[[Zawgyi/Unicode]]
NLD ပါတီနဲ့ SNLD ပါတီတွေကို အရေးယူရေးဖို့ ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူကပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်ဆေးမှုကိုမခံတဲ့အတွက် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ။ စစ်ကောင်စီပြောခွင့်ရကလည်း နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင် ဖို့ ဆောင်ရွက်နေတဲ့အကြောင်း နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
နေပြည်တော်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားတဲ့ ကိစ္စတွေကို အဓိက ပြောခဲ့ပါတယ်။ လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပတဲ့အခါ အချိုးကျ ကိုယ်စားပြုစနစ်တွေထဲက စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ ကော်မရှင်က ဆိုပါတယ်။ ပါတီနာမည်ကို မူတည်တဲ့ အချိုးကျ ကိုယ်စားပြု စနစ်ထဲက စာရင်းပိတ်စနစ်နဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို လုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောပါတယ်။
နိုင်ငံရေးပါတီစာရင်းတွေ စစ်ဆေးမှုနဲ့ပတ်သက်လို့လည်း ပါတီ ၈၃ ခုကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့စစ်ဆေးမှုမခံခဲ့တဲ့ NLD ပါတီနဲ့ SNLD ပါတီတို့အပေါ် အရေးယူသွားမယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။
“၂၄ (ဂ/ဃ/င) အရဆိုရင် ပါတီကို သတ်မှတ်ရက်အတွင်းမှာ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာမရှိရင် နိုင်ငံရေးပါတီကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းတာ၊ ယာယီရပ်ဆိုင်းတဲ့ကာလအတွင်းမှာ (ဃ)အရဆိုရင် သတ်မှတ်ထားတဲ့လုပ်ငန်းတွေကလွဲရင် ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရဘူး။ နောက် (င) အရဆိုလို့ရှိရင် တကယ်လို့ သတ်မှတ်ကာလအတွင်းမှာ ဆောင်ရွက်ခြင်းမပြုရင်တော့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူနိုင်တာရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့တော့ ဒီပျက်ကွက်မှုနဲ့ပတ်သက်လို့ ရှိရင် ကိုယ်စားလှယ်တွေပေါ့- ဒီ ကျနော်တို့ ကော်မရှင်အဖွဲ့ဝင်တွေပေါ့- ကော်မရှင်အဖွဲ့ဝင်တွေကလည်း အခု ကျနော် တင်ပြတဲ့အတိုင်းပါပဲ။ ခရီးသွားနေကြတဲ့သူတွေ-မစုံသေးပါဘူးခင်ဗျ။ ခရီးလှည့်ပြီးတော့ ....ပရောဂျက်တွေ လုပ်နေပါတယ်။ သူတို့ ပြန်ရောက်ပြီ၊ စုံပြီဆိုရင်တော့ ကျနော်တို့မှန်းတာတော့ တပ်မတော်နေ့နောက်ပိုင်းပေါ့- ကျနော်တို့ရဲ့ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး - စုံညီအစည်းအဝေးထိုင်ပြီးရင်တော့ ဥပတွေနဲ့အညီ လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ဒီနေ့သတင်းစာရှင်းပွဲအတွင်းမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်း ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီက ဘယ်လိုနည်းတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုဖြေကြားသွားပါတယ်။
“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ လျှော့ချနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အကြားအလပ်မရှိ ကျင်းပနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိတယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အခြေခံနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှုမြင်ပုံကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို ပြောပါတယ်။
“လူထုရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ် ဖြစ်ပေါ်နေတဲ့ မကျေနပ်နိုင်မှုတွေကို ပိုပြီးတော့ကျ နှိုးဆွပြီးတော့ကျ လက်နက်ကိုင်ဖြစ်လာအောင် တိုက်တွန်းနေတဲ့၊ လက်နက်ကိုင်ဖြစ်လာအောင် လမ်းကြောင်းပေးနေတဲ့ကိစ္စတွေကို ကျနော်တို့က ဖြေရှင်းမှာဖြစ်တယ်။ လက်နက်ကိုင်ပြီးတော့ကျ ဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်နေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ကျ မကျေနပ်မှုများပေါ့နော်- သူတို့ရဲ့စိတ်ထဲမှာရှိတဲ့ မကျေနပ်မှုများကို အနည်းဆုံးအဆင့် လျှော့ချနိုင်တဲ့အထိ ကျနော်တို့က ကြိုးပမ်းဆောင်ရွက်မှာဖြစ်တယ်။”
မြန်မာနိုင်ငံထဲက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေဘက်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးဆောင်ရွက်မှုကို လက်မခံနိုင်တဲ့ ဒေသခံပြည်သူတွေက လက်နက်စွဲကိုင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအဖြစ် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေကြတာပါ။ စစ်ကောင်စီကတော့ ဒီအဖွဲ့တွေဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီး အဲဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
================
[[Unicode]]
================