သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်းမှာ ကျေးရွာသားတချို့ဖမ်းဆီးသတ်ဖြတ်ခံရ 


ကလေးမြို့တောင်ပိုင်း၊ အင်းကျော်ကျေးရွာ (Crd: MIMU)
ကလေးမြို့တောင်ပိုင်း၊ အင်းကျော်ကျေးရွာ (Crd: MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပြီး ရွာသားတချို့အသတ်ခံရသလို စစ်ရှောင်ယာယီတဲတချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကနေ နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ ဒေသခံ PDF အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အင်းကျော်ကျေးရွာသားတချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ အင်းကျော်ရွာ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲမနေ့ကဖြစ်တယ်။ ဟိုတနေ့ကဖြစ်တယ်ဗျ။ အဲဒါပြီးတော့ ကျနော်တို့ အင်းကျော်သား (၃) ယောက် သတ် သွားတာပေါ့လေ။ အင်းကျော်သား (၃) ယောက်ပါသွားတယ်။ အဲဒါ သူတို့အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာမှာ ချိန်းကြိုးတွေနဲ့ရိုက်ပြီးမှ သတ်ပစ်တယ်တဲ့။"

ဒါ့အပြင် ကလေးမြို့ မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အင်းကျော်ကျေးရွာအနားက ဥယျာဉ် ကျေးရွာကနေအိမ်တချို့နဲ့ စစ်ဘေးရှောင်စခန်း ယာယီတဲတွေကိုလည်း မီးရှို့သွားတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

“စစ်ရှောင်စခန်းတွေက အားလုံးပေါင်းအစိတ်၊ သုံးဆယ်ပါမယ်လို့ပြောတယ်။ စစ်ရှောင်တွေကတောထဲမှာ တဲတန်းတွေထိုးနေကြတဲ့ဟာကို တဲတန်းတွေကို မီးရှို့လိုက်တဲ့အခါကျတော့ သူတို့က ထပ်စစ်ပြေးရှောင်တာပေါ့ဗျာ။ ထွက်ပြေးတဲ့အခါကျတော့ သူတို့မှာ ဘာမှမပါဘူး။ အဝတ်အစားက အစမပါဘူး။ စားနပ်ရိက္ခာကအစမပါဘူး။ အဲဒါကို ရွာနားကျေးရွာတွေက ကူညီပံ့ပိုးကြတာပေါ့။"

ကလေးမြို့က လူမှုကူညီရေးအဖွဲ့ဝင်တဦးကတော့ အင်းကျော်ရွာသားနှစ်ဦးအသတ်ခံရကြောင်းနဲ့ စစ်ရှောင်နေတဲ့ ယာယီတဲတချို့ မီးရှို့ခံရတဲ့အကြောင်း အခုလိုအတည်ပြု ပြောပါတယ်။

“သူတို့ အဲဒီမှာ ပထမဆုံးထိုးတဲ့နေ့က နှစ်ယောက်သတ်တယ်လို့ပြောတယ်။ နှစ်ယောက်သတ်သွားတယ်။ အင်းကျော်ကပါခင်ဗျ။ အင်းကျော်ရွာက ဦးခင်မောင်ရဲ့သားသမက် ကိုလေးဝင်းနဲ့ ဒေါ်မိအေးရဲ့သား ကိုချစ်ကိုကိုတဲ့။ (၂၁) ရက်နေ့က သူတို့စစ်ကြောင်းဝင်တယ်လေ။ စစ်ကြောင်းဝင်လို့ လမ်းမှာ တွေ့တယ်။ သူတို့ PDF သော ခွဲတာမဟုတ်ဘူး။ တွေ့ရင်သတ်တာပဲ။ သူတို့ပြန်ဆုတ်သွားပြီး မီးရှို့သွားတယ်။ ဥယာဉ်သာကို။ (၃) အိမ်လို့ပြောတယ်။ (၃) အိမ်နဲ့ နောက်တခုက စစ်ရှောင်။ ရွာတွေမှာ ရွာထဲစိတ်မချလို့တချို့ ရိက္ခာတွေ တောထဲပို့ထားတာရှိတယ်လေ။ အဲဒီတဲတွေလည်း ရှို့သွားတယ်။ ရိက္ခာများများမြင်ရင်တော့ သူတို့ကသိတဲ့အတိုင်းပဲ။ PDF ရိက္ခာလို့ စွပ်စွဲတာပေါ့။ အဲဒါ ရှို့သွားတယ်။"

ကျန်ရွာသားတွေကတော့ ဘေးလွတ်ရာတောတောင်ထဲမှာတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ အနည်းဆုံးကျေးရွာ (၉) ရွာ မီးရှို့ခံရပြီး အိမ်ခြေ (၂၀၀၀) ခန့် မီးလောင်ကျွမ်းခဲ့ရပါတယ်။

လက်ရှိ မီးရှို့ခံရတဲ့ ရှားဖိုရွာ ဒိုးနွယ်ရွာ အရှေ့စီးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေမရှိတော့လို့ ရွာခံတချို့နေရပ် ပြန်ကြတာရှိပေမယ့် စစ်ဘေးရှောင်တွအတွက်အခက်ခဲရှိနေတုန်းပဲလို့ ဒိုးနယ် ရွာသားတဦးကပြောပါတယ်။

“စစ်ကောင်စီတပ်တွေကအကုန်လုံးဆုတ်သွားပြီ။ ကိုယ့်ရွာ သူ့ရွာပေါ့နော် အဲဒီဘက်ကိုပြန်ပြီးတော့ ဝင်နေကြပြီ။ ဝင်နေကြပြီဆို တစိတ်တပိုင်းပေါ့။ မလောင်ဘဲကျန်ခဲ့တဲ့အိမ်တချို့ပေါ့။ အဲဒါတွေကို ဝင်ပြီးတော့နေ နေကြတယ်။ နောက်ပြီးတော့ အိမ်မီးလောင်သွားတဲ့ဟာတွေလည်း ရှိတဲ့အိမ်က အိမ်အောက်ထပ်မှာပေါ့။ ကပ်ပြီးတော့နေနေကြတယ်။ လုံးဝလောင်သွားတဲ့အိမ်တွေကျတော့လည်း ဘေးလွတ်ရာမှာပဲ ဒီအတိုင်းနေနေကြတာပေါ့။ "

အလားတူချင်းပြည်နယ်ထန်တလန်မြို့တွင်းမှာလည်း မနက်ကတိုက်ပွဲဖြစ်ပွါးခဲ့ပြီး နေအိမ်တွေ မီးရှို့ခံရတယ်လို့ စစ်ဘေး တိမ်းရှောင်နေတဲ့ ထန်တလန်ဒေသခံတဦးကပြောပါတယ်။

“မနေ့က ထန်တလန်မြို့ပေါ်မှာ တိုက်ပွဲ ဖြစ်တယ်ထင်ပါတယ်။ မနေ့က မနက် (၈) ခွဲနဲ့ ဟိုညနေပိုင်းအထိ မီးခိုးတွေ ကျနော်တို့ရွာကနေ လှမ်းမြင်နေရတာပေါ့နော်။ မီးလောင်တာတော့ သေချာတာပေါ့နော်။ ဒါပေမယ့်လို့ ဘယ်လောက် လောင်တယ်ဆိုတာ ကျနော်တို့လည်း အဲဒါသေချာမသိဘူး။"

ထန်တလန်မြို့ အမှတ် ၁ ရပ်ကွက်အတွင်း မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Thantlang တပ်ဖွဲ့ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့သလို CDF-Thantlang CDFအဖွဲ့ဘက်က ( ၄) ဦးဒဏ်ရာရရှိခဲ့ကြ တယ်လို့CDF-Thantlang က သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်နဲ့ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ အိမ်မီးလောင်ရတဲ့အခြေအနေကိုသိရှိဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ချင်းပြည်နယ် ထန်တလန်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်နဲ့တွေမှာနဲ့ စစ်ကိုင်းတိုင်းကလေးမြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးတဲ့ရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်ဟာ ဒေသခံ PDF တွေအပေါ် လက်မခံရဲအောင်နဲ့ အားမပေးရဲအောင် လုပ်ဆောင်တဲ့ စစ်ဆင်ရေးတခုလို့လည်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

လက်ရှိချင်းပြည်နယ်စစ်ရေးပဋိပက္ခဖြစ်စဉ်မှာ ဒေသခံတသိန်းခန့် နဲ့ ကလေးမြို့နယ်မှာ လူဦးရေ (၂၀,၀၀၀) ခန့်ဟာ ဘေးတိမ်းရှောင်နေကြရပြီး တောတောင်ထဲ ဆွေမျိုးသားချင်းအိမ်ထဲနဲ့ အိန္ဒိယနိုင်ငံ မီဆိုရမ်ပြည်နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

#MyanmarViolence #Kalay #SagaingFighting #VOABurmese #ကလေးမြို့တောင်ပိုင်း #စစ်ကောင်စီတပ် #မီးရှို့သတ်ဖြတ် #အင်းကျော်ရွာ #ဗွီအိုအေ

============

[[Unicode]]




















============

XS
SM
MD
LG