[[Zawgyi/Unicode]]
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ လူသိများထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ မောင်သာချိုနဲ့ ထင်လင်းဦးတို့ကို ထောင်တွင်းတရားရုံးတွေက ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။ NLD ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ယူခဲ့သူ စာရေးဆရာ ထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ်၊ စာရေးဆရာမောင်သာချိုကို ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။ ရန်ကုန်ကပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်ခဲ့ရတဲ့ စာရေးဆရာ မောင်သာချိုနဲ့ စာရေးဆရာ ထင် လင်းဦးကို ထောင်တွင်းက မြောက်ဥက္ကလာပ အထူးတရားရုံးကနေ ဒီနေ့ဖေဖော်ဝါရီ ၂၂ ရက်မှာ ထောင်ဒဏ်တွေ ချလိုက်ပါတယ်။ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ ပုဒ်မတွေနဲ့ စာရေးဆရာ ၂ ယောက်ကို ထောင်ချလိုက်တာနဲ့ပတ်သက်လို့ သူတို့ရဲ့ ရှေ့နေက အခုလိုပြောပါတယ်။
“ဆရာထင်က ၅၀၅- က ( ၅၀၅ ဒက်ရှ် ‘ က’) အခုစကစလက်ထက်မှာတပ်တဲ့ တနှစ်တိုးတဲ့ဥစ္စာနဲ့ သူ့ကိုစွဲထားတာဖြစ်တဲ့အတွက် သူ့ကို ၃ နှစ်အတိ ချလိုက်တယ် အလုပ်နဲ့ထောင်ဒဏ်ပေါ့။ ဆရာချိုက ၅၀၅ ( က) ( ၅၀၅ ကွင်း ‘ က’) ဖြစ်နေတယ်။ အရင်တုန်းက သတ်မှတ်ထားပြီးသား ပုဒ်မဖြစ်တဲ့အတွက်ကြောင့်မို့ သူက ၂ နှစ်ပဲလေ။ ၂ နှစ်ပဲ ချပေးလိုက်တယ်။”
စာရေးဆရာ မောင်သာချိုဟာ ဂျက်ကွမ်းခြံကုန်းနာမည်နဲ့ သရော်စာနဲ့ ဆောင်းပါးတွေကိုလည်း ဂျာနယ်တွေမှာ အများအပြားရေးခဲ့ပြီး စာပေဟောပြောပွဲတွေမှာလည်း ထင်ရှားခဲ့သူပါ။ စာရေးဆရာ ထင်လင်းဦးဟာလည်း NLD ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံဟောင်း ဖြစ်ခဲ့ဖူးသလို ၂၀၁၄ ခုနှစ်က စာပေဟောပြောပွဲတခုမှာ ဘာသာ- သာသနာ ညှိုးနွမ်းစေမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဦးစီးမှူးက တရားလိုလုပ်ပြီး တရားစွဲခဲ့လို့ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရဖူးပါတယ်။ သူတို့နှစ်ဦးလုံးဟာ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။ ဆရာမောင်သာချိုက အာဏာသိမ်းတဲ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ ဆရာထင်လင်းဦးကတော့ ညနေပိုင်းလောက်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အာဏာသိမ်းတဲ့နေ့မှာပဲ သူတို့ ၂ ယောက်လုံးကို ဖမ်းဆီးခံရတာဖြစ်လို့ ဘာကြောင့် ဖမ်းဆီးသလဲဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင် မသိကြပါဘူး။ နှစ်ယောက်လုံး တရားရင်ဆိုင်နေရတဲ့ကာလ တနှစ်ကို ချုပ်ရက်ခံစားခွင့်ရမှာဖြစ်ပြီး စာရေးဆရာ ထင်လင်းဦးကတော့ စစ်ကြောရေးမှာ စစ်ဆေးခံရတဲ့ အချိန်တလကိုတော့ ထပ်ပြီးခံစားခွင့် ရမှာမဟုတ်ဘူးလို့ ရှေ့နေက ပြောပါတယ်။ စာရေးဆရာမောင်သာချိုရဲ့ ကျန်းမာရေး သိပ်မကောင်းလှဘူးလို့လည်း ရှေ့နေကပြောပါတယ်။
===================
[[Unicode]]
===================