သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ


မုံရွာမြို့အဝင်ဆိုင်းဘုတ် (ဓာတ်ပုံ-my.wikipedia.org)
မုံရွာမြို့အဝင်ဆိုင်းဘုတ် (ဓာတ်ပုံ-my.wikipedia.org)


[[Zawgyi/Unicode]]


မြန်မာနှစ်ဆန်း ၁ ရက်နေ့က မုံရွာမှာပြုလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲအတွက် ချောင်းဦး မုံရွာလမ်း တောပုကျေးရွာအနီးမှာ လုံခြုံရေးယူပေးနေချိန် ပစ်သတ်ခံခဲ့ရတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကို ဒီနေ့ မနက်အစောပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သပိတ်မှာ ပါဝင်သူ တွေက ပြောကြပါတယ်။ အဲဒီလုံခြုံရေးယူပေးနေသူတွေကို စစ်ကောင်စီတပ်တွေ ဖမ်းသွားပြီး မကြာခင်မှာပဲ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ ၁၇ ရက်နေ့က အင်အားရာနဲ့ချီတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုကို မုံရွာမြို့ ပြင်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဦးဆောင်တဲ့ ဒီဆန္ဒပြပွဲအတွက် လုံခြုံရေး ပွိုင့်ကင်း တာဝန်ယူ ထားတဲ့ ချောင်းဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး၊ ဆန္ဒပြပွဲပြီးချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့အလောင်းတွေကို ဒီနေ့ မနက်မှာ မီးသဂြိုဟ်ပေးခဲ့တယ်လို့ ချောင်းဦးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က ညနေပိုင်းလောက်မှာ အလောင်းရတယ်။ ရပြီး သယ်ပြီးတော့ ဒီနေ့ မနက်ပိုင်းမှာပဲ ကျနော်တို့ အေးအေးဆေးဆေးပဲ မီးသဂြိုဟ်လိုက်ပါပြီဗျ။ လက်နက်တခုလည်း ဆုံးရှုံးသွားတယ်။ ရီမုဒ်တခုရယ်၊ ဖုန်းတလုံးရယ်၊ ကျည်ရယ်၊ စကုတ်တခုရယ်။”

သေဆုံးသွားသူတွေဟာ ချောင်းဦးပြည့်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂ ရာထူးကနေ CDM လုပ်ထားတဲ့ ကိုဇွဲမာန်အောင်၊ ကိုမင်းသန့်ကျော်၊ ကိုရာဇာထွန်း၊ ကိုနိုင်ဝဏ္ဏနဲ့ ကိုမင်းခန့် (ခ) မိုးဒီ တို့ဖြစ်ကြပါတယ်။ ၅ ယောက်လုံးဟာ အသက် ၂၀ ကျော် ဝန်းကျင်တွေဖြစ်ကြပါတယ်။

မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ တနင်္ဂနွေနေ့ကလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မနက် ၇ နာရီမှာစပြီး မိနစ် ၂၀ လောက်အကြာမှာ လူစုခွဲနိုင်ခဲ့ပါတယ်။ ၈ နာရီဝန်းကျင်လောက်မှာတော့ ချောင်းဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ယောက်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပြီး
မကြာခင်မှာပဲ တောပုကျေးရွာအနီးမှာ ပစ်သတ်ထားတဲ့ပုံတွေကို စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြတာတွေ့ခဲ့ရပုံကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသန်း ကျော်ဦးက VOA ကို ပြောပါတယ်။

“ချက်ချင်းပဲပေါ့လေ။ ဒီ ၅ယောက်ကို ဖမ်းမိပြီး မကြာခင်ပေါ့၊ ဖမ်းပြီးတော့ အရမ်းကြီး အကြာကြီး မဟုတ်ဘူးပေါ့၊ ဖမ်းပြီးတော့ ခဏကြာတော့ သူတို့ရဲ့ Dead Body တွေ လိုင်းပေါတင်တာ တွေ့ရတာပေါ့။ ကျနော်တို့ သပိတ်က ၇ နာရီမှာ စပြီး ၈ နာရီ ပတ်ချာလည်လောက်မှာ ဒီလိုမျိုးဖြစ် လာတာပေါ့။ ၈ နာရီဝန်းကျင်လောက်မှာ ဖမ်းဆီးပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်အကြာမှာ သူတို့တွေ သေဆုံးတယ်ဆိုတာကို ကျနော်တို့ကြားရတယ်၊ ပုံတွေပါ တက်လာတာကိုတွေ့ရတယ်။”

ဆန္ဒပြပွဲအတွက် ကင်းစောင့် လုံခြုံရေးယူပေးနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးပြီး နေရာမှာတင် ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူနဲ့ မုံရွာသပိတ်အဖွဲ့ဝင်တွေက ပြောကြပါတယ်။ သတ်ခံရသူ ၅ ယောက်ရဲ့ အလောင်းတွေကို လုံခြုံရေးကြောင့် ချက်ချင်းမကောက်နိုင်ဘဲ ညနေပိုင်းမှ သာ သယ်သူနိုင်ခဲ့တာဖြစ်တယ်လို့ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတာဝန်ခံက ပြောပါတယ်။ လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ အချင်းချင်း ချိတ်ဆက်နိုင်မှု အားနည်း တာကြောင့် ခုလို အသတ်ခံရတာဖြစ်တယ်လို့လည်း ခုလိုပြောပါတယ်။

“ကျနော်တို့ ရဲဘော်တွေရဲ့ ကင်းထောက်တဲ့နေရာမှာ ဒလန်တွေကို သတိမမူမိဘဲနဲ့ တပွိုင့်နဲ့ တပွိုင့် မချိတ်တာပေါ့လေ၊ တကင်းနဲ့တကင်း ချိတ်ဆက်မှုအားနည်းတဲ့အတွက် ပေးဆပ်လိုက်ရတာပေါ့။ ဟိုဘက်ကလည်း အားသာတာက မြေပြင်မှာက ဒလန်က ဒီဘက်မှာ တောက်လျှောက် ရှိနေတဲ့ အနေအထားကနေ သတင်းပေးပြီးတော့ ကျနော်တို့လူတွေက ကင်းထောက်ကို တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက်အားနည်းသွားတဲ့အတွက် သတိလက်လွတ် အနေအထားနဲ့ ဖြစ်သွားတာပါ။”

ဧပြီလ ၁၇ ရက်နေ့က မုံရွာ မန္တလေးလမ်းမကြီးမှာ ပြုလုပ်ခဲ့တဲ့ ‘နှစ်သစ်မှာ အားသစ်လောင်း၍ နိုင်ငံသစ်ကို ရဲရဲ တည်ဆောက်ကြ’ ခေါင်းစဉ်နဲ့ မုံရွာမြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ အင်အားရာကျော်နဲ့ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးက ပြောပါတယ်။

“အင်အားက မနေ့ကဆိုရင် ၃-၄ ရာလောက်တော့ ပါမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို PDF တွေကကောဝန်းရံပေးတာဆိုတော့လေ။ PDF တွေက လမ်းရဲ့ ဘေးတွေမှာ ရှေ့ကြောင်းထိပ် နောက်ကြောင်းထိပ်တွေမှာဆိုရင် PDF တွေက ဝန်းရံပေးထားတာ၊ အနည်းဆုံး ၃၊ ၄၊ ၅ ရာလောက်တော့ ရှိမယ်ဗျ။”

လက်ရှိမုံရွာမြို့မှာ စစ်ကောင်စီက ပြည်သူတွေကို နေအိမ်ပြင်ပကို မထွက်ကြဖို့နဲ့ ထွက်ရင် ကြိမ်ဒဏ် ပေးမယ်ဆိုပြီး လိုက်လံ ကြေညာထားတယ်လို့ မုံရွာဒေသခံတွေက ပြောကြပါတယ်။ လုံခြုံရေး တင်းကြပ်ပြီး အစစ်အဆေးများတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့က မုံရွာမြို့အပါအဝင် မြို့တချို့မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြသလို ဒီနေ့မှာလည်း ကလေး၊ ရွှေဘို၊ မြိုင်၊ ဆားလင်းကြီး၊ ယင်းမာပင်စတဲ့ဒေသတွေမှာ ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။
မြန်မာစစ်ကောင်စီဘက်ကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]











===============

XS
SM
MD
LG