(Zawgyi / Unicode)
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ ၄ ရက်တာ အစာရေစာ ပြတ်လတ်နေတဲ့ လူကုန်ကူးခံရသူ မြန်မာ ၁၀ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး အဲဒီနေရာတဝိုက်မှာပဲ နောက်ထပ် ၁၄ ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ လူကုန်ကူးသမားတွေ စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့သလို နောက်ထပ် ၁၄ ဦးကိုပါ ဖမ်းမိတာကြောင့် ၂ ရက်အတွင်း စုစုပေါင်း မြန်မာနိုင်ငံသား ၂၄ ဦးကို ဖမ်းမိခဲ့တယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။
“ဖမ်းဆီးခံထိတဲ့ အလုပ်သမားတွေကတော့ စက်တင်ဘာလ ၂၄ ရက်နေ့က ကန်ချနဘူရီပြည်နယ် Ban Kao မြို့နယ် ကျေးရွာအုပ်စု ၁၅ သစ်တောထဲမှာ ဖမ်းမိတာပါ။ သူတို့က ၄ ရက်တာ အစာရေစာတွေ ပြတ်လတ်နေတာပေါ့နော်။ မြန်မာနိုင်ငံသား ၁၀ ဦးပါ။ ပွဲစားတွေက လာခေါ်မှာကို တောထဲကနေ စောင့်နေတုန်း ထိုင်း-မြန်မာနယ်စပ်က အမှတ် ၄ ထိုင်းနယ်ခြားစောင့်တပ်က သတင်းပေးတဲ့သူရှိလို့ သိရှိပြီး သွားရောက်ဖမ်းဆီးခဲ့တာပါ။ အလုပ်သမားတွေက ၄ ရက်လောက် အစာရေစာ ပြတ်လတ်ပြီး အားအင်တွေ ချည့်နဲ့နေကြတယ်။ ဖမ်းဆီးပြီးတော့ ထိုင်းအာဏာပိုင်တွေက အစားအသောက်နဲ့ ရေကို အရေးပေါ် စီစဉ်ပေးခဲ့တယ်၊ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ တဆက်တည်းမှာပဲ နောက်ဆက်တွဲပဲ မြန်မာအလုပ်သမား ၁၄ ဦးကိုလည်း ထိုင်အာဏာပိုင်တွေက ဖမ်းမိတယ်လို့ သိရပါတယ်။”
သူတို့ကိုတော့ လူကုန်ကူးပွဲစားတွေက တဦးကို ဘတ်ငွေ ၁၈,၀၀၀ တောင်းခဲ့ပြီး ဘန်ကောက်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်လာကြတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက် တောလမ်းကနေ ခြေလျင်ခရီးနဲ့ ထိုင်းနိုင်ငံအတွင်း ခေါ်လာပြီး တောထဲမှာ ပစ်ထားခဲ့ကြတာဆိုပြီး ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အလုပ်သမားတွေအနေနနဲ့ အခုလို ဖမ်းဆီးခံရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အရေးပေါ်ဥပဒေနဲ့ အရေးယူခံရမှာဖြစ်သလို လူပွဲစားတွေကို မြန်မာကျပ်ငွေနဲ့ဆို ကျပ် ၁၀ သိန်းကျော် ထိုင်းဘတ်ငွေနဲ့ဆို ဘတ်ငွေ ၁၈,၀၀၀ ထက်မနည်း အခကြေးငွေ ပေးခဲ့ရတာတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ကိုရဲမင်းက ပြောပါတယ်။
“ဒီအလုပ်သမားတွေကတော့ တဖက်မှာလည်း လာတဲ့လမ်းစရိတ်တွေ ဆုံးရှုံးသလို တဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ အရေးပေါ်စီမံချက် ဥပဒေတွေနဲ့လည်း အရေးယူခံရမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေဆိုရင်လည်း အနည်းဆုံး တနှစ်ကျော်လောက် ဖြတ်သန်းရမယ့် အနေအထားပါ။”
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေ၊ လူငယ်တွေကို ဖမ်းဆီးမှုတွေ များနေတဲ့အတွက်ကြောင့် လူငယ်လူရွယ်တွေဟာ မြန်မာပြည်ထဲမှာ နေထိုင်ရ ခက်ခဲလာနေကြတာပါ။ တချို့ဆိုရင် ရွာတွေမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာသူတွေ အပါအဝင် စားဝတ်နေရေး အခက်အခဲကြောင့် အလုပ်လုပ်ဖို့ လာကြသူတွေလည်း ထိုင်းနယ်စပ် ဝင်ပေါက်အသီးသီးကနေ နေ့စဉ် ခိုးဝင်လာနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစလို့ တနှစ်အတွင်း ထိုင်းနိုင်ငံထဲကို ခိုးဝင်လို့ ဖမ်းမိတဲ့ နိုင်ငံခြားသား အလုပ်သမား ၄၀,၀၀၀ ကျော်ရှိပြီး အများစုကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
---------------------
(Unicode)