[[Zawgyi/Unicode]]
မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျော့ချသွားဖို့ ဩစတြေးလျနိုင်ငံက ကြိုးပမ်းနေတယ်လို့ ဩစတြေးလျသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါဟာ စစ်ကောင်စီအတွက် သံတမန်ရေးနယ်ပယ်က ထိုးနှက်ချက်တခုဖြစ်တယ်လို့ တက်ကြွသူတွေ လေ့လာသူတွေက ပြောကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးနေရာမှာ သံအမတ်အဆင့် ဆက်မထားတော့ဘဲ သံရုံးယာယီတာဝန်ခံသဘောပဲ အစားထိုးသွားမယ်လို့ ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလို လုပ်ခြင်းကြောင့် သံအမတ်ကြီးခန့်အပ်လွှာပေးဖို့ စစ်ကောင်စီအကြီးအကဲနဲ့တွေ့ဆုံမှုကို ရှောင်တဲ့သဘောပါ။ ဩစတြေးလျဘက်က ဒီလို သံတမန်ရေးဆောင်ရွက်မှုဟာ ဩစတြေးလျရောက် မြန်မာအသိုင်းအဝိုင်းကြိုးပမ်းချက် ရလဒ်တခုဖြစ်တယ်လို့ ဩစတြေးလျရောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးဖြစ်သလို မြန်မာစစ်ရှောင်တွေကို ပံ့ပိုးကူညီရေးအတွက် အဓိက တာဝန်ယူထားတဲ့ မနန်းကပြောပါတယ်။
"အမတို့ ဩစတြေးလျကလည်း ဒီပြည်နယ်နဲ့တိုင်းတွေ အကုန်လုံးကလည်း ကြိုးစားပြီးတော့ လုပ်ပေးနေကြတာလေ။ တချို့အဖွဲ့တွေဆိုရင် တတ်နိုင်သလောက် ဩစတြေးလျ government ကို pressure ပေးပြီးတော့ အမြဲတမ်း သူတို့ရဲ့လူကြီးတွေနဲ့သွားတွေ့ပြီးရင် ပြောပြီးရင် protest တွေလုပ်၊ အမြဲတမ်း ဩစတြေးလျ government ကို ဖိအားတွေအမြဲပေးလို့လည်း အဲလိုဖြစ်လာတာလို့ အမတို့ကတော့ ယုံကြည်တယ်။"
မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Andrea Faulkner က အခုနှစ် ဧပြီလထဲမှာ သူ့ရဲ့တာဝန်သက်တမ်း ပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် သံအမတ်ကြီးနေရာကို အစားထိုးဖို့ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးရာဌာန DFAT ရဲ့ အကြီးတန်း အရာရှိတဦးကို ခန့်အပ်ဖို့ ဩစတြေးလျနိုင်ငံက လျာထားတာပါ။ ဒါပေမယ့် မြန်မာစစ်ကောင်စီရဲ့ အသိအမှတ်ပြုတာကို ခံယူမှာမဟုတ်ဘဲ သံရုံးတာဝန်ခံအဖြစ်နဲ့ပဲ လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ဩစတြေးလျအခြေစိုက် ABC သတင်းဌာနက ရေးသားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဩစတေးလျနိုင်ငံခြားရေးဌာနကတော့ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။
အလားတူလိုပဲ ဗြိတိန်ကလည်း မြန်မာနဲ့သံအဆက်အသွယ်မှာ သံအမတ်ကြီးအစား သံရုံးတာဝန်ခံအဖြစ် လျှော့ချလိုက်တာတွေ့ရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာနက သံအဆင့် လျှော့ချတယ်လို့ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့် ၂၀၂၁ ခုနှစ်မှာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ Mr Pete Vowles ကို သံရုံးတာဝန်ခံအဆင့်အဖြစ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနဝက်ဆိုဒ်တွေမှာ ဖော်ပြထားပါတယ်။ သူ့ကို မြန်မာဘက်က အခုအချိန် ပြည်ဝင်ခွင့်မပေးသေးပါဘူး။ စစ်ကောင်စီနဲ့ဆက်ဆံရေးမှာ အနောက်နိုင်ငံကြီးတွေက အခုလို သံအဆင့်လျှော့ချတာမျိုးဟာ စစ်ကောင်စီအတွက်တော့ နောက်ထပ် သံတမန်ရေးရှုံးနိမ့်မှုတခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
"ယေဘုယျအားဖြင့် ပြောရရင် သံမတမန်ရေးအရ တော်တော်အထိနာသွားပြီလို့ ပြောလို့ ရတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်ကဦးဆောင်ပြီးတော့ အိမ်ဖြူတော်မှာ မဇင်မာအောင်ကို လက်ခံတွေ့ဆုံတယ်ဆိုတဲ့ကိစ္စက စကစရဲ့ လက်ရှိအခြေအနေကတော့ဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးအားဖြင့်တော့ သံတမန်ရေးအရ ကျရှုံးသွားပြီလို့ ယေဘုယျ ပြောလို့ရပါတယ်။"
ဩစတြေးလျအစိုးရနဲ့ လွှတ်တော်တွေမှာ အာဏာသိမ်း စစ်ကောင်စီကို အရေးယူဖို့ ဩစတြေးလျရောက် မြန်မာအသိုင်းအဝိုင်းတွေက လှုံ့ဆော်တိုက်တွန်းနေပါတယ်။ ဩစတြေးလျ ကိုရောက်နေတဲ့ စစ်ကောင်စီမိသားစုဝင်တွေရဲ့ ပြည်ဝင်ခွင့်အချက်အလက်တွေကို စိစစ်ပေးဖို့၊ စစ်ကောင်စီနဲ့ သူနဲ့ပတ်သက်သူတွေကို စီးပွားရေးပိတ်ဆို့ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မကြာခင်ကျင်းပမဲ့ ဩစတြေးလျ- အာဆီယံ စီးပွားရေးဖိုရမ်မှာလည်း ဩစသြေးလျဆိုင်ရာ စစ်ကောင်စီရဲ့ မြန်မာသံအမတ် ဦးသာအောင်ညွန့် တက်ရောက်ခွင့် မရခဲ့ပါဘူး။ ဒီလို တက်ရောက်ခွင့်မရဖို့အတွက်လည်း ဩစတြေးလျနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ဖိအားပေးခဲ့ကြတာပါ။
===============
[[Unicode]]
===============