိုင်ရာ ကျေးရွာခံ ၃ ဦးနဲ့ သံဃာတော်တပါးကို သွားရောက် စုံစမ်း စစ်ဆေးခိုင်းတယ်။ သွားကြည့်တော့ မိုင်းနုမ်ဟန်ရဲ့ ရုပ်အလောင်း တကယ်ရှိနေတယ်။”

တအန်းအမျိုးသားပါတီ TNP ကတော့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး မိုင်းနုမ်ဟန်ရဲ့ ဇနီးနဲ့ကလေးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မိုင်းနုမ်ဟန် ပျောက်ဆုံးသွားတဲ့ တုံလောကျေးရွာနေရာဘက်ကို အဲဒီအချိန်က သူတို့ ထိန်းချုပ်ထားတာ မဟုတ်ဘူးလို့ RCSS ဘက်ကပြောပြီး သူတို့ ဖမ်းဆီးခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားတာပါ။ အခုလည်း မိုင်းနုမ်ဟန်သေဆုံးမှုဟာ RCSS လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက အခုလို တုံ့ပြန်ပါတယ်။

“TNP ပါတီဥက္ကဌအနေနဲ့ RCSS ကို ဆက်ဆံရေးရုံးကတဆင့် စာပို့တာရှိတယ်။ အဲဒီ ဥစ္စာကို RCSS အနေနဲ့ စာပြန်ထားတာရှိတယ်။ နောက် TNP ပါတီက ဒုဗိုလ် ချုပ်ကြီး ရာပြည့်ဆီ စာပို့ပြီးတော့မှ သူတို့ဆီကနေ RCSS ကို တဆင့် ပြန်အကြောင်းကြားလာတာရှိတယ်။ အဲဒီဥစ္စာလည်း ကျနော်တို့ RCSS အနေနဲ့ စာပြန်ထားတာရှိတယ်ခင်ဗျ။ သူတို့ စွပ်စွဲထားသလို စာထဲမှာ ရေးလာသလို မဟုတ်ဘူးပေါ့နော်။”

အခင်းဖြစ်ပွားချိန်က တုံလောကျေးရွာကို ရှမ်းမြောက်ပိုင်း လက်နက်ကိုင် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားတာကြောင့် သူတို့ကိုလည်း မေးမြန်းဖို့ တုံ့ပြန်ထားကြောင်းလည်း ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာ တအန်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA မဟာမိတ်အဖွဲ့တွေဖြစ်ပါတယ်။

လက်ရှိမှာ RCSS နဲ့ SSPP ၊ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကျယ်ပြန့်လာနေပြီး ထောင်နဲ့ ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

#MyanmarViolence #TNP #VOABurmese
#မိုင်းနုမ်ဟန် #တအန်းအမျိုးသားပါတီ #မိုင်းကိုင် #ဗွီအိုအေ #ဗိုလ်မှူးခမ်းစံ #RCSS
===========

[[Unicode]]














#MyanmarViolence #TNP #VOABurmese
===========


XS
SM
MD
LG