သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုနဲ့မိုးဗြဲဒေသ တိုက်ပွဲများဖြစ်ပွားနေ


 စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ ယခင်မှတ်တမ်းဓာတ်ပုံ ( ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)
စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ ယခင်မှတ်တမ်းဓာတ်ပုံ ( ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)

[[Zawgyi/Unicode]]

ရှမ်း ကယားနယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့အထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေက ဒေသခံတွေဟာ အရင်ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာမို့ အရပ်သားအထိအခိုက်တော့ မကြားရပါဘူး။ ရန်ကုန် ကပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေဘက်မှာ မနေ့က နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေ ပြင်းပြင်းထန်ထန် ကြားနေရတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့မှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ထပ်မံကြားနေရတယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာမှာ မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

''မနေ့ညလည်း ပစ်ခတ်တယ်ပေါ့။ ညပိုင်းမှာ လက်နက်ကြီးရော လက်နက်ငယ်ရော နောက် ဒီမနက်လည်း ပစ်ခတ်သံတွေကြားနေရတာပါပဲ။ (မနေ့ည) တိုက်ပွဲဖြစ်တာက ဒီဝါရီဆူးပလိုင်ကျေးရွာဘက်ပေါ့။ စစ်ကောင်စီအခြေချနေတဲ့နေရာပေါ့။ ဒေသခံတွေ မရှိတော့ပါဘူး။ ဝါရီဆူးပလိုင်က စစ်ကောင်စီဝင်ထိုင်ကတည်းကဆို အကုန်လုံး ရွာလုံးကျွတ်တော့ ထွက်သွားတာတော့ ၄ လလောက်ရှိပြီးပေါ့။ ကာကွယ်ရေးတပ်ဖွဲ့က ဝင်ပစ်တာလာမသိဘူး။ မနေ့ည တိုက်ပွဲအပြင်းအထန်ဖြစ်သေးတယ်။''

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာမှာ မိုးဗြဲမြို့ အစွန်ဘက်ကိုပါ လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဩဂုတ်လ ၄ ရက်နေ့ ဒီနေံအထိ ဒီးမော့ဆိုမြို့နယ်ဘက်မှာ ပစ်ခတ်သံတွေကြားနေရတုန်းပဲလို့လည်း ဒေသခံတွေ ပြောပါတယ်။

“ဒီနေ့ကျတော့ ဒီမနက်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်သံကြားရတယ်။ ဒီအချိန်ထိကျတော့ မကြားရတော့ဘူး။ တိတ်နေတယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်တာခုနနေ့လယ်ပိုင်းလောက်ဆို ဒီးမော့ဆိုဘက်ခြမ်းကျတော့ ဖြစ်မယ်ထင်တယ်။ ဒီကနေတော့ အသံတွေ ကြားနေရတယ်။ ဒီလက်နက်ကြီးတွေ။ အမြဲတမ်းလိုလိုဖြစ်ပါတယ်။ မိုးဗြဲတောင်မှ လက်နက်ကြီးက အမြဲတမ်းလိုလိုပစ်နေတယ်၊ ဒီးမော့ဆိုဘက်တော့ ပိုဆိုးပေါ့၊ ဒီးမော့ဆိုဘက်ကျတော့လည်း မိုးဗြဲမဖြစ်လည်း ဒီးမော့ဆိုဘက် ကနေတော့ ဖြစ်တာတွေ များတယ်ပေါ့၊ ဒီမိုးဗြဲနေလည်း ကြားရတယ်ပေါ့နော် လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ မနေ့ည ညအချိန် အသံအကျယ်ကြီးပဲ။ အဲ့ဒါ လက်နက်ကြီးရော လက်နက်ငယ်ရော။”

တိုက်ပွဲဖြစ်တဲ့နေရာတွေမှာတော့ အရင်ကတည်းက ဒေသခံအတော်များများ တိမ်းရှောင်နေကြရတာမို့ အရပ်သားအထိအခိုက်တော့ ကြီးကြီးမားမားမကြားရသေးပါဘူး။ နှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

''မနေ့ညတော့ ထုနေတာပဲ။ ဒီးမော့ဆိုဘက်ကို တညလုံးထုနေတာပဲ။ ဒီးမော့ဆိုတပ်ကနေထုတာလည်း ရှိတယ်၊ လွိုင်ကော်ကနေထုသွားတာလည်းရှိတယ်။ အသံတော့တအားကျယ်တယ်။ အသံတွေကတော့ နေ့တိုင်းလိုလိုကြားရတယ်။ တိုက်ပွဲတွေရှိလို့ သူတို့လက်နက်ကြီးနဲ့ ထုတာများတာပေါ့နော်။ တခါတလေလည်း စစ် တိုက်ပွဲမရှိလည်း သူတို့ ပစ်ချတဲ့အချိန်လည်း ပစ်တာပဲလေ။ တိုက်ပွဲဖြစ်မှလည်း မဟုတ်ပါဘူး။ သတိနဲ့တော့ အမြဲတမ်းနေနေရတယ်။''

သြဂုတ်လ ၃ ရက် မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက် မြို့တော်ခန်းမအနီးမှာ တပ်စွဲနေရာယူဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-LDPF) က လျှပ်တပြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ရော အခုလက်ရှိ ရှမ်း-ကယားနယ်စပ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ပါ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]

ဒီးမော့ဆိုနဲ့မိုးဗွဲဒသေ တိုကျပှဲမြားဖွဈပှားနေ









XS
SM
MD
LG