သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဇိုရမ်ရောက်မြန်မာဒုက္ခသည်တွေ ကျန်းမာရေးနဲ့စားသောက်ရေး အခက်တွေ့


မြန်မာပြည်ဘက်က စစ်ဘေးရှောင်သူတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်မှု CDM အစိုးရဝန်ထမ်းတွေ ထွက်ပြေးခိုလှုံရာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြင်ကွင်း
မြန်မာပြည်ဘက်က စစ်ဘေးရှောင်သူတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်မှု CDM အစိုးရဝန်ထမ်းတွေ ထွက်ပြေးခိုလှုံရာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြင်ကွင်း


[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားသောက်ရေးအခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ အလုပ်အကိုင် ရှားပါးပြီး ငွေကြေးမလုံလောက်တဲ့အတွက် ဆေးကု၊ ဆေးဝယ်စတာတွေ မလုပ်နိုင်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။ မီဇိုရမ်အစိုးရနဲ့ ပရဟိတကူညီသူတွေက တတ်နိုင်သလောက် အကူအညီတွေပေးနေပေမယ့်လည်း ဒုက္ခသည်အများစုက အခက်အခဲတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက နှိမ်နှင်းတာ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ချင်းပြည်နယ်နဲ့ ကပ်လျက် အိန္ဒိယပြည်နယ်၊ မီဇိုရမ်ပြည်နယ်ဘက်ကို သောင်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အဲဒီဒုက္ခသည်အများစုမှာ ဝင်ငွေမရှိလို့ နေရေး၊ စားရေး၊ ဆေးကုသရေးတို့ အခက်တေ့ွနေကြပါတယ်။ နေမကောင်းဖြစ်ပေမယ့် ငွေကြေးမတတ်နိုင်လို့ ဆေးမကုနိုင်၊ ဆေးမဝယ်နိုင်ဖြစ်တဲ့အခြေအနေကို ဒုက္ခသည် တယောက်က ခုလို ပြောပြပါတယ်။

“စားရေးသောက်ရေးမှာလည်း ခက်ခဲတဲ့ဟာနဲ့၊ နေမကောင်း မကျန်းမာတဲ့အချိန် မှာ ဆေးဝယ်ဖို့၊ ပြီးတော့ ဆေးခန်းသွားပြဖို့ကယ်ရီခတွေ ခက်ခဲတဲ့လူတွေက လူဦးရေရဲ့ သုံးပုံမှာ နှစ်ပုံက ခက်ခဲနေရှိပါတယ်။ တချို့ကတော့ သူတို့ ရှိတဲ့လူဆီမှာ နည်းနည်းချေးတယ်။ အဲ့လိုမျိုးချေးငှားပြီးမှ ဆေးခန်းသွားပြီးမှ ဆေးခန်းသွားပြတဲ့ လူတွေရှိသလို တချို့ဆိုရင်တော့ ဒီတိုင်း အောင့်အည်းပြီးမှ ပါရာစီတမောလေးနဲ့ အနီးအနားမှာ တောင်းပြီးမှ အဲ့လိုမျိုးတွေ ဖြေရှင်းတဲ့လူတွေလည်း ရှိပါတယ်။”

မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးလာသူ ၃ သောင်းလောက်ရှိနေပြီး အဲ့ဒီထဲမှာ သုံးပုံ နှစ်ပုံလောက်ဟာ ငွေရေးကြေးရေး ခက်ခဲတဲ့ ပြဿနာနဲ့ ကြုံတွေ့နေကြရတာလို့ ပြောပါတယ်။ နိုင်ငံရပ်ခြားမှာရှိတဲ့ မိသားစု ဆွေမျိုးတွေတွေက ထောက်ပံ့သူတွေကလွဲလို့ တော်တော်များများ အဆင်မပြေဖြစ်နေကြတယ်လို့ နောက်ထပ် ဒုက္ခသည်တဦးက ပြောပြပါတယ်။

“တချို့ကတော့ သူတို့သားသမီးတွေ ညီအစ်ကိုမောင်နှမတွေ နိုင်ငံခြားမှာရှိတဲ့ လူကတော့ နည်းနည်းအဆင်ပြေတာပေါ့။ ဒါပေမယ့် လုံးဝ သားသမီးဟိုဘက်မှာ မရှိတဲ့ လူတွေဆိုတာ ပိုခက်ခဲရှိတယ်။ ကျနော်တို့ကလည်း မကူညီနိုင်ဘူးပေါ့။ ဟိုဘက်ကလည်း အကူအညီမရှိဘူးဆိုတော့ အခုလည်း ဆေးရုံမှာ တလလောက်တက်သွားပြီးလေး ငွေရေးကြေးရေးဘက်ကမှာ နည်းနည်းအဆင်မပြေဘူး။”

မီဇိုရမ်အစိုးရက မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ဒုက္ခသည်အသိအမှတ်ပြု ကဒ်ပြားတွေထုတ်ပေးထားသလို အကူအညီပေးမှုတချို့ရှိပါတယ်။ ပရဟိတ ကူညီပေးသူတွေကလည်း လိုအပ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ အာလူး စတဲ့ စားကုန်တွေ ထောက်ပံ့ပေးနေတာရှိပါတယ်။ ဒါပေမယ့် စစ်ဘေးဒုက္ခသည် လူဦးရေက များပြားတာကြောင့် စားရေးသောက်ရေးနဲ့ သောက်သုံးရေကအစ အခက်အခဲဖြစ်နေကြတာပါ။

“အခုလောလောဆယ် ပြဿနာကတော့ စားဝတ်နေရေးပဲ။ အဓိကတော့ ဆန်ပေါ့။ ပြီးတော့ ရေ- အခုလောလောဆယ်ပြဿနာကတော့။ ထောက်ပံ့မှုကတော့ ရတယ်လို့ပဲ ပြောရမှာပေါ့နော်။ ထောက်ပံ့တဲ့လူတွေက အခုတလော ဆန်နဲ့ ထောက်ပံ့တဲ့ဟာတော့ နည်းသေးတယ် အခု။”

အိန္ဒိယ မြန်မာနယ်စပ်မှာနေတဲ့ နောက်ထပ် ဒုက္ခသည်အမျိုးသမီးတဦးကတော့ သူ့နေတဲ့နေရာမှာ ဆန်၊ ဆီ၊ ပဲ အပြင် မီဇိုရမ်အစိုးရက မြန်မာဒုက္ခသည်တွေအတွက် မိသားစုတစုကို မြန်မာကျပ်ငွေ ၃၀,၀၀၀ လောက်အထိ တခါလေ ထောက်ပံ့ပေးတာမျိုးရှိတယ်လို့ ပြောပါတယ်။

“ငွေရေးကြေရေးထောက်ပံ့မှုကတော့ တခါတလေကျတော့ ရတယ်၊ တခါတလေမှရတာ၊ အများဆုံးက တခါတလေကျရင် မြန်မာငွေ ၂၀,၀၀၀ တို့ ၃၀,၀၀၀ တို့ အဲ့ဒါတွေ ပေးတဲ့ အချိန်ရှိတယ်။ တခါတလေမှပဲ အဲ့ဒါက။ ကျမတို့နေတဲ့ နေရာက အားလုံးကို ပေးတာ။ ဒါပေမယ့် တခြားနေရာမှာသွားတဲ့လူကျတော့ ကျမ မသိဘူး။”

မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင် ၁၁ ခုက ဒုက္ခသည်စခန်းတွေမှာ ဖြန့်ကျက်နေထိုင်နေကြသလို တချို့ က အိမ်ငှားနေထိုင်သူတွေလည်း ရှိနေပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်အမျိုးသမီးတဦးကလည်း သူ့ရဲ့ အခက်အခဲကို ခုလိုပြောပါတယ်။

“CDM အထောက်အပံ့တွေလည်း မရဘူး။ စားဝတ်နေရေးခက်ခဲတာပေါ့နော်။ အမျိုးတွေက အဲ့လို နည်းနည်းထောက်ပံ့လို့သာ စားနေရတာ။ အမျိုးတွေက မထောက်ပံ့ရင်တော့ မစားရဘူးပေါ့။ ခက်ခဲတော့ အများကြီးပါပဲ။ အိမ်လခတွေလည်း ဈေးကြီးတယ်။ အလုပ်အကိုင်က ဘာမှလုပ်ဖို့ မရှိဘူး၊ ဒီမှာ အလုပ်မရှိဘူး။ တခါတလေတောင်ယာအလုပ်တော့ရှိတယ် ဒါပဲ။”

ချင်းပြည်နယ်မှာ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက် ပွဲတွေဖြစ်နေတာကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံကြသူတွေ နေ့စဉ်တိုးနေပါတယ်။ အဲဒီဒုက္ခသည်တွေအနေနဲ့ နေရေး၊ စားရေး၊ ကျန်းမာရေးစတဲ့ ကူညီစောင့်ရှောက်မှု လိုအပ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Zawgyi/Unicode]]














XS
SM
MD
LG