[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို မေလ ၅ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးဝင်ရောက်လာတဲ့နောက် စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သုံးဦးကျဆုံးပြီး နှစ်ဦးပျောက်ဆုံးနေသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသတွင်းကျေးရွာသား နှစ်ထောင်ကျော်လည်း အိုးအိမ်စွန့်ခွာပြေးနေရပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ မေလ ၅ ရက်နေ့ မနက်ပိုင်းကတည်းက ဝက်လက်မြို့ထဲကို ရွေဘိုမြို့နယ် အရှေ့ခြမ်း ကျောက်မြောင်းမြို့နယ်ထဲကနေ ဝင်လာပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေမှု ရှိခဲ့ကြတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာမီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိပ် တိုက်တွေ့ခဲ့ကြတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တခုဖြစ်တဲ့ နတ်တောင်နဂါးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။
“ကုလားမရွာကို စပြီးတော့ မီးတင်တာ။ ကုလားမရွာကို စပြီးမီးတင်တော့ ကျနော်တို့က ရှိတဲ့အင်အားနဲ့ ကာကွယ်တယ် မိုင်းခွဲတယ်။ ဒါပေမယ့် သူတို့က အင်အားထပ်ဖြည့်ပြီးတော့ ရှေ့ဆက်တိုးတယ်ဗျ။ ကျောင်းကုန်းရွာနဲ့ကုလားမနဲ့ ကြားထဲကနေ ကျနော်တို့ အခြေချတဲ့ နတ်တောင်ကြီးပေါ်ကို အပိုင်စီးပြီး တက်လာတယ် သူတို့က။ တက်လာပြီးတော့ နောက်ချန် ထားခဲ့တဲ့ စစ်ကြောင်းက ကျောင်းထဲမှာ ကြောက်လို့ပုန်းနေတဲ့ရွာသားတွေကို ဖမ်းလာတယ်။ ၃၀ လောက်၊ အဲ့ဒါတွေကို သူတို့က လူသားဒိုင်းအနေနဲ့ကာပြီးတော့ လက်ကောက်ကျကျေး ရွာကို ထပ်ဝင်တယ်။ ဝင်ပြီးတော့ လက်ကောက်ကျကိုလည်း အဲ့နေ့ တရက်တည်းမှာပဲ ကုလားမနဲ့ လက်ကောက်ကျ နှစ်ရွာစလုံးကို ပြာကျအောင် မီးရှို့တယ်ဗျ။”
စစ်ကောင်စီတပ်တွေဟာ မကျည်းသုံးပင်ရွာမှာ စခန်းချနေပြီး အဲဒီရွာက နေအိမ်တချို့နဲ့ အနီးအနားကကျေးရွာတွေက အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထနောင်းသာရွာ ခေါ် ထနောင်းကိုင်းရွာ အရှေ့ဘက် တောစပ်မှာဖြစ်တဲ့ မေလ ၇ ရက်နေ့ တိုက်ပွဲအတွင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၃ ဦးကျဆုံးပြီး ၂ ဦးပျောက်ဆုံးနေသလို စစ်ကောင်စီတပ်တွေဘက်ကလည်း အကျအဆုံးများတယ်လို့ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တဦးက VOA ကို ခုလိုပြောပါတယ်။
“ကျနော်တို့ နတ်တောင်နဂါးအဖွဲ့နဲ့ လာပြီးကူညီကြတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတော့ ကိုယ့်လူက ၃ ယောက်ကျသွားပြီးတော့ ၂ ယောက်က ပျောက်နေတယ်။ သူတို့ဆီမိသွားတာလား။ မီးထဲထည့်ရှို့ထားတာလားတော့ မပြောတတ်ဘူးဗျာ။ အခုထိတော့ မတွေ့သေးဘူး။ သူတို့ဘက်ကလည်း ၁၇ ယောက်လောက်တော့ ကျသွားတယ်။”
စစ်ကောင်စီတပ်တွေဟာ ကျေးရွာနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို တိုက်ပွဲကြောင့် အနီးအနား ကျေးရွာတွေက ရွာသား ၂,၀၀၀ ကျော်လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာသားတချို့ ဖမ်းဆီးခံကြရတယ်လို့လည်း နတ်တောင်နဂါးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။
“ပထမ ဝင်လာတုန်းက လွတ်လိမ့်မယ်ထင်ပြီးတော့ ကျောင်းထဲမှာ ဝင်ပုန်းနေတဲ့ လူ ၃၀ ကိုလည်း ဖမ်းထားတယ်။ နောက်ထပ်တခါ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ကျတော့ ပျောက်ကြားပုံစံသုံးပြီး ဟိုနားလူဝတ်ကြောင်နဲ့ကပ်လိုက်၊ ဒီနား လူဝတ်ကြောင်နဲ့ကပ်လိုက်နဲ့ မိလာတဲ့ တောထဲတဲ့က တင်းရင်းတဲ့ မိသားစုတွေကိုဖမ်း ယောက်ျားတွေကို မိုင်းတွေကို သူတို့ရှေ့ ချပြပြီးတော့ PDF တွေပါ ဆိုတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံတွေရိုက် အဲ့လိုတွေ လုပ်နေကြတယ်ဗျ။”
ဝက်လက်ဒေသတဝိုက် တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်မှာတော့ PDF တွေနဲ့ မေလ ၉ ရက်နေ့မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ PDF တွေဟာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို ဝင်ရောက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေလို့ နယ်မြေရှင်းလင်းစစ်ဆင်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
လတ်တလောမှာ စစ်ကိုင်းတိုင်းအတွင်း ပြင်းထန်တဲ့အပူချိန်နဲ့ ရာသီဥတုဆိုးဝါးမှုတွေကြောင့် စစ်ပြေးဒုက္ခသည်တွေအကြား ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျောတာတွေဖြစ်ပြီး၊ ဆေးဝါးနဲ့ ရိက္ခာလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဝမ်းပျက်ဝမ်းလျောလဲရှိတယ်။ နှာစီးချောင်းဆိုးလဲ ရှိကြတယ်။ တစ်ချို့ဆိုရင် တောထဲမှာ နေရင်းနဲ့ ပိုးမွှားတိရစ္ဆာန်ထိပြီး ဆုံးသွားတာတွေထိ ရှိတယ်ဗျ။”
မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိုးပစ်အိမ်ပစ် စစ်ပြေးဒုက္ခသည်တွေအများအပြားရှိလာတာကြောင့်၊ အာဆီယံအသင်းအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ဆောင်ရွက်နေရာမှာ ကနဦးအားဖြင့် သတ်မှတ်နယ်မြေထဲမှာ စစ်ကိုင်းတိုင်းဒေသလည်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ရှိနေတာမို့ ဘယ်လို ပုံစံမျိုးနဲ့ ထိထိရောက်ရောက်ကူညီနိုင်မလဲဆိုတာတော့ ရေရေရာရာမရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်း မုံရွာ၊ စစ်ကိုင်း၊ ရွေဘိုနဲ့ ကလေးမြို့ကလွဲလို့ ကျန်တဲ့ မြို့နယ်တိုင်းမှာ စစ်ကောင်စီက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားသလို ဖုန်းဆက်သွယ်ရေးတွေပါ ခက်ခဲနေကြရပါတယ်။
=========
[[Unicode]]
=========