[[Zawgyi/Unicode]]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ကို ပါတီစာရင်းစစ်ဆေးမှုခံယူဖို့ ပျက်ကွက်တာကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူသွားရလိမ့်မယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန်ပါတယ်။ SNLD ဘက်ကတော့ ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ပြန်လည်ဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ငွေစာရင်းကို စစ်ဆေးမယ်ဆိုပြီး ထုတ်ပြန်ခဲ့တဲ့နောက် NLD ပါတီနဲ့ SNLD ပါတီတွေက သတ်မှတ်ရက်မှာ စစ်ဆေးခံယူမှုမရှိဘူးဆိုပြီး ထုတ်ပြန်ပါတယ်။ မတ်လ ၉ ရက်နေ့အထိ နောက်ဆုံးထားပြီး လာရောက် စစ်ဆေးမခံဘူးဆိုရင်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ အရေးယူသွားမယ်လို့ ကော်မရှင်က သတိပေးထားပါတယ်။ SNLD ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ ကော်မရှင်ရဲ့လုပ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ချေပပြောဆိုပါတယ်။
“ကျနော်တို့က သူတို့ဆီသွားပြီး အစစ်ဆေးခံဖို့ အဆင်မပြေဘူး၊ လုပ်ငန်းသဘောသဘာဝအရဆိုလို့ရှိရင် ငွေစာရင်းစစ်ဆေးတယ်ဆိုတာက ဒီအစစ်ဆေးခံမယ့်အဖွဲ့တည်နေရာအထိ လာပြီးတော့မှစစ်ဆေးရမှာပေါ့။ အဲဒါက လုပ်ထုံးလုပ်နည်းလို့ ကျနော်တို့နားလည်တယ်။ အဲလိုမှမဟုတ်ဘဲ လာပြီးအစစ်ဆေးခံလှည့်ပါဆိုတာမျိုးကတော့ အပြစ်တစုံတရာရှိလို့ သွားပြီး အစစ်ဆေးခံရမယ့်သဘောပေါ့။ အဲဒါကို ကျနော်တို့လက်သင့်မခံနိုင်ပါဘူး။ ကျနော်တို့မှာ ရုံးဖွင့်ထားတာ ရှိတယ်။ စာရင်းဇယားတွေ အမှန်အကန်တွေရှိတယ်။ လိုအပ်ရင်ရုံးကိုလာစစ်ဆေးပါ။ အဲလိုဆို ကျနော်တို့ အဆင်သင့်ပေါ့နော်။ သူတို့ဆင့်ခေါ်မှုအရ ဘယ်နေရာဘယ်မှာ သွားအစစ်ခံပါဆိုတာမျိုး ဆိုတာကို ကျနော်တို့ လက်သင့်ခံမှာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ဆင့်ခေါ်ရင်လာရမယ်။ အစစ်ဆေးခံရမယ်ဆိုတာမျိုး ရေးထားတာမတွေ့ပါဘူး။ အဲဒါကြောင့်မို့ သူတို့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်။ ကျနော်တို့က ကျနော်တို့ရပ်တည်မှုကို ဘယ်လိုမှပြောင်းလဲမှာမဟုတ်ပါဘူး။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် အယောက် ၂၀ နီးပါးအဖမ်းခံထားရတာ၊ နောက်ပြီး ပါတီစာရင်းတွေ ကိုင်တွယ်ဆောင်ရွက်နေတဲ့ ပါတီ ဘဏ္ဍာရေးမှူးတဦးဖြစ်တဲ့ ဦးသိန်းဦးကိုလည်း ဖမ်းဆီးခံထားရတာအပြင် စာရင်းတွေထိန်းသိမ်းထားတဲ့ ပါတီရုံးချုပ်ကို လည်း ဖျက်ဆီးခံရတာမို့ ပါတီငွေစာရင်းစစ်ဆေးခံဖို့ဆိုတာ အခက်အခဲအများကြီးရှိတယ်လို့ အမည်မဖော်လိုတဲ့ ပါတီ လူလတ်ပိုင်းခေါင်းဆောင်တဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုအခက်အခဲတွေရှိနေတာကို သိသိနဲ့ စစ်ဆေးခံဖို့အတွက် လုပ်ဆောင်တာကိုက ပါတီကို ဖျက်သိမ်းနိုင်အောင် တမင်ဖန်တီးတာသက်သက်ပဲလို့ အဲဒီ ပါတီခေါင်းဆောင်က ဗွီအိုအေကို ပြောပါတယ်။
ဒါ့အပြင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အများစု အဖမ်းခံထားရတဲ့အတွက် ပါတီလုပ်ငန်းအရပ်ရပ်အတွက် ပါတီဗဟိုအလုပ်ကော်မတီဆိုတာဖွဲ့ပြီး ဆောင်ရွက်နေသလို အဲဒီအဖွဲ့ဝင်အားလုံးကလည်း လက်ရှိမှာ တိမ်းရှောင်နေကြရတာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ ပျက်ကွက်ခဲ့တဲ့ ပါတီနှစ်ခုကို တည်ဆဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေပါ ပုဒ်မ ၂၄ (က) အရ လာမယ့် မတ်လ ၉ ရက်နေ့ နောက်ဆုံးထား အစစ်ဆေးခံဖို့နဲ့ ထပ်မံ ပျက်ကွက်ရင် ပုဒ်မ ၂၄ (ဂ) (ဃ) (င) စတာတို့နဲ့ အဆင့်ဆင့်အရေးယူဖို့လုပ်သွားမယ်လို့ ပါဝင်ပါတယ်။
တည်ဆဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေပါ ပုဒ်မ ၂၄(ဂ) ကတော့ ကော်မရှင်ညွှန်ကြားချက်မလိုက်နာတဲ့ပါတီကို ပထမဆုံးအနေနဲ့ ပါတီလှုပ်ရှားမှုတွေကို ၃ နှစ်ထိ ယာယီရပ်ဆိုင်းနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ ပုဒ်မ ၂၄ (ဃ) ကတော့ ဒီလို အပြစ်ပေးတာကိုမှ ထပ်မံ မလိုက်နာရင် ပါတီလုပ်ငန်းအားလုံးကို ကာလသတ်မှတ်ချက်နဲ့ ရပ်ဆိုင်းဖို့လုပ်နိုင်တဲ့ပုဒ်မပါ။ ပုဒ်မ ၂၄ (င) ကတော့ ပါတီကိုအပြီးတိုင် ဖျက်သိမ်းပစ်နိုင်တဲ့ အမိန့်ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူဦးရဲထွန်းကတော့ ကော်မရှင်ဘက်က ကြေညာချက်နဲ့ပတ်သက်လို့ ဒီလိုအရေးပါတဲ့ ပါတီနှစ်ရပ်ကို ဖျက်ဖို့ လိုလားမှာမဟုတ်ဘူးလို့ သူ့အမြင်ပြောပါတယ်။
“ပူးပေါင်းဆောင်ရွက်မှုမပြုဘူးဆိုတော့ အစစ်ဆေးမခံဘူးဆိုတဲ့ သဘောပဲ ရှိတာပေါ့။ ဒါနဲ့ပတ်သက်လို့က ဥပဒေအရက ဘယ်လိုသတ်မှတ်ထားလဲ။ မပြောနိုင်ဘူးပေါ့။ ကျနော်မှန်းကြည့်တာကတော့ နိုင်ငံရေးအရ မဖျက်သိမ်းစေချင်ဘူး။ UEC အနေနဲ့တတ်နိုင်သလောက် ပါစေချင်တာပေါ့။ အဓိကအားဖြင့်က NLD နဲ့ SNLD ပါပဲ။ နည်းနည်းတော့နိုင်ငံရေးအရ တွက်ချက်မယ်ထင်ပါတယ်။ အရေးယူတဲ့ကိစ္စမှာလေ။ တတ်နိုင်သမျှ ပါစေချင်တယ်။ သူတို့လုပ်မယ့်ရွေးကောက်ပွဲမှာလေ။ ပါစေချင်တော့ ဒီကြားထဲ မတရားသဖြင့် ဖျက်သိမ်းလိုက်တာမျိုး အဖြစ်မခံချင်ဘူး။”
လက်ရှိမှာ နိုင်ငံရေးပါတီ ၉၂ ပါတီရှိတဲ့အနက် ၇၅ ပါတီကို စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးပြီလို့ ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်ရှင်။
==============
[[Unicode]]
==============