[[Zawgyi/Unicode]]
စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်အသီးသီးချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ သက်ဆိုင်ရာမိသားစုတွေနဲ့ ခုအချိန်အထိ လူတွေ့ တွေ့ခွင့်မရကြပါဘူး။ နိုင်ငံအဝှမ်းမှာ ကိုဗစ်စည်းကမ်းဖြေလျှော့နေပေမယ့်လည်း အကျဉ်းဦးစီးဘက်မှာတော့ ဖြေလျှော့ဖို့ အစီအစဉ်မရှိဘူးဆိုတာကြောင့် ထောင်ကျ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေနဲ့ တွေ့ဆုံခွင့်က အလှမ်းဝေးနေဆပါ။ ဒီအကြောင်း ရန်ကုန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားအများစုဟာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိမ်းသိမ်းခံရပြီး ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ပြစ်ဒဏ်ချမှတ်ခံကြရပေမယ့် ဖမ်းခံရချိန်ကနေ အခု ပြစ်ဒဏ်ချမှတ်ခံရပြီးချိန်အထိ မိသားစုတွေနဲ့ လူတွေ့ တွေ့ဆုံခွင့်မရကြပါဘူး။ ကိုဗစ်ကပ်ဘေး စည်းမျဉ်းနဲ့အညီ အကျဉ်းသားတွေ လူတွေ့ တွေ့ဆုံခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားတာလို့ သိရပေမယ့် တနိုင်ငံလုံးနေရာအတော်များများမှာတော့ ကျောင်းတွေ၊လုပ်ငန်းခွင်တွေပြန်ဖွင့်၊ နိုင်ငံတကာခရီးသွားလာခွင့်တွေပြန်ဖွင့်ပြီး ကပ်ဘေး စည်းမျဉ်းတင်းကြပ်မှုတွေကို ပြန်လျှော့ပေးနေပါတယ်။ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူတဦးကတော့ အကျဉ်းဦးစီးဌာနအနေနဲ့ ကပ်ဘေးစည်းမျဉ်းဖြေလျှော့ပြီး လူတွေ့ တွေ့ဆုံခွင့်ပြန်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ဆောင်ရွက်ပေးချင်စိတ်လည်း ရှိပါတယ်။ လောလောဆယ် ကျန်းမာရေးနဲ့ အခြေအနေအရ လုပ်ပေးလို့မရသေးပါဘူး။ ခုကျန်းမာရေးအခြေအနေအရ ကိုဗစ်ကိုပျောက်သွားပြီ၊ ငြိမ်သွားပြီ၊ သက်သာသွားပြီဆိုပြီးတော့ သူ့ရဲ့မျိုးကွဲတွေက ဟိုဘက်ကပေါ်လာလိုက်၊ ဒီဘက်ကပေါ်လာလိုက်ဖြစ်နေချိန်မှာ အရပ်ထဲမှာ ပြဿနာမရှိပေမယ့် ကျနော်တို့နေရာမှာ သူများထက် ဂရုစိုက်ပေးရပါတယ်။ အဲဒါကိုဆိုလိုတာပါ။”
ပြစ်ဒဏ်ချပြီးသားသူအများစုကို ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ပေးခဲ့ပေမယ့်၊ မိသားစုဝင်တွေ တွေ့ဆုံခွင့်ကတော့ ကန့်သတ်ပိတ်ပင်ထားဆဲပါ။ အခုလို လူတွေ့တွေ့ဆုံခွင့်မပေးတဲ့အခြေအနေမှာပဲ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပိတ်တာ ရိုက်နှက်တာစတဲ့ သတင်းအမျိုးမျိုးကြောင့် မိသားစုဝင်တွေအဖို့ စိုးရိမ်မှုတွေတိုးလာနေပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ စစ်ကောင်စီဘက်က သေဒဏ်ချမှတ်ခံထားရတဲ့ ကိုကျော်မင်းယုခေါ်ကိုဂျင်မီ ဆိုရင် ဖမ်းဆီးချိန်ကစလို့ ဒီကနေ့အချိန်ထိ မိသားစုဘက်က ပစ္စည်းနဲ့ဆေးဝါးပို့ခွင့်တောင် မရသလို အခုချိန် ထိ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကို မိသားစုကမသိရဘူးလို့ မိသားစုဝင်တွေဘက်က ပြောပါတယ်။ ကိုဂျင်မီရဲ့ ဇနီးသည်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင်တဦးလည်းဖြစ်သူ မနီလာသိန်းကတော့ ထောင်တွင်းဖိနှိပ်မှုတွေကို ဖုံးကွယ်ချင်လို့ အခုလို ကန့်သတ်ပိတ်ပင်နေတာလို့ သူ့အမြင်ပြောပါတယ်။
“ကျမတခုတည်း ပြောချင်တာက ဘယ်နေရာဘဲရောက်ရောက် လူတယောက်မှာ သူ့အခွင့်အရေးနဲ့သူ ရှိပါတယ်။ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ထောင်ထဲရောက်နေသူအားလုံးကလည်း သူတို့ရပိုင်ခွင့် အခွင့်အရေးဆိုတာ ရှိပါတယ်။ အကျဉ်းသား အခွင့်အရေးလည်း ရှိပါတယ်။ ဒါတွေအားလုံး ကိုစစ်ကောင်စီက တခုမှ လုပ်ဆောင်ပေးခြင်းမရှိဘဲနဲ့ အခုဆိုလို့ရှိရင် ထောင်ထဲရှိတဲ့လူတွေ ရဲဘော်မောင်နှမတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ကြားသိရတာတွေက အရမ်းကိုခက်ခဲတယ်။ ထောင် အာဏာပိုင်တွေ ဘက်က ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှုတွေရှိတာ ကြားသိရတယ်။ မိသားစုနဲ့တွေ့ခွင့်မရဘူး။ ဘယ်သူနဲ့ မှတွေ့ခွင့်မရချိန်မှာ လူမသိသူမသိ သူတို့ရဲ့ ကျူးလွန်နေတဲ့လုပ်ဆောင်မှုတွေကို ထပ်ခါတလဲလဲလုပ် ဆောင်နေတာကြားရတယ်။ အဲဒါတွေကို ကျမ အများကြီးစိတ်ပူမိပါတယ်။”
ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းထောက်တဦးရဲ့ဖခင်ကလည်း ကိုဗစ်ကူးစက်မှုတွေ ကျဆင်းလာတာမို့ သားဖြစ်သူနဲ့တွေ့ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
“ခု၂၄ ဆို ၃ လပြည့်ပြီပေါ့။ ဒါပေမယ့် အပြင်လူနဲ့လုံးဝ တွေ့ခွင့်မရှိဘူး။ သူတို့ကကိုဗစ်အကြောင်းပြထားတယ်ပေါ့လေ။ သူတို့လုပ်ချင်တာလုပ်လို့ရနေတဲ့ အချိန် ဘဲဗျာ ကိုယ်တွေကဘာပြောလို့ရမှာလဲ။ ခံစားရတာတခုဘဲရှိတာပေါ့။)
ပုံမှန်အတိုင်း ပြဌာန်းချက်အရဆိုရင် ထောင်ကျပြီးသား အကျဉ်းသားတွေဟာ မိသားစုနဲ့ပုံမှန်တွေ့ခွင့်ရမှာဖြစ်ပေမယ့်၊ ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းတွေအရ ဒီအခွင့်အရေးကို တားမြစ်ခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)ရဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ ဇူလှိုင် ၁၃ရက်အထိ ဖမ်းဆီးထိန်း သိမ်းခံထားရသူ ဦးရေ ၁၅,၀၀၀ နီးပါးမှာ ၁,၅၀၀ နီးပါးဟာ ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်ပါတယ်။ ဒီထဲမှာ အသက် ၁၈ နှစ်အောက်အရွယ် ကလေး ၂ ယောက်အပါအဝင် အယောက် ၁၅၀ နီးပါးကို သေဒဏ်အသီးသီးချမှတ်ထားပါတယ်။
===============
[[Unicode]]