Methamphetamine မူးယစ်စိတ်ကြွဆေးကုန်ကူးမှု၊ ငွေမည်းကိုငွေဖြူလုပ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ အမျိုးသမီး တဦးကို ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးက သေဒဏ်ချ မှတ်လိုက်ကြောင်း ဇန်နဝါရီလ ၂၅ ရက် နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ မှာဖေါ်ပြထားပါတယ်။
အသက် ၄၃ နှစ်အရွယ် ဒေါ်မြင့်သိန်းအေးကို Methamphetamine မူးယစ်စိတ်ကြွဆေး ပိုင်ဆိုင်မှု၊ ရောင်းဝယ် မှုနဲ့ ငွေမည်းကိုငွေဖြူလုပ်မှုတွေအပါအဝင် တခြားစွဲချက်တော်တော် များများမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား တဲ့အတွက် သူ့ကိုသေဒဏ်အပြစ်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။
ဒေါ်မြင့်သိန်းအေးဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မူးယစ် နှိမ်နင်းရေးအဖွဲ့ အရာရှိ တွေက ဘန်ကောက်မြို့မှာသူ့ရဲ့ကားကို ကြားဖြတ်တားဆီးပြီး ဖမ်းခဲ့တာပါ။ ဒေါ်မြင့်သိန်းအေး ခေါင်းဆောင်တဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို စုံစမ်း စစ်ဆေး သူတွေက နှစ်တွေနဲ့ချီ ပြီးနောက်ယောင်ခံလိုက်နေခဲ့တာပါ။
ဒေါ်မြင့်သိန်းအေးကတော့ ထိုင်းနိုင်ငံကို ဆေးဝါးကုသမှုခံယူဖို့သူခရီး ထွက်လာတာ ဖြစ်ပြီး ထိုင်းနဲ့မြန်မာ အကြား နိုင်ငံခြားငွေလဲတဲ့လုပ်ငန်းကိုလုပ်ကိုင်နေသူဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ထိုင်းရဲတပ်ဖွဲ့ ကတော့ ဒေါ်မြင့်သိန်းအေးဟာ Methamphetamine မူးယစ်စိတ်ကြွဆေးကုန်ကူးမှုကရတဲ့ငွေတွေကို စီမံခန့်ခွဲ နေသူဖြစ်ပြီး မူးယစ်ဆေးဝါးဂိုဏ်းတခုမှာ အဓိကအရေးပါသူတဦးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
ထိုင်းမူးယစ်နှိမ်နင်း ရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးဝယ်ယူမယ့်သူတွေအဖြစ် ဟန်ဆောင်ပြီး ချင်းရိုင်ခရိုင် မဲ့ဆိုင်မြို့က မူးယစ်ဆေးဝါးဂိုဏ်းတခုကို ၂၀၁၆ ခုနှစ်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုပြီးကတည်းက ဒေါ်မြင့်သိန်းအေးကို ထိုင်း အာဏာပိုင်တွေက အလိုရှိနေတာပါ။
မူးယစ်ဆေးဝါးဝယ်မယ့်သူတွေအဖြစ်ဟန်ဆောင်ထားတဲ့ ထိုင်းမူးယစ်နှိမ်နင်းရေး တပ်ဖွဲ့တွေဟာ ထိုင်းဘတ်ငွေ ၁၃.၅ သန်းဖိုး ဝယ်ယူဖို့ သဘောတူခဲ့ပြီး မဲဆိုင်မြို့က အမျိုးသမီတဦးရဲ့နာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်စာရင်းထဲကို ငွေလွှဲထည့်ပေးဖို့ မူးယစ် ဆေးဝါးဂိုဏ်းကပြောပါတယ်။ မူးယစ်ဆေးဝါးကုန်ကူးလို့ရတဲ့ငွေတွေကို ရွှေရတနာ ဆိုင်တွေနဲ့ ဟိုတလ်လုပ်ငန်းတခုကို ထိုင်းနဲ့မြန်မာ ၂ နိုင်ငံမှာ ဖွင့်လှစ်ထားပြီး ငွေမည်းတွေကို ငွေဖြူဖြစ်အောင်လုပ်နေကြတာလို့ ထိုင်းမူးယစ်နှိမ်နင်းရေး အဖွဲ့က ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း ဘန်ကောက်မြို့အနီးက ဆမွတ်ပရာကန် အရပ် က နေအိမ်တခုမှာ ရှိနေတဲ့ တခြားမူးယစ်ဆေးဝါးဂိုဏ်းဝင်တွေကို ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီး နင်းခဲ့ကြပါသေးတယ်။