သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း မုန်တိုင်းဝင်နိုင်


ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း မုန်တိုင်းဝင်နိုင်
ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း မုန်တိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အခုအခါမှာ မုန်တိုင်းငယ်အဆင့်ကို အသွင်ပြောင်းသွားပြီ ဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ အိန္ဒိယ ကမ်းခြေအနီးမှာ ဖြစ်ပေါ်နေတာဖြစ်ပြီး အိုရစ်ဆာ ကမ်းခြေကို ပထမဆုံး ဦးတည်နိုင်ပြီး ညနေပိုင်းကတည်းက ဖြစ်ပေါ်နေတဲ့ မိုးတိမ်တောင်တန်းတလျှောက် ဆက်လက် ရွေ့လျားမယ် ဆိုရင်တော့ မြန်မာပြည်ဘက်ပိုင်းကို ဝင်ရောက်ဖွယ် ရှိနေပါတယ်။ ပြောင်းလဲနေတဲ့ မိုးလေဝသ နောက်ဆုံး အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ၃ ရက်ကြာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ညနေ နှောင်းပိုင်းမှာ မုန်တိုင်းငယ်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ အိန္ဒိယ ကမ်းခြေဘက်မှာ စတင်ဖြစ်ပေါ်လာတာကြောင့် ဦးဆုံးအနေနဲ့ အိန္ဒိယနိုင်ငံ အိုရစ်ဆာ ကမ်းခြေဘက်ကို ဦးတည်ဖွယ် ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျနော်တို့ Upgrade လုပ်လိုက်ပါပြီ။ ဒီမုန်တိုင်းက အရင်တွေ့နေကျ မုန်တိုင်းများနဲ့တော့ နည်းနည်း ကွာခြားပါတယ်။ သူက သီးသန့် မရှိဘူးပေါ့ဗျာ။ ဒီတိမ်ဆွယ်တန်းကြီးထဲမှာ နောက်ကနေ ပါနေတဲ့ အနေအထားတခု ရှိတဲ့အတွက် သူကတော့ နည်းနည်း ထူးတော့ ထူးဆန်းတာပေါ့။ ကပ်တာတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းဆိုတော့ ကာလကတ္တားနဲ့ နီးပါတယ်ခင်ဗျ။ ကျနော်တို့နဲ့ ဝေးပါတယ်။

“ဒီကောင်က အိန္ဒိယလည်း ကြေညာပြီ၊ ထိုင်းကလည်း ကြေညာပြီ၊ နောက် ကျနော်တို့လည်း ကြေညာပြီပေါ့ခင်ဗျာ။ လောလောဆယ်တော့ အိန္ဒိယ အိုရစ်ဆာကမ်းခြေကို နည်းနည်းလေး ဝင်ကောင်း ဝင်မယ်ပေါ့။ ဒါပေမဲ့ သူသွားမယ့် လမ်းကြောင်းကတော့ အရှေ့မြောက်ပဲဗျ။ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်ဗျာ။”

မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းကနေ အရှေ့မြောက်ဘက်ကို ဦးတည်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဦးတည်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီမုန်တိုင်းဟာ ဦးတည်ချက် ရွေ့လျားပြီး မြန်မာနိုင်ငံဘက်ကို မုန်တိုင်းဝင်နိုင်မယ့် အခြေအနေကိုတော့ ဦးထွန်းလွင်က အခုလို တွက်ဆပါတယ်။

“ဒီကောင် ၂၄ နာရီအတွင်းတော့ မဖြစ်နိုင်သေးဘူးဗျ။ အနည်းဆုံး မြန်ရင် ၃၆၊ နည်းနည်းလေး နောက်ကျရင် ၄၈ လောက်မှ ကျနော်တို့ဘက် ရောက်ကောင်း ရောက်မယ်။ လောလောဆယ် ရောက်မယ်လို့ မှန်းတာကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်အစပ်ပဲခင်ဗျ။ မြန်မာမှာ နည်းနည်း ရခိုင်မြောက်လောက်တော့ ပါနိုင်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းက အားမကောင်းဘဲ ဒီအတိုင်း ဝင်လို့တော့ ဘာမှ အန္တရာယ် မရှိလောက်ပါဘူး။ လေက ၃၅၊ ၄၀၊ ၄၅ လောက် အများဆုံးပါပဲ။ တခါတလေ လေပုန်းက တိုက်ရင်တော့ ၅၀ လောက်၊ ဒီလောက်ပဲ အများဆုံး ရှိလိမ့်မယ် ထင်ပါတယ်။ ရေတက်ဖို့လည်း အလားအလာ မရှိပါဘူးခင်ဗျ။”

ဒီမုန်တိုင်းဟာ မိုးတိမ်တောင်တန်းရဲ့ နောက်က ဖြစ်ပေါ်နေပြီး မိုးတိမ်တောင်တန်းအတိုင်း လိုက်ပါဖြစ်ပေါ်မယ် ဆိုရင်တော့ ချင်း၊ စစ်ကိုင်းအထက်နဲ့ ကချင်ဘက်တွေမှာ သတိထားဖို့ လိုအပ်မယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

“ဒီလမ်းကြောင်းအတိုင်း လိုက်မယ်ဆိုရင်တော့ ရခိုင်မြောက်ရယ်၊ ချင်းရယ်၊ စစ်ကိုင်းအထက်၊ ကချင် ဒီနေရာတွေမှာ မိုးရနိုင်တယ်။ မိုးကတော့ ရွာရင် တော်တော် ရွာလိမ့်မယ်။ ဒီတိမ်တောင်တန်းထဲမှာ ဖြစ်တဲ့ မိုးတိမ်တောင်ကြီးတွေက တော်တော်မြင့်တယ်၊ တော်တော်အားကောင်းတယ်။ အားကောင်းတော့ Local Storm ပေါ့၊ အကျယ်အဝန်းက သိပ်ပြီး မုန်တိုင်းကြီးလောက် မကြီးတော့ Local လို့ပဲ သုံးရတာပေါ့။ သို့သော် Storm တခု ကျနေသလိုပဲ လေကလည်း ၄၀၊ ၄၅၊ ၅၀ အဲဒီလောက်တိုက်မယ်၊ ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တယ်။ အဆိုးဆုံးကတော့ မိုးကြိုးပစ်တာနဲ့ လေဆင်နှာမောင်းတွေ ဖြစ်နိုင်တာ၊ အဲဒါက သတိပြုဖို့ လိုတယ်ခင်ဗျ။ အထူးသဖြင့် မိုးကြိုးပစ်တာကို ပိုဂရုစိုက်ရမယ်။

“နောက် အခုဝင်မယ့် ဧရိယာ ရခိုင်မြောက်ရယ်၊ ချင်းရယ်၊ စစ်ကိုင်းအထက်၊ ကချင်ဆိုတာက တောင်ကုန်းနဲ့ တောင်တန်းတွေဖြစ်တော့ အဲဒီနေရာမျိုးမှာ မိုးသည်းမယ် ဆိုရင်တော့ မြေပြိုတာရယ်၊ လျှပ်တပြက် ရေကြီးတာရယ်က မလွဲမသွေ ကြုံတွေ့ရမယ်။ ဒါကြောင့် အဲဒီဒေသမှာရှိတဲ့ လူတွေ ဒါကို သတိပြုဖို့ လိုပါတယ်။ အထူးသဖြင့် ချင်းနဲ့ စစ်ကိုင်းအထက်က မြေပြိုတာ အလွန်များပါတယ်။ အဲဒါလေး ဂရုစိုက်ဖို့ လိုတယ်လို့ပဲ ကျနော် အကြံပြုလိုပါတယ်။”

ဘင်္ဂလားပင်လယ်အော် အတွင်းမှာ ဒီနှစ် မေလနှောင်းပိုင်းက အိုင်လာလို့ အမည်ပေးထားတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်ခဲ့ပြီး ခုတကြိမ် ဖြစ်ပေါ်တဲ့ မုန်တိုင်းကတော့ ဒုတိယအကြိမ်ဖြစ်တဲ့ ဆိုင်ကလုံးမုန်တိုင်း ဖြစ်ပါတယ်။

XS
SM
MD
LG