သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ


လက်ပံတောင်းတောင်ဒေသအမျိုးသမီးတွေရဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆန္ဒဖော်ထုတ်ပွဲ (မတ်လ ၈၊ ၂၀၂၂။ ဓာတ်ပုံ-Women Alliance Burma)
လက်ပံတောင်းတောင်ဒေသအမျိုးသမီးတွေရဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆန္ဒဖော်ထုတ်ပွဲ (မတ်လ ၈၊ ၂၀၂၂။ ဓာတ်ပုံ-Women Alliance Burma)

[[Zawgyi/Unicode]]


ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံ တချို့ဒေသ တွေမှာ အမျိုးသမီးတွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အမျိုးသမီးတွေ ခွဲခြားခံရမှု အဆုံးသပ်ရေးတွေအတွက် တောင်းဆိုခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ အမျိုးသမီးတွေနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတဲ့ မြန်မာ အမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုကြောင်း ရန်ကုန်အခြေစိုက် သံရုံးအသီးသီးကလည်း ဒီကနေ့မှာ ထုတ်ပြန်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မစုမြတ် မွန်က တင်ပြပေးထားပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန်မြို့နဲ့ ကလေးမြို့တွေမှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲက လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေလုပ်ခဲ့ကြတယ်လို့ ရန်ကုန်မှာ ဒီနေ့ဆန္ဒပြခဲ့တဲ့ Women Alliance အဖွဲ့က မချိုဝတ်ရည်အေးက ပြောပါတယ်။

“ကျမတို့ ဒီနေ့ ထွက်တာကတော့ အမျိုးသမီးသပိတ်ပေါ့၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရည်ရွယ်ပြီးတော့ ထွက်တာပါ။ ဒီကနေ့ကတော့ ကျမတို့က ပုံမှန်ပေ့ါနော်- Women Alliance က ဒီနေ့ ရန်ကုန်မှာလုပ်တယ်။ မနေ့က မန္တလေးမှာ ထွက်ခဲ့တယ်။ ရှေ့တရက်က မုံရွာမှာထွက်ခဲ့တယ်။ ကျမတို့ Women Alliance က အမျိုးသမီး Call ခေါ်ရင် အမြဲတမ်း မြေပြင်အခြေအနေပေါ်မူတည်ပြီး ၃ ရက်၊ ၄ ရက် လောက် အချိန်ပေးပြီးတော့ အဲ့ဒီရက်တွေကတည်းက အဆင်ပြေတဲ့အချိန်ကို ထွက်ကြတာဆိုတော့လေ။ နယ်တွေကလည်း ထွက်ဖို့ရှိပါသေးတယ်။ ဒါပေမယ့် အင်တာနက်ကြောင့်ပေါ့နော်။ ပုံတွေဘာတွေ ကျမတို့ဆီပို့ဖို့ အဆင်မပြေတာတို့၊ အင်တာနက် ဖြတ်ထားတဲ့နေရာတွေက။ နောက်ပြီးတော့ ကျမတို့တွေ မြေပြင်အခြေအနေတွေကြောင့်မို့လို့ မထွက်ဖြစ်သေးတာပဲ ရှိမှာပါ။ နောက်ထပ်ထွက်ဖို့ရှိတာက တခြားနယ်မြို့တွေမှာလည်း ထွက်ဖို့ ရှိပါသေးတယ်။”

အမျိုးသမီးတွေ ခွဲခြားဖိနှိပ်ခံရမှု ပပျောက်ပြီး တန်းတူအခွင့်အရေးရရှိအောင်ကြိုးစားနေတဲ့ တချိန်တည်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလုပ်နေကြတာဖြစ်လို့ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ အရေးကြီးတယ်လို့ အမျိုးသမီး သပိတ်အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍက တော်တော်လေးများတယ်။ ပါဝင်တဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေပါဝင်မှုက။ ဘာကြောင့် အရေးကြီးလဲဆိုတော့ ကျမတို့အမျိုးသမီးတွေက ဒီတော်လှန်ရေးမှာ တော်လှန်ရေးကို ၂ ခု တပြိုင်တည်းလုပ်ရတယ်။ အာဏာရှင်ကိုလည်း တော်လှန်ရတယ်၊ နောက် ခေတ်အဆက်ဆက်က အမျိုးသမီးတွေကို ဖိနှိပ်ခဲ့တဲ့၊အကြမ်းဖက်ခဲ့တဲ့၊ ခွဲခြားဆက်ဆံခဲ့တာတွေကိုလည်း အာဏာရှင်နဲ့အတူ တပါတည်း တော်လှန်တိုက်ထုတ်နေရတယ်ပေါ့နှော်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေရဲ့ တော်လှန်မှုက အရေးပါတယ်။ နောက်ကျမတို့ အရင်က အမျိုးသမီးသပိတ်ထွက်တုန်းက သုံးခဲ့တဲ့ ‘အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲက မအောင်မြင်နိုင်ပါဘူး’ ဆိုတာမျိုးပေါ့။ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး ဒီတော်လှန်ရေးက အောင်မြင်မှာပေါ့နော်။ တနေရာရာကနေ မပါဝင်တော့ဘူး ပျက်ကျခဲ့ပြီဆိုရင် ဒီတော်လှန်ရေးရဲ့ အောင်မြင်မှု ရာခိုင်နှုန်းက နိမ့်သွားနိုင်တယ်ပေါ့နော်။”

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသူအမျိုးသမီးတွေကလည်း အမျိုးသမီးအခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ ရှမ်းအမျိုးသမီးအဖွဲ့တခုဖြစ်တဲ့ Shan Woman Action Network က ‘တန်းတူရေးကို ဖော်ဆောင်ဖို့ ဖိုဝါဒကို တိုက်ဖျက်စို့’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထမီတွေကို အလံထောင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသတဲ့ ဓါတ်ပုံတွေကို လူမှုကွန်ယက်တွေမှာ ဖော်ပြခဲ့ပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကလည်း အများအကျိုးလုပ်နေတဲ့ ကရင်အမျိုးသမီး ၁၀ ဦးကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့ပါတယ်။ မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM၊ ကချင်အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ) KWAT နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းတင်နေတဲ့ ND-Burma တို့ကလည်း မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိတွေ စစ်အာဏာသိမ်းပြီးနောက် အစမ်းသပ်ခံနေရတယ်ဆိုတဲ့ စာတမ်း ၁ စောင်ပူးတွဲထုတ်ပြန်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသမီးတွေကိုလေးစားတဲ့အနေနဲ့ အမျိုးသားတွေက ထမီကို ခေါင်းပေါင်းတာ၊ ဝတ်ဆင်တာတွေပြုလုပ်ပြီး အမျိုးသမီးများနေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဓာတ်ပုံကမ်ပိန်းကိုလည်း လုပ်ခဲ့ကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ မျှဝေကြတဲ့ ဒီဓာတ်ပုံ ကမ်ပိန်းမှာလည်း နိုင်ငံတဝန်းက တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေး တနှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီး ၁၂၂ ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ အမျိုးသမီးတွေနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတဲ့ မြန်မာအမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြု ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးအသီးသီးကလည်း ဒီနေ့မှာ ထုတ်ပြန်ကြပါတယ်။ စစ်အာဏာသိမ်းမှုတနှစ်အတွင်း ကျဆုံးခဲ့ကြတဲ့အမျိုးသမီးတွေကို အောက် မေ့ဂုဏ်ပြုကြောင်းနဲ့ ဒီမိုကရေစီအရေးမှာ ကြိုးပမ်းပါဝင်နေကြတဲ့ အမျိုးသမီးတွေ အားလုံးကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးကလည်း နိုင်ငံရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ မျှော်လင့်ချက်တွေကို ဖော်ပြဖို့ အခြေခံအခွင့်အရေးတွေကို ကျင့်သုံးနေကြတဲ့ အမျိုးသမီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုကြောင်းထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ ကျား မ ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုခံရနိုင်တဲ့ အခြေအနေပိုများတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအရေး ထုတ်ဖော်ပြောဖို့ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးထုတ်ပြန် ချက် မှာလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================


[[Unicode]]











=================

XS
SM
MD
LG