[[Zawgyi/Unicode]]
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ဒေသခံတွေ ထောင်နဲ့ ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ရော်ဘာခြံ၊ ဥယျာဉ်ခြံတွေထဲ ပုန်းရှောင်နေတဲ့ ဒေသခံတွေ စစ်တပ်စစ်ကြောင်းနဲ့တိုးလို့ လူဆယ် ဂဏန်းလောက် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးပြောပြပေးထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းနားမှာ ဧပြီ ၂၃ ရက်က စစ်ကောင်စီတပ်နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ခလယ်-တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ မကြာ မကြာပစ်ခတ်နေတာဖြစ်ပါတယ်။
မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာမှာ အခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ ၁၀ မိုင်လောက်ဝေးတဲ့ ခလယ်-တံခွန်တိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒါကြောင့် ဧပြီ ၂၄ ရက် တနင်္ဂနွေနေ့က ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ ရော်ဘာခြံ ဥယျာဉ်ခြံတွေထဲ ပုန်းရှောင်နေတဲ့ ဒေသခံတွေ စစ်တပ်စစ်ကြောင်းနဲ့ ဒီနေ့တိုးလို့ လူဆယ်ဂဏန်းလောက် အဖမ်းခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။
“ဒီကျိုက်မရောမြို့နယ် တောင်ကလေးကနေပြီးတော့ မုဒုံက တပ်ရင်းတွေ ဖြစ်မှာပေါ့။ သူတို့စစ်ကြောင်းတက်လာတာရှိတယ်။ ကျိုက်မရော တောင်ကလေး နောင်သဲလောက်မှာ တောလမ်းကနေပြီးတော့ ခြေလျင် တက်လာတာရှိတော့ တံခွန်တိုင်ရဲ့ အနောက်ဘက် ဒီတောင်မြေတောက်တန်ရဲ့ တောင်ခြေမှာဖြစ်တဲ့ ရော်ဘာခြံတို့ ဥယျာဉ်ခြံတို့မှာ သွားရှောင်ကြတဲ့လူတွေ။ သူတို့က ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိတယ်ပေါ့နော်။ တဆယ်ကျော်ကျော်လောက် တော့ ပါလိမ်မယ်။ ကလေးငယ်တွေပါတဲ့သူ ကလေးငယ်တွေရှိတဲ့တွေတော့ ပြန်တော့လွှတ်ပေးတယ်လို့ ကြားတယ်။”
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲစခန်းရှေ့ဖြတ်သွားမိသူတယောက်လည်း သေနတ်ထိမှန်ခဲ့ပါတယ်။
“အရင် တနေ့ညကတည်းက လက်နက်ကြီးသံ တချက် နှစ်ချက်ကြားပြီးတော့ တနာရီလောက်ကတည်းက ကျနော်တို့ သိရသလောက်တော့ ဒီစစ်တပ်ရဲစခန်းကနေပြီးတော့ ရွာထဲကို ပြန်ပြီးတော့ ခြောက်ပစ်တာတွေ လုပ်တယ်ဗျ။ အလုံးကြီးတွေရော လက်နက်ကြီးလက်နက်ငယ် ၃နာရီကနေပြီးတော့ ညနေ ၅နာရီလောက်ထိပေါ့။ အဲ့ဒါ မနေ့က ဖြစ်စဉ်မှာတော့ အရပ်သားပြည်သူ အမျိုးသမီးတယောက်ဆုံးသွားတယ်။ ဒီရဲစခန်းဖြတ်လို့ ပစ်ခံရတာက တယောက်။ သူကတော့ လက်ဒဏ်ရာရတာပေါ့ အကြီးစားဒဏ်ရာရတယ်။ နောက် အရပ်သားပြည်သူ တယောက် နှစ်ယောက်လောက် ပြင်းထန်ဒဏ်ရာရတာပေါ့နော်။”
လက်နက်ကြီးတွေ ဥယျာဉ်ခြံတွေထဲ နေအိမ်တွေဘက်မှာ ကျရောက်လို့ ပျက်စီးမှုတွေရှိတယ်လို့ ရွာခံက ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခလယ်-တံခွန်တိုင်၊ နန်းသိုင်းထွန်၊ ပူးလိန် စတဲ့ ပတ်ဝန်းကျင်ကျေးရွာက ထောင်နဲ့ ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ နောက်ထပ် ရွာခံတဦးက ပြောပါတယ်။
“အခုလက်ရှိတော့ ဒီရွာထဲမှာလူတွေ မရှိတော့သလောက်ပဲ။ တော်တော်များများက ထွက်သွားပြီပေါ့နော်။ ဒီမနေ့ညကတည်းကကို လက်နက်ကြီးသံတွေ ကြားပြီးတော့ တချို့ရော်ဘာခြံထဲမှာ ကျတာတွေ ရှိတယ်လေ။ မလုံခြုံတော့ အဲ့ဒါ ကျနော်တို့ ရွာတော်တော်များများ အကုန်လုံးနီးပါးပေါ့နော်၊ အကုန်လုံးထွက်သွားကြတယ်။ ဒီခလယ် တံခွန်တိုင်ရယ်၊ ပြီးလို့ရှိရင် နန်းသိုင်းထွန်ရွာကြီးဆိုတော့ လူက ထောင်နဲ့ ချီရှိမယ်။ စစ်ဖြစ်မှာကို ကျနော်တို့ကတော့ စိုးရိမ်တာပေါ့။ အဓိက ကျနော်တို့အိမ်က တခုခုဖြစ်သွားမလား အိမ်များပျက်စီးသွားမလာပေါ့နော်။”
လောလောဆယ် အဲဒီနေရာတွေဘက်မှာ တိုက်ပွဲတွေရပ်ဆိုင်းနေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဘက်က အရပ်သားပြည်သူတွေရှိရာဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ လက်ရှိအချိန်ထိ ဘေးလွတ်ရာ ပြေးနေကြရပြီး နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ တောတောင်တွေထဲ ပုန်းခိုနေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
==========
[[Unicode]]
==========