သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USCIRF အစီရင်ခံစာ မြန်မာတုံ့ပြန်မှုများ 


2022 USCIRF Religious Freedom Recommendations (USCIRF/April 26, 2022)
2022 USCIRF Religious Freedom Recommendations (USCIRF/April 26, 2022)


[[Zawgyi/Unicode]]

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ ကျဆင်းခဲ့တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်း သွင်းဖို့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF က အကြံပြုလိုက်ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် အရေးယူနိုင်ဖို့ နိုင်ငံတကာရဲ့ အားထုတ်ဆောင်ရွက်မှုတွေကို အမေရိကန်အစိုးရအနေနဲ့ တက်တက်ကြွကြွ ထောက်ခံဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ စစ်ခေါင်းေဆောင်တွေအပေါ် အရေးယူ ဒဏ်ခတ်ဖို့လည်း နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ ဒီအပေါ် ဘာသာရေးခေါင်းဆောင်တွေနဲ့ စစ်ကောင်စီက ဘယ်လိုတုံ့ပြန်ပါသလဲ၊ မစုမြတ်မွန်က အပြည့်အစုံတင်ပြပေးထားပါတယ်။

နိုင်ငံတကာမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိအောင် အမေရိကန်အစိုးရလုပ်သင့်တဲ့ အကြံပြုချက်တွေကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ကနှစ်စဉ် အစီရင်ခံစာ ထုတ်ပြန် အကြံပြုချက်တွေ ပေးရပါတယ်။ အခု ၂၀၂၂ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတနိုင်ငံအဖြစ် အမေရိကန်အစိုးရအနေနဲ့ သတ်မှတ်ဖို့ USCIRF ကအကြံပြုလိုက်ပါတယ်။ အကြံပြုချက်နဲ့ပါတ်သက်လို့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ Nadine Maenza ကခုလိုပြောကြားခဲ့ပါတယ်။

“ဒီနှစ်အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံက အခြေအနေတွေကိုတင်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်က အခြေအနေတွေကို အခြေခံပြီး ၁၅ နိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ဖို့ အကြံပြုပါတယ်။ အဲဒီထဲက ၁၀ နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဌာနက စိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက သတ်မှတ်ခဲ့ပါတယ်။
...အဲဒီနိုင်ငံတွေကတော့ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ Eritrea၊ အီရန်၊ မြောက်ကိုရီးယားစတဲ့နိုင်ငံတွေဖြစ်ပါတယ်။”

ဧပြီ ၂၅ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်က အတိုက်အခံတွေကို နှိမ်နှင်းတဲ့နေရာမှာ ဘာသာရေးအဆောက်အဦးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတယ်။ ခရိယာန် ဘာသာဝင် လူနည်းစုတိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားသလို ဗုဒ္ဓဘာသာဝင် သံဃာတော်အများအပြားကိုလည်း ဖမ်းဆီးထောင်ချထားတယ်လို့ ပြောထားပါတယ်။ ခရစ်ယာန် ဘာသာဝင် လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့အဖြစ်မျိုးနဲ့ဆင်တူ ဖိနှိပ်ခံနေရတယ်လို့လည်း နှိုင်းယှဉ်ပြောထားပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ချင်း၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေအပေါ် စစ်တပ်က ပိုပြီးဖိနှိပ်နေတယ်လို့ ကော်မရှင်က ပြောကြားတာနဲ့ပတ်သက်လို့ ချင်းတိုင်းရင်းသား ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တယောက်က ခုလိုပြောပါတယ်။

"သူတို့ကတော့ ဘာသာရေးမှိုင်းတိုက်တဲ့အပိုင်းမှာလည်း ဖြစ်ကောင်းဖြစ်နိုင် တာပေါ့။ ဘာမှမဆီမဆိုင်တဲ့ ဘာသာရေးအဆောက်အဦးတွေကို အဲလိုလုပ်တော့လည်း တခါတလေ ကျနော်တို့ ဘာသာတူတွေအတွက်တော့ ဒုက္ခရောက် တာပေါ့။ ဒါပေမယ့် ဒါကတော့ ကျနော်တို့ ခရစ်ယာန်အနေနဲ့တော့ ဘုရားသခင်ရဲ့အလိုတော်ကို ဝန်ခံရမှာပဲပေါ့။ ကျနော်တို့ ဘာသာရေးအနေနဲ့တော့ အားလုံးအေးချမ်း ငြိမ်းချမ်းဖို့၊ မျှတမှုရှိဖို့၊ ကောင်းရာဘက်သို့ တရားမျှတရေးပေါ့လေ။ ဒါပေမယ့် ဒီလိုဖြစ်နေတော့လည်း ဘာမှ ကျနော်တို့ ပြောပိုင်ခွင့်မရှိပါဘူး။ မကောင်းတာတော့ မကောင်းဘူးပေါ့။ သက်ဆိုင်ရာကတော့ ဘယ်လိုရည် ရွယ်ချက်နဲ့ လုပ်တာလည်းတာ့ မသိဘူးပေါ့လေ။"

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် အစီရင်ခံစာထဲမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သူ့အပေါ်ထောက်ခံမှုရအောင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအလုပ်တွေကို လုပ်နေသလို၊ အကြမ်းဖက် နှိမ်နှင်းမှုတွေ၊ ရိုဟင်ဂျာလို ဘာသာခြား လူနည်းစုတွေအပေါ် စစ်တပ်ကပစ်မှတ်ထားတာကို ထောက်ခံတဲ့ ဘုန်းကြီးတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူသိရှင်ကြား ကိုးကွယ်ဆည်းကပ်ပြတယ်လို့ ဖော်ပြထားပါတယ်။ မန္တလေး သံဃာ့သမဂ္ဂက အရှင်ရာဇဓမ္မ ကလည်း စစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် ဗုဒ္ဓဘာသာကို အမြဲ အသုံးချတယ်လို့ ခုလို မိန့်ပါတယ်။

“စစ်ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်တွေအဆက်ဆက်က ဦးဇင်းတို့ ဒီဘာသာရေးကို သူတို့ရဲ့အကျိုးစီးပွါးနဲ့ အာဏာတည်မြဲရေးအတွက်ကိုပဲ အဓိက ရုပ်ပြသက်သက်လောက်ကိုပဲ အသုံးချခဲ့တာမျိုးတွေ။ ဆရာတော်ကြီးတွေကိုလည်း ဘွဲ့တံဆိပ်တွေ ပေးတယ်။ ဒါတွေကကျတော့ သူ့ရဲ့အာဏာတည်မြဲရေးအတွက်လို့ပဲ ပြောရမှာပဲ။ ဘာလို့တုန်းဆိုတော့ တဘက်မှာက ဒီ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးတာမျိုးတွေရှိတယ်။ နောက်ပြီးတော့ ဒီဘုန်းကြီးကျောင်းတွေမှာဝင်ရောက်ပြီး တပ်စွဲထားတယ်ဆိုတာ ဒါ နိုင်ငံတကာဥပဒေတွေထဲမှာကိုက ဘာသာရေးနဲ့ပတ်သက်တဲ့အဆောက်အဦးတွေမှာ သူတို့ စစ်ကောင်စီဘက်က တပ်စွဲခွင့်မရှိဘူး။ အဲဒါတွေကို သူတို့က ချိုးဖောက်တယ်။ မသိကျိုးကျွန်ပြုပြီးတော့မှ အခု လက်ရှိအချိန်အထိ ဦးဇင်းတို့ ဒီမန္တလေးမြို့ပေါ်မှာဆိုရင်လည်း ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ စစ်တပ်တွေ တပ်စွဲထားတာမျိုးတွေ ရှိတယ်။ နယ်တွေဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ သူတို့ လုပ်ချင်သလိုလုပ်တယ်။ နေချင်သလိုနေတယ်။ ပြီးလို့ရှိရင် ဘုန်းကြီးကျောင်းတွေကို မွှေနှောက်ပြီးတော့ ရှာဖွေတာမျိုးတွေ၊ ဖျက်ဆီးမီးရှို့သွားတာမျိုးတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ စစ်အာဏာရှင်တွေကကော ဘာသာရေးကို သူတို့ရဲ့အာဏာတည်မြဲရေးအတွက် အသုံးချရုံသက်သက်ပါပဲ။”

ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို တုံ့ပြန် ပယ်ချပါတယ်။

“လက်တွေ့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ဘုန်းကြီးတွေကိုသတ်နေတာ ဘယ်သူလဲဆိုတာ တနိုင်ငံလုံးအသိပဲဖြစ်တယ်။ အမေရိကန်ကတော့ သူ့ဟာသူ မျက်စိပိတ်၊ နားပိတ်ပြီးအော်နေလို့ မသိတာဖြစ်မှာပေါ့ဗျာ။ ဒါကတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ကျနော်တို့နိုင်ငံမှာ ပိတ်ပင်ထားတဲ့ ခရစ်ယာန်ကျောင်းတွေ ဘယ်နှစ်ခုရှိလဲ။ ပိတ်ပင်ထားတဲ့ မွတ်ဆလင်ဗလီ ဘယ်နှစ်ခုရှိလဲ။ မြို့ကြီး ပြကြီးတွေမှာ မွတ်ဆလင်(အစ္စလာမ်)ဘာသာဝင်တွေ သူ့ဘာသာရေးနေ့၊ သောကြာနေ့မှာ မွတ်ဆလင်တွေ ဗလီတက်နေတာပဲ။ ခရစ်ယာန်ဘာသာဝင်တွေ ခရစ်ယာန်ကျောင်းတွေတက်နေတာပဲ။”

အမေရိကန်အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ဖို့ အကြံပြုတဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါးချိုးဖောက်နေတဲ့ စစ်တပ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့အကြံပြုပါတယ်။ ဒါ့အပြင် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်တဲ့ စစ်တပ်၊ အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေဖို့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာရင်ဆိုင်နေရတဲ့အမှုအပါအဝင် နိုင်ငံတကာဥပဒေနဲ့ အရေးယူနိုင်ဖို့ဆောင်ရွက်မှုတွေမှာ အမေရိကန်အစိုးရအနေနဲ့ ပံ့ပိုးထောက်ခံဖို့လည်း အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]











===========

XS
SM
MD
LG