သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ်ခရီး တက်ကြွလှုပ်ရှားသူများ ကန့်ကွက်


Myanmar ASEAN Cambodia
Myanmar ASEAN Cambodia

[[Zawgyi/Unicode]]

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အများပြည်သူအကြား စိတ်ဝင်စားမှုနည်းသလို တတ်ကြွလှုပ်ရှားသူတွေကတော့ ဒီခရီးစဉ်ကို ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။ ဒီခရီးစဉ် ကနေ မြန်မာ့နိုင်ငံရေးအတွက် ထူးထူးခြားခြားမျှော်လင့်စရာမရှိသလို ဒီခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးလိုက်တဲ့သဘောသာ သက်ရောက်နေတယ်လို့ ဝေဖန်ကြတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ မတ်လ၂၁ရက်နေ က မြန်မာနိုင်ငံကို လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေကိုပဲ အဓိကထားတွေ့ခဲ့တာပါ။ နိုင်ငံရေးပါတီခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံက အာဆီယံသံတမန်တွေနဲ့လည်း သီးခြားတွေ့ခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ အဓိကထား တွေ့ဆုံဆွေးနွေးတာတွေကြောင့် ဒီခရီးစဉ်ကို ကန့်ကွက်တယ်လို့လည်း မုံရွာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုသန်းကျော်ဦးကပြောပါတယ်။

“အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာတယ်ဆိုတာက ပြည်သူလုထုကို ကိုယ်စားပြုပြီးတော့ လာတာမဟုတ်သလို ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီနဲ့ လာတွေ့တာဖြစ်တယ်၊...ဆိုတော့ အာဆီယံရဲ့ရပ်တည်ချက်မှာ ဒီမိုကရေစီစံချိန်စံညွန်းတွေကို ဘယ်လောက်ပဲ အလေးထားတယ်ပြောပြော၊ လူ့အခွင့်အရေးတွေကို ဘယ်လိုပဲ ကာကွယ်ပါတယ်ပြောပြော သူတို့ရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ဖယ်ကျဉ်နေတဲ့ အဖွဲ့အစည်းနဲ့ သွားတွေ့ပြီးတော့ အလုပ်လုပ်နေတာကို မြင်ရတဲ့အခါမှာတော့ လူ့အခွင့် အရေးတွေကိုလည်း လေးစားလိုက်နာမှုမရှိဘူး။ ဒီမိုကရေစီကိုလည်း လေးစားတာမရှိဘူး။ ဆိုတော့ အကြမ်းဖက် အဖွဲ့ကို အားပေးတဲ့နေတဲ့ ဒီကိုယ်စားလှယ်ဟာလည်း အကြမ်းဖက်တွေကို ထောက်ခံနေတဲ့ သူတယောက်ဖြစ်တဲ့အတွက် ကျနော်တို့ပြည်သူတွေက သူ့ကို လုံးဝဆန့်ကျင်တယ်၊ ရှင်းရှင်းပြောရရင် ပြည်သူတွေအတွက် ဘာအကျိုးရလဒ်မှ ရှိမသွားဘူး။”

မန္တလေးဒေသခံတဦးဖြစ်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ မချန်းကလည်း မြန်မာနိုင်ငံကိုလာတဲ့ အာဆီယံ အထူးကိုယ် စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒါက တွေ့နေတာပဲ။ အရင်တခေါက်ကလည်း ဟွန်ဆန်လာတယ်ပေါ့နော်။ ဘာမှတော့ ထူးခြားလာတယ်လို့တော့ မရှိပါဘူး။ စစ်ကောင်စီကတော့ နိုင်ငံတကာအမြင်ကြည်အောင်လို့ ၅၀၅ နဲ့ ထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အနုပညာရှင်တွေကို လွတ်ပေးပြီးတော့ အမြင်ပန်းလှအောင် ကြီးစားနေတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအတွက်ကတော့ ဘာမှ ထူးခြားမှုမရှိဘူးလို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေအဖြေရှာရေး အားလုံးလက်ခံနိုင်တဲ့ အခြေအနေပေါ်ပေါက်လာဖို့ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် လာရောက်တာဖြစ်တယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံရဲ့အခြေအနေကို ထူးထူး ခြားခြားပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူလို့လည်း ရခိုင်ဒေသခံတဦးဖြစ်တဲ့ ကိုထွန်းကြည်က ပြောပါတယ်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲကိုသွားဖို့ကတော့ တော်တော်လေး ခက်နေအုံးမယ်လို့ ကျနော့်အနေနဲ့ မြင်တယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရ နှစ်ဘက်လုံး တင်းမာနေတဲ့အခြေအနေဖြစ်တဲ့အတွက် ဒီမှာ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံတယ်ဆိုတာကလည်း ရွေးကောက်ပွဲဝင်ဖို့ သေချာတဲ့ နိုင်ငံရေးပါတီတွေနဲ့ပဲ သူတို့တွေ့ဆုံဖို့ရှိတယ်။ အဲလိုလုပ်တာကိုလည်း ကျနော်တို့မြင်ရတယ်။ အာဆီယံက ချမှတ်ထားတဲ့ မူဝါဒတွေကို စစ်ကောင်စီအနေနဲ့ လက်ခံမလားဆိုတာကတော့ ကျနော်တို့ ပြောဖို့စောနေသေးတယ်။ ဆိုတော့ ပထမတကြိမ်လာတုန်းလည်း ထူးခြားတဲ့ ဘာအဖြေမှ ရသွားတာမရှိဘူး။ နောက်တခုကတော့ ကမ္ဘောဒီယားနိုင်ငံကလည်း မြန်မာနိုင်ငံနဲ့အသွင်တူတဲ့ နိုင်ငံတခု အာဏာရှင်ကြီးစိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ကမ္ဘောဒီယားအနေနဲ့ အရမ်းကြီး ဖိအားပေးမှာတော့ မဟုတ်ဘူး။ သေချာတာကတော့ “မြွေမသေ တုတ်မကျိုး” ဆိုသလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးပိုင်းကို ဝင်ပြောတဲ့ ပုံစံမျိုးကတော့ သူတို့ဘက်က ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် စစ်ကောင်စီက လက်ခံဖို့ဆိုတာကတော့ ဒီအဆင့်လောက်မှာ တော်တော်လေးခက်နေပါအုံးမယ်။”

မြန်မာနိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ် လာရောက်တဲ့အချိန်မှာ အာဆီယံကချမှတ်ထားတဲ့ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက်လိုအပ်တဲ့ အခြေအနေတွေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီခရီးစဉ်ဟာ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းပေးဖို့ လာရောက်တယ်ဆိုပေမယ့်လည်း အများပြည်သူကြားမှာတော့ သိပ်ပြီး စိတ်ဝင်တစားမရှိလှပါဘူး။

မန္တလေးနဲ့ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံနေရာတချို့မှာ အင်္ဂါနေ့က ဆန္ဒပြလှုပ်ရှားမှုတချို့ရှိခဲ့ရာမှာ အာဆီယံ အထူးကိုယ်စားလှယ်ကို လက်မခံကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာတွေကို လူမှုကွန်ရက်မှာ တွေ့ကြရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာပြည်ကအပြန် သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာပြည်ပြဿနာတွေဟာ ရှုပ်ထွေးလွန်းပြီး အချိန်ယူဖြေရှင်းရနိုင်တယ်၊ လက်ရှိ အလှည့်ကျဥက္ကဌသက်တမ်းအတွင်းမှာတော့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်း စစ်ဆင်ရေးတွေမှာ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ဖို့လိုမယ်လို့လည်း အာဆီယံကိုယ်စားလှယ်က မြန်မာစစ်ကောင်စီကို တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]

အာဆီယံအထူးကိုယျစားလှယျခရီး တကျကွှလှုပျရှားသူမြား ကန့ျကှကျ










===============

XS
SM
MD
LG