[[Zawgyi/unicode]]
ရန်ကုန်မြို့ မြိုနယ်တော်တော်များများမှာ အခုရက်ပိုင်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ သင်္ကြန်အချိန်ဖြစ်နေတာရော ဖောက်ခွဲပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာကြောင့် မြို့ထဲမှာ ကင်းလှည့်တာတွေ နဲ့စစ်ဆေးအရေးယူလာတာတွေ ပိုတွေ့နေရတယ်လို့ ပြောပြကြပါတယ်။ ရန်ကုန်က လုံခြုံရေးအခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုအသေးစားတွေဖြစ်နေတဲ့ ရန်ကုန်မြို့မှာ လုံခြုံရေးတွေကို ပိုပြီး မြင်သာ ထင်သာတေ့ွနေရတယ်လို့ မြို့နယ်တော်တော်များများမှာ နေသူတွေက ပြောပါတယ်။ တနင်္လာနေ့ ညပိုင်းက ဗဟန်းမြို့နယ် ကမ္ဘာအေးလမ်းမကြီးပေါ်မှာရှိတဲ့ မြန်မာပလာဇာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ အဲဒီအနီးတဝိုက်မှာ စစ်သားတွေ ဝတ်စုံပြည့် လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်တာ၊ လုံခြုံရေးချထားတာတွေ မြင်ရတယ်လို့ အဲဒီ နေရာအနီးတဝိုက်နေသူတွေက ပြောပါတယ်။ ရန်ကင်းမြို့နယ်ထဲမှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ထားတဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးအနီးမှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးရယူထားတာတွေ့ရတယ်လို့ ရန်ကင်းသူတယောက်က ပြောပြပါတယ်။
“မနေ့က ပေါက်ကွဲတာကြောင့်လည်း ပါမှာပေါ့။ ဒီမနက်ကစလို့ ကန်ဘဲ့လမ်းရယ်၊ ရန်ရှင်းလမ်းပေါ်နဲ့ ရန်ကင်း စင်တာနားတို့ကို မနက် ၇ နာရီလောက်ကစပြီး တပ်ကပြောက်ကျားဝတ်တွေနဲ့ လက်နက်တွေကိုင် ပတ်နေတာတွေ့တယ်။ နောက် မြန်မာပလာဇာနားနဲ့ ဘဏ်နားမှာ ကင်းပုန်းတွေပြန်ထားလာတယ်။ အရင်တလောက ပြန်သိမ်းသွားတာ ခုမှပြန်ထားတယ်။ နောက် ၂ ရပ်ကွက်နားမှာ မဏ္ဍပ်ဆောက်ထား တယ်။ သူတို့ဘက်က ဆောက်တာ။ အဲနားမှာတော့ စစ်တပ်ကလူတွေ အပြည့်ပဲ။ စောင့်နေတာ။ မဏ္ဍပ်နောက်က ထွေအုပ်ရုံးလေ။ နောက် ရန်ကင်းရပ်ကွက်တွေ လမ်းထဲ ရဲတွေက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီး ပတ်နေတာမျိုးတွေလုပ်တယ်။ ဒီမနက်က စ ထူးထူးခြားခြားသတိထားမိတယ်။ ရွှေအုံးပင် အိမ်ယာနားမှာလည်း အရပ်ဝတ်တချို့တက္ကစီကား ရပ်သလိုလိုနဲ့စောင့်နေတာတွေရှိတယ်လို့ အဲဒီနားမှာနေတဲ့ သူငယ်ချင်းကပြောတယ်။”
ရန်ကုန်မြို့နယ် မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍုပ်ဆောက်ထားတဲ့နေရာနဲ့ လမ်းလျှောက် သင်္ကြန်လုပ်မယ့် မဟာဗန္ဓုလ ပန်းခြံနားအနီးတဝိုက်မှာလည်း လေးဘက်လေးတန်မှာ လမ်းမကြီးတွေ လမ်းသွယ်တွေမှာ စစ်ကောင်စီလုံခြုံရေးတပ်တွေ ချထားတယ်လို့ မြို့ထဲမှာ နေသူတွေက ပြောပြပါတယ်။ မြို့တော်ဝန် ဗဟိုမဏ္ဍပ် ဆောက်နေစဉ်ကလည်း အဲဒီနားမှာ ပေါက်ကွဲမှု အသေးစား ဖြစ်ခဲ့ပါတယ်။ တပ်မတော်အရာရှိတဦးအပါအဝင် ၃ ဦး ပစ်ခတ်ခံရတဲ့ လမ်းမတော်မြို့နယ်မှာလည်း လုံခြုံရေးတင်းကြပ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဧပြီ ၁၁ရက် တနင်္လာနေ့ ညပိုင်းက မြို့ ဆိပ်ကမ်းသာလမ်းဘက်ကနေ မြောက်ဥက္ကလာဘက်ကို ပြန်လာတဲ့ လူငယ် အမျိုးသမီးတယောက် ကြုံရတဲ့ အခြေအနေကို ဗွီအိုအေကို ခုလိုပြောပြပါတယ်။
“မနေ့ညက ညီမ ရုံးမှာအရေးကြီး ပစ္စည်းတခုကျန်ခဲ့တာမို့ ပြန်ယူရတယ်။ ခန့်မှန်းချိန်က ၈ နာရီကျော်လောက် ၉ နာရီလောက်ဖြစ်နေပြီ။ မယူရင် သင်္ကြန်တွင်း အလုပ် လုပ်မရလို့ ပြန်ယူရတာ။ ညီမ ၂ ယောက်ပြန်တော့ တက္ကစီငှား စီးတာပေါ့။ ကားငှားတော့ ကားသမားက အနောက်ပိုင်းခရိုင် တာဝန်ကျတဲ့ ရဲအရာရှိတဲ့။ ကတ်တွေလည်း ပြတယ်။ သူက တဘက် PDF တွေကို လိုက်ပစ်ဖမ်းနေတာ။ ကားပေါ်မှာသေနတ်လည်း ပါတယ်။ ကိုယ်လည်း ဘာလုပ်ရမှန်းမသိဘူး။ သူက ကိုယ်တွေကို သင်္ကြန်တွင်း ညဘက် ၈ နာရီနောက်ပိုင်းမထွက်ဖို့၊ ထွက်ရင်လည်း မှတ်ပုံတင်ယူလာဖို့ပြောတယ်။ PDF တွေကို ပိုက်စိပ်တိုက်ရှာမှာမို့ သတိထားသွားဖို့ သူကတောင် မှာတယ်။ သူတို့က တက္ကစီအငှားသမားပုံစံဖမ်း အသွင်ယူ လိုက်ကြည့်ဖမ်းတာနေတာ။ ဘလိုင်းကြီး ကိုယ့်ကိုသေနတ်ပြ ပြောတာတော့မဟုတ်ဘူး။ ကိုယ်တွေကိုကြည့်တာ ပုံမှန်လူမလို့ မဖြစ်သင့်တာမဖြစ်အောင် ပြောပြတာပါလို့ ပြောတယ်။ ရဲမဟုတ်တဲ့ တပ်ကအဖွဲ့တွေလည်း အဲလို ရှိတယ်။ သတိထား”..တဲ့။ အပြင်ထွက်ရင် မှတ်ပုံတင် မဖြစ်မနေယူဖို့ မှာတယ်။ စစ်မှာပြောတယ်။ အိမ်ကို ပြန်ရောက်မှ အသက်ရှုနိုင်တယ်။”
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့က တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်နေတယ်လို့ အသိပေးထားချိန်မှာ ကျောက်တံတား၊ လမ်းမတော်၊ ဗဟန်း၊ ကမာရွတ် စတဲ့ မြို့နယ်တွေမှာပါ ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေဖြစ်နေတာပါ။ လူမျိုးစုံနဲ့ အခြေခံလူတန်းစားအများစုနေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာလည်း ဒီရက်ပိုင်း လုံခြုံရေး တင်းကျပ်နေတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေသူတယောက်က ဗွီအိုအေကို ပြောပြပါတယ်။
“တခြားဟာတော့မတွေ့ဘူး။ ကင်းတော့လှည့်တယ်။ ဒက်ဗယ်ကပ်နဲ့သွားနေကြတယ်။ နဂိုပုံမှန်တိုင်း နာရီဝက်တခါလိုတွေ့နေရတာပေါ့။”
မြောက်ဒဂုံမြို့နယ်မှာလည်း မနေ့ ဧပြီ ၁၁ ရက်ညပိုင်းကလည်း အပြန်အလှန် ပစ်ခတ်သံတွေကြားရသလို လိုက် လံ ဖမ်းဆီးတာတွေ ကြားရတယ်လို့ အဲဒီနေရာမှာနေကြသူတွေက ပြောပေမယ့် ဗွီအိုအေက ပစ်ခတ်မှုဖြစ်တယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မြောက်ဒဂုံ ဘေလီတံတား၊ ပင်လုံဆေးရုံအနီး၊ ဒဂုံတက္ကသိုလ်ကျောင်းအနီးတဝိုက်အပြင် တချို့ လူနေရပ်ကွက်တွေနဲ့ မြောက်ဒဂုံမြို့နယ်ထဲက အဓိကလမ်းမကြီးတွေမှာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ကင်းပုန်းချ လုံခြုံရေးယူထားတာ၊ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေ လုပ်နေတယ်လို့ မြောက်ဒဂုံမှာ နေသူတွေက ပြောပါတယ်။ မြောက်ဒဂုံ တချို့နေရာတွေမှာတော့ ပုံမှန်အနေအထားအတိုင်း တေ့ွရတယ်လို့ ပြောကြပါတယ်။
“သွားသမျှ ဘာညာမှာတော့ မဏ္ဍပ်တွေ ဘာညာတော့ ဘာမှမရှိဘူး။ လူတွေလည်း လှုပ်လှုပ်ရှားရှား မတွေ့ရဘူး။ ကင်းလှည့်သွားတာတွေတော့ တခါတရံတွေ့တယ်။ အရင်လို ခပ်စိတ်စိတ်ရယ်မဟုတ်ဘူး။ ခပ်ကျဲကျဲတွေ့တယ်။”
ကိုဗစ်ကပ်ရောဂါကူးစက်မှု သိသိသာသာ လျော့ကျသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် သင်္ကြန်ပွဲကို နေရာတော်တော်များများမှာကျင်းပဖို့ စစ်ကောင်စီက မဏ္ဍုပ်တွေ ဆောက်လုပ်ပြင်ဆင်ထားပါတယ်။ ပြည်သူအများကြားမှာတော့ လုံခြုံရေးအခြေအနေကြောင့် သင်္ကြန်ကာလကို အရင်အချိန်တွေကလို ပျော်နိုင်မှာမဟုတ်ဘူးလို့ ပြောကြပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်နေသူတွေကလည်း စစ်ကောင်စီတပ်တွေ ဖိနှိပ်တာခံနေရတဲ့ ပြည်သူတွေကို ကိုယ် ချင်းစာတဲ့အနေနဲ့ သင်္ကြန်ပွဲတော်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဆန့်ကျင်ကြဖို့ တိုက်တွန်းဆော်သြထားကြပါတယ်။
================
[[Zawgyi/unicode]]
================