[[Zawgyi/Unicode]]
စစ်ကောင်စီက ရှေ့နှစ်ကျင်းပမယ်လို့ဆိုတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်တွေထဲက စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားပါတယ်။ တိုင်းရင်းသားအားလုံးပါနိုင်မယ့်စနစ်ဖြစ်တယ်လို့ NDF ပါတီကပြောပေမယ့် တချို့လူနည်းစုတိုင်းရင်းသားပါတီတွေက ဒီစနစ်အကြောင်း နားလည်ဖို့ အချိန်ယူရဦးမယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပိုတဲ့သတင်းကို မြသဇင်အောင်က တင်ပြပေးထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ရွေးကောက်ပွဲကျင်းပတဲ့အခါ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပမယ်လို့ ပြောကြားထားပါတယ်။ ခိုင်လုံမဲ ရလာဒ် အားလုံးကို အချိုးချပြီး မဲအနည်းအများအလိုက် လွှတ်တော်အမတ်နေရာ အရေအတွက်ကို ပါတီတွေ မျှယူတဲ့စနစ် နဲ့ အစားထိုးကျင့်သုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးပါတီ ၆၂ ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၆ ကြိမ်တေ့ွဆုံဆွေးနွေးပြီးနောက်မှာ ပါတီကို အဓိကထားရွေးချယ်မယ့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်သုံးဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ဖက်ဒရယ်နိုင်ငံထူထောင်နိုင်ဖို့ အထောက်အကူပေးနိုင်တဲ့ စနစ်တခုဖြစ်တယ်လို့ အတွင်းရေးမှုး ၁ ဦး အောင်ဇင်က ခုလိုပြောပါတယ်။
“ကျနော်တို့က ခေတ်အဆက်ဆက်မှာ FPTP မဲ နိုင်တဲ့ပါတီက အကုန်ယူ စနစ်နဲ့သွားနေတဲ့ အခါကျတော့ ကျနော်တို့နိုင်ငံမှာက တိုင်းရင်းသားတွေစုပေါင်းနေတာကို တိုင်းရင်းသားလူနည်း စုတွေလည်းပါရမယ်။ ပါတီစုံလည်း ပါရမယ်။ အမြဲ FPTP ဖြစ်တဲ့အခါကျတော့ အင်အားကြီးသူကအမြဲတမ်း မဲအသာနဲ့နိုင်ပြီး သူတို့က တပါတီတည်း အုပ်စိုး ချုပ်ကိုင်လုပ်လာခဲ့တဲ့ စနစ်တွေဖြစ်လာခဲ့တယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုသွားမယ် ဆိုရင်တော့ အားလုံးပါဝင်ဖို့လိုတယ်။ အားလုံးပါဝင်ရေးမှာတောင်မှ တိုင်းရင်းသားတွေပါ ပါဖို့လိုတာမို့ ဒီစနစ်ကို ရွေးလိုက်တာပါ။”
ရွေးကောက်ပွဲကော်မရှင်က ဦးစီးကျင်းပခဲ့တဲ့ PR စနစ်ပြောင်းရေး ဆွေးနွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ကျော်ပါဝင်တယ်လို့ သတင်းတွေထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပြင် တချို့တိုင်းရင်းသားပါတီတွေ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ဆွေးနွေးပွဲထဲ မပါဝင်တဲ့ တအာန်း (ပလောင်) အမျိုးသားပါတီက အထွေထွေတွင်းမှူး မိုင်းအုဏ်းခိုင်ကတော့ ကော်မရှင်ဘက်က ဒီစနစ်ကို မြန်မြန်အကောင်အထည်ဖော်နေတာဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုပြီးနေရာရအောင်လုပ်တာလို့ မြင်ပါတယ်။ အချိန်တိုအတွင်း ရွေးကောက်ပွဲ ပုံစံစနစ်သစ်ပြောင်းဖို့ လုပ်ဆောင်နေပေမယ့် ဒီစနစ်နဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေမှာရော မဲဆန္ဒရှင်တွေ ကြားမှာပါ နားလည်သဘောပေါက်ဖို့ အချိန်လိုသေးတယ်လို့ ခုလို ထောက်ပြပါတယ်။
“ဘယ်လိုမြင်လဲဆိုတော့ အစိုးရဖွဲ့တာမှာဖြစ်ဖြစ်၊ လွှတ်တော်လုပ်ငန်းထဲမှာဖြစ်ဖြစ် တပ်မတော်ရဲ့ပါဝင်မှု အခန်းကဏ္ဍက ပိုမြင့်သွားတာပေါ့ဗျာ။ တပ်မတော်အခန်းကဏ္ဍ ပိုမြင့်စေချင်လို့ PR စနစ်ကို ကျင့်သုံးတယ်လို့ ကျနော်ကတော့မြင်တယ်။ သုံးသပ်မိတယ်။ ဒီ ပီအာရ်စနစ်ကျင့်သုံးမယ်ဆိုရင်တော့ အချိန်အများကြီးယူသင့်တယ်။ တခါမှလည်းကျင့်သုံးလာတဲ့စနစ်မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် ဂဃနန ကောင်းကောင်းမွန်မွန် နားမလည် ဘူး။ မဲဆန္ဒရှင်တွေနားလည်ဖို့ ပိုခက်ခဲမယ်လို့ထင်တယ်။ ပီအာရ်စနစ်ကလည်း အမျိုးမျိုးရှိတဲ့အခါကျတော့ ကိုက်ညီတဲ့ပုံစံမျိုး သေချာချပြီး ကျနော်တို့နိုင်ငံရေးပါတီတွေကော၊ အရပ်ဘက်အဖွဲ့တွေကော၊ တတ်သိပညာရှင်တွေကော ဆွေးနွေးပြီးမှလုပ်သင့်တယ်မြင်တယ်။ ခုလောလောဆယ်ကျင့်သုံးဖို့ စောသေးတယ်လို့ကျနော်မြင်တယ်။”
လွှတ်တော် ၃ ရပ်စလုံးအတွက် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် Closed List PR စနစ်သုံး ရွေးချယ်မှာဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုမှာတော့ လွှတ်တော် ၃ ခုစလုံးအတွက် နိုင်သူအကုန်ယူ စနစ်ရော၊ စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ်ကိုပါ ၂ မျိုးလုံး ကျင့်သုံးသွားမှာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေချိန် နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိတာ၊ NLD လိုတချို့ နိုင်ငံရေးပါတီတွေမှာ ခေါင်းဆောင်ပိုင်း ပါဝင်နိုင်မယ့် အခြေအနေ မရှိတာမို့ မျှတတဲ့ အဖြေထွက်ပါမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်းရှိပါတယ်။ ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်လင်းကတော့ လက်ရှိအခြေအနေအရကတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေလုပ်ဖို့ ပါတီတွေအတွက် ခက်ခဲတယ်လို့ပြောပါတယ်။
“ပီအာရ်နဲ့ရွေးကောက်ပွဲကျင်းပမယ်ဆိုတာက ကော်မရှင်ဘက်ကပြောတဲ့ဟာနဲ့ တခြားနိုင်ငံရေးပါတီတွေဆွေးနွေးချက်တွေပဲ ရှိတာ။ တိတိပပလည်း ကော်မရှင်က မထုတ်ပြန်သေးတာမို့ တခြားနိုင်ငံရေးပါတီတွေဘက်ကလည်း နှုတ်ဆိတ်ထားတာပေါ့လေ။ လောလောဆယ် ကျနော်တို့က အကျပ်အတည်းကာလတခုကို ဖြတ်နေတာပေါ့။ ဒီကာလမှာ ကျနော်တို့ အတတ်နိုင်ဆုံး ကျနော်တို့နိုင်ငံရေးပါတီတွေ စည်းဝေးလှုံ့ဆော်ခွင့်တွေက လုံးဝအခက်အခဲဖြစ်စေတဲ့ကာလဖြစ်နေတယ်။ ရွေးကောက်ပွဲတခုဖြတ်တာက နိုင်ငံရေးပါတီတွေက သူ့ Process လုပ်ငန်းစဉ်အတိုင်း သွားရတာပါ။ ဒ့ါမယ့်လက်ရှိအကျပ်အတည်းကာလမှာ ဖြတ်ရမယ် ဆိုရင်တော့ အရမ်းအန္တ့ရာယ်ကြီး ဖြတ်ရမှာပါ။”
ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းမှန်ကန်နိုင်ရေးဆိုပြီး ကနဦး မဲစာရင်းကောက်ယူမှုတွေ မြို့နယ်တွေမှာ စတင်လုပ်နေပါတယ်။ ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်သွားမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပါတယ်။
================
[[Unicode]]
အခြိုးကကြိုယျစားပွုမယ့ျ ရှေးကောကျပှဲစနဈသဈ အလားအလာ