[[Zawgyi/Unicode]]
ကရင်ပြည်နယ် ကော့ကရိတ်မြိုနယ်အတွင်းမှာရှိတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေကို KNU နဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ၊ ကူသန်းရောင်းဝယ်တာ ယာဉ်ဖြတ်သန်းသွာလာတာကို မတ်လ ၂၇ နေ့ ကစပြီး ယာယီရပ်ဆိုင်းထားဖို့ KNU တပ်မဟာ (၆) နဲ့ ပူးပေါင်းအဖွဲ့တွေက သတိပေးခဲ့ပါတယ်။ ဒီနေ့ မတ်လ ၂၈ ရက်နေ့မှာတော့ မြဝတီဘက်ကနေ ကော့ကရိတ်ဘက်ကိုသွားတဲ့ အရပ်သားကားတစီး ပစ်ခတ်ခံရလို့ တဦး သေဆုံးခဲ့ပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ ကော့ကရိတ်-မြဝတီလမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေလမ်းမကြီးတွေကို မတ်လ ၂၇ ရက်ကစပြီး အသုံးပြုသွားလာခြင်း မပြုပါနဲ့လို့ KNU တပ်မဟာ (၆) နဲ့ ပူးပေါင်းအဖွဲ့တွေက သတိပေးခဲ့ပါတယ်။ ဒီနေ့မတ်လ ၂၈ ရက်မှာတော့ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်က ဘေလီတံတားအနီးမှာ အိမ်စီးကားတစီးပစ်ခံရပါတယ် မြဝတီဘက်ကနေ ကော့ကရိတ်ဘက်ကိုသွားတဲ့ Probox အမျိုးအစားယဉ်ငယ်တစီး ပစ်ခတ်ခံရလို့ ကားပေါ်မှာလိုက်ပါလာတဲ့ အရပ်သားတဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံတဦးကပြောပြပါတယ်။
“သေသွားတယ်။ တယောက်ထိသွားတယ်။ မော်လမြိုင်ကားလို့ပြောတယ်။ ပရိုဘောက် က်-စ် ကား။ နက်ပြာလေးနဲ့ တယောက်သေသွားတယ်။ အရပ်သားပါ။ ကော့ကရိတ်ဆေးရုံကိုတော့ ပို့လိုက်တယ်။”
ဒီနေ့မှာပဲ ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုသွားတဲ့ နောက်ထပ် ယာဉ်တစ်စီးပစ်ခတ်ခံရပေမယ့် လူထိခိုက်တာတော့ မရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေက ဘယ်သူ့လက်ချက်လဲဆိုတာ ခုချိန် မှာ ရှင်းရှင်း မသိရသေးပါဘူး။
ကော့ကရိတ်-မြဝတီ လမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေလမ်းမကြီးတွေကို မသွားလာဖို့ ကေအန်ယူဘက်က စာထုတ် ထားတာရှိသလို စစ်ကောင်စီဘက်ကလည်း အဲဒီနေရာတွေဘက်မှာ တပ်စွဲနေရာယူထားတာရှိနေတာပါ။
မတ်လ ၂၇ ရက်နေ့တုန်းကတော့ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်နားမှာ ကုန်တင်ယာဉ် ၂ စီးမီးရှို့ခံရပါတယ်။ အဲဒီနေရာတွေမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ တနင်္ဂနွေနေ့က နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ အရပ်သားကားတွေပစ်ခတ်ခံရပြီးလူသေဆုံးခဲ့တာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ကုန်ကားတွေ အသွားအလာမရှိဘူးလို့လည်း ဒေသခံက ဆက်ပြောပြပါတယ်။
“ကုန်ကားတွေလည်းမသွားဘူး။ မနေ့ကလည်း ကုန်ကားတွေမီးရှို့တယ်။ လူတွေက အခုကတော့ သူတို့က ပစ်မယ် ပစ်မယ်ပြောနေတော့ စိုးရိမ်နေကြတာပေါ့။”
မတ်လ ၁၂ ရက်နေ့တုန်းကလည်း ကော့ကရိတ်-မြဝတီ အာရှကားလမ်းမပေါ်မှာ ကုန်ကားတွေ ပစ်ခတ်မီးရှို့ခံခဲ့ရပြီး ၃ ရက်ခန့် ယာဉ် အသွားအလာတွေပိတ်ခဲ့ရပါတယ်။ အခုလို အရပ်သားကားတွေ ပစ်ခတ်ခံရမှု၊ မီးရှို့ခံရမှု ဖြစ်စဉ်တွေမှာ ဘယ်သူတွေရဲ့လက်ချက်ဆိုတာကိုတော့ နှစ်ဘက်လုံးက ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့အတွက် လေးကေ့ကော်နဲ့ ကော့ကရိတ်မြို့တောင်ပိုင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ မတ်လ ၇ ရက်နေ့က ကေအန်ယူ တပ်မဟာ (၆) က သတိပေးချက်ထုတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်အင်အားတွေတိုးချဲ့ပြီး နေရာယူလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကိုလည်ူး ပြုလုပ်ခဲ့ပါတယ်။
================
[[Unicode]]
================