တရုတ်က ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ တရုတ်နဲ့ အကျိုးအမြတ်ခွဲယူရမယ့် အခြေအနေ မျှတမှု လုံးဝမရှိတဲ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရပါ လုံးဝမတည်ဆောက်သင့်တဲ့ စီမံကိန်းတခုအဖြစ် မနေ့က ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ အများပြည်သူရှေ့မှောက် ဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေ ဘက်က အဓိက ဝေဖန်ဆွေးနွေးသွားပါတယ်။ မအင်ကြင်းနိုင်က ဆွေးနွေးချက် တချို့ကို ကောက်နုတ်တင်ပြမှာပါ။
တရုတ်ကြွေးပိစေမယ့် စီမံကိန်းအဖြစ် လူအများဝေဖန်ခံနေရတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့ မတ်လ (၆) ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း အစိုးရရဲ့ ရန်ကုန်မြို့သစ်စီမံကိန်း NYDC အမှုဆောင်အရာရှိချုပ် Serge Pun ခေါ် ဦးသိမ်းဝေက အရင်က ကမ္ဘာ့ဘဏ်ရဲ့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းခံခဲ့ရတဲ့ China Communications Construction Company CCCC လက်ထဲ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ ပေးအပ်ခဲ့ရတဲ့ အခြေအနေကို အခုလို ရှင်းပြသွားပါတယ်။
" ဆိုတော့ ကျနော်တို့က အခေါက်ပေါင်းများစွာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ ရှင်းရှင်းပြောရင် တကယ် လုပ်မယ် လုပ်မယ် ကတိပေးတာ တဖွဲ့ဘဲ ကျန်တယ်။ CCCC တဖွဲ့ဘဲ ကျန်တာ။ အဲဒီ တဖွဲ့ဘဲ ကျန်တဲ့ အချိန်မှာ ကျနော်က မင်းတို့ CCCC ကျမှ မလုပ်ဘူးဆိုရင် ကျနော် တခြား အမေရိကန် လုပ်ချင်လား ကျနော် အရမ်းဖိတ်ခေါ်တယ်နော်။ ဂျပန် လုပ်ချင်လား ကျနော် ဖိတ်ခေါ်တယ်။ ကိုရီးယား လုပ်ချင်လား ဖိတ်ခေါ်တယ်။ အိန္ဒိယ လုပ်ချင်လား ဖိတ်ခေါ်တယ်။ ယိုးဒယား လုပ်ချင်လား ဖိတ်ခေါ်တယ်။ တယောက်မှ မလာဘူး။ လာတာရှိတယ်။ 100 Million ထုတ်ဖို့ 200 Million ထုတ်ဖို့ ဒါလေး လုပ်မယ် ဟိုဟာလေး လုပ်မယ်။ 2 Billion ထုတ်ဖို့ လူက မရှိဘူး။"
တဖက်မှာလည်း CCCC ကို ကမ္ဘာ့ဘဏ်ကနေ သူတို့သတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ခဲ့တဲ့ အတွက်လည်း အခုလို လက်ခံခဲ့တာဖြစ်တယ်လို့ ဦးသိမ်းဝေကပြောပါတယ်။ လူအများစိတ်ဝင်စားနေတဲ့ တရုတ်က ငွေစိုက်ထုတ် ရင်းနှီးခဲ့တဲ့ အတွက် အကျိုးအမြတ်ခွဲယူမယ့် IRR ၁၃% ကိစ္စမှာတော့ တရုတ်ဘက်က အရင်းအနှီးပြန်ပြီးကြေမယ့်ကာလ ခန့်မှန်းချေ ၁၅ နှစ်ကြာပြီးမှ အဲဒီအကျိုးအမြတ်ကို မြန်မာဘက်က ခံစားခွင့် ရမယ်လို့ ခန့်မှန်းထားကြောင်း ဦးသိမ်းဝေက အခုလိုပြောပါတယ်။
" ကျနော်တို့ Drafting ထဲမှာ ကြည့်လို့ ရှိရင် ၁၅ နှစ်လောက် လိုအပ်တယ်။ ဒီရင်းနှီးမြှုပ်နှံမှုကို။ ဒါပေမယ့် ဒီ ၁၅ လောက်လိုတဲ့ Projection သည် Assumption တွေ ရှိတယ်။ ဒါက ကျိန်းသေတာ မဟုတ်ဘူး။ Assumption တွေ ရှိတယ်။ အဲဒီလို စက်ရုံ ဘယ်နှခု ဝင်လာလို့ ရှိရင် ငွေက ဘယ်လောက် ရမလဲ ဟုတ်လား။ မီး ဘယ်လောက် ရောင်းနိုင်မယ်။ အဲဒါမျိုး ပေါ့နော်။ ဒီ Assumption တွေ အကုန်လုံး မှန်လို့ ရှိရင် ၁၅ နှစ် အတွင်းမှာ ကျေမယ်။ "
စီမံကိန်း အကျိုးအမြတ် IRR ၁၃% ခံစားခွင့်ရှိတယ်ဆိုတာ ကောင်းပေမယ့် ခန့်မှန်းချေ ၁၅ နှစ်ကြာပြီးမှ မြန်မာက ရမယ်ဆိုတဲ့ကိစ္စမှာ ကိုယ့်ဘက်က နစ်နာမှုတွေရှိနေတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့စီးပွားရေး ပညာရှင် ဦးကံထွန်းက မြင်ပါတယ်။
" IRR ဆိုတာ ရှင်းရမယ်ဆိုရင် နှစ်စဉ် ကုန်ကျမယ့် ကုန်ကျစာရိတ်ရယ်၊ နှစ်စဉ် ပြန်လည် အမြတ်ရမယ့် အကျိုးအမြတ်ပေါ့လေ။ အကျိုးအမြတ်ဆိုတဲ့ နေရာမှာ ခုန အလုပ်အကိုင်တွေ ရှိလာမယ်၊ အရည်အသွေး တက်လာမယ်ဆိုတဲ့ တန်ဖိုးတွေ အဲဒါတွေ စီမံကိန်း တခုလုံးရဲ့ အကျိုးအမြတ် ရှိမယ့် နှုန်းထား သို့သော် သူတို့ကနေ ပြီးတော့ ၁၅ နှစ် လုံးလုံး ကြိုးကိုင်ထားမှာ ဖြစ်တဲ့ အတွက် အကျိုးအမြတ် ၁၃ ရာခိုင်နှုန်းသာလျင် အကျိုးအမြတ်က ၁၅ နှစ်လုံး သူတို့ ယူသွားမယ်။ ကျနော်တို့ အစိုးရ မရဘူးလို့ ကျနော်ကတော့ သုံးသပ်တယ်။ "
အများပြည်သူရှေ့ဆွေးနွေးပွဲမှာ ရန်ကုန်မြို့သစ်စီမံကိန်း NYDC က အဓိက ဆွေးနွေးသူတွေအဖြစ် ဖိတ်ခေါ်ခဲ့သူတွေထဲ စိမ်းလန်းအမိမြေ ပတ်ဝန်းကျင်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ကတော့ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်လို့ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုစီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ အချက်အလက်ပေါင်းစုံနဲ့ ဝေဖန်ထောက်ပြသွားပြီး အထူးသဖြင့် ရန်ကုန်မြို့ လူနေများတဲ့ နေရာမှာ စက်မှုဇုံတည်ဆောက်မယ့် စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာ ဖြစ်ကြောင်း အခုလို ပြောသွားပါတယ်။
" စက်ရုံတွေ တည်မယ်ဆိုရင် အဲက တိုက်လိုက်မယ့် Pollution က ဘယ်ရောက်မလဲ။ ရွှေတိဂုံဘုရားကို တန်းရောက်မယ်။ ကျနော်တို့ နွေရာသီမှာ ပျမ်းမျှ လေတိုက်နှုန်းက ၃ မိုင်ကနေ ၅ မိုင် ပတ်လည်ဘဲ ရှိတယ်။ အဲတော့ ကျိန်းသေပေါက် အဲဒါ တိုက်လိုက်တာ ၄ နာရီလောက်ဆိုရင် ရွှေတိဂုံ ဘုရားပေါ်မှာ Suspended Solid၊ Suspended Particles တွေက အပေါ်မှာ နေနေတယ်ဆိုရင် အိုကေ အဲတော့ ဒီပေါ်မှာ Industrial ပေါ်မှာ ဘယ်လောက်ဘဲ Pollutant လုပ်လုပ် ကျနော်တို့ရဲ့ ပြသနာက ဘာလဲ ဆိုတော့ EIA SIA လုပ်တာတောင်မှ စက်ရုံတရုံခြင်းက ထွက်တဲ့ Limit ကိုဘဲ သူက Control လုပ်တယ်။ အဲတော့ တခုလုံး စက်ရုံတွေ အများကြီးက ထုတ်လိုက်တဲ့ Cumulative Impact ကို Control လုပ်တာ မရှိဘူး။"
" ဒါ Open ဖြစ်နေတယ်။ ဖြစ်နေတော့ တရုံခြင်းကတော့ Standard မီတယ်လို့ ပြောတယ်။ သို့သော် စက်ရုံတွေ များလိုက်တဲ့ အခါမှာ အကုန်လုံး ရွှေတိဂုံ ဘုရားလိုဟာကို လာထိမယ့်ဟာကို ဘယ်လို Standard လုပ်မလဲ ဆိုတဲ့ အပိုင်းကို ကျနော် စဉ်းစားလို့ရတယ်။ ဒါလည်း Technical Solution ရှိတယ်။ ဟုတ်တယ်နော်။ အဲတော့ ကျနော် ဆိုလိုချင်တာက ဒါက ပတ်ဝန်းကျင် အပိုင်းမှာ ပြောရင်တော့ အများကြီးပေါ့ဗျာ။ သို့သော်လည်း အချိန်ကို ငဲ့ညှာသောအားဖြင့် ဒီအချက်တွေကြောင့် ကျနော်တို့က သဘာ၀ ပတ်ဝန်းကျင် အရ လုံးဝမလုပ်သင့်ဘူး။ လုံး၀ မလုပ်သင့်ဘူး။ ဘာလို့လဲ ဆိုတော့ ဒီဘက် ရန်ကုန်မြို့ဘက် အခြမ်းမှာတောင်မှ လိုအပ်ချက်တွေ များနေတဲ့ အချိန်ထဲမှာ ဘာကိစ္စ သွားပြီး ဟိုဘက်ကို သွားပြီးတော့။ ကျိန်းသေပေါက် ဒလမြို့ကိုတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ သို့ပေမယ့် Sequencing အရ ဘယ်လိုလုပ်မလဲ လုပ်တဲ့ပုံကျ Alternative က အဲဒါ ဖြစ်သွားမယ်။ မြို့ပြဖွံ့ဖြိုးရေးတော့ ကျနော် သဘောတူတယ်။ သို့သော် ဒီပုံစံနဲ့ ဟုတ်လား မဟုတ်လားတော့ ကျနော် ပြန်စဉ်းစားမှ ဖြစ်မယ်။ "