သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာတချို့ ထိခိုက်ပျက်စီး


(MOI)
(MOI)

မြစ်ဝကျွန်းပေါ်ကို ဖြတ်သန်း ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးမှာ မနေ့က နေအိမ်တွေ ပြိုကျ ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်နေတဲ့အကြောင်း တာဝန်ရှိသူတွေကပြောဆိုပါတယ်။ မုန်တိုင်း အရှိန်ကြောင့် မိုးတွေထပ်ရွာသွန်းပြီး ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့်လည်း ရှာဖွေကယ်ဆယ်ရေးတွေ အသင့်ပြင်ထားတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းသွားပြီး အောက်တိုဘာ ၂၁ ရက်နေ့မှာ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းဝင်ရောက်ခဲ့လို့ မြန်မာနိုင်ငံအောက်ပိုင်းနေရာတချို့မှာ မိုးသက် လေပြင်းကျရောက်ခဲ့တာပါ။ မနေ့က ပဲခူးတိုင်း ကဝမြို့နယ် ၊ ဧရာဝတီတိုင်း ၊ ကရင်ပြည်နယ် တွေမှာ နေအိမ် ပြိုကျ ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးမှာ နေအိမ် ထောင်ချီ ပျက်စီးခဲ့ပြီး ဒီနေ့မှာတော့ နေအိမ်ပျက်စီးတဲ့နေရာကို လူမှုဝန်းထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးနေပါတယ်။ ကူညီထောက်ပံ့ရေး လုပ်ငန်း အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုရှင်းပြပါတယ်။

"ကဝမှာ လေပြင်းတိုက်တဲ့အတွက်ကြောင့် အိမ်အမိုးလေးတွေလန်တာရှိတယ်။ နောက်သေးသေး အိမ်လေး တွေပြိုတာတော့ရှိတာပေါ့နော်။ နောက်အိမ်သေးသေးဆိုတာက အများအားဖြင့်တော့ သက်ကယ်မိုးတို့ ထရံကာ တို့ ဒါမျိုးလေးတွေရှိတယ်။ အဲ့တော့ အများအားဖြင့်တော့ အိမ်အသေးလေးတွေကပြိုတာ များတာပေါ့။ နောက်အမိုးလန်တာတွေဘာတွေရှိတယ်။ ဘာဖြစ်လည်းဆိုတော့ အမိုးလန်တာတို့ ပြိုတာတို့အတွက်ကျတော့ ကျွန်တော်တို့ထောက်ပံ့ရမယ့် နှုန်းထားအတိုင်း ကျွန်တော်တို့ ထောက်ပံ့ခဲ့တာပေါ့။ အားလုံးပေါင်းလိုက်ရင်တော့ များတော့များတယ်။ များတယ်ဆိုက အမိုးလန်တယ်ဆိုတာ ဒီအိမ်လန်ရင် ဟိုအိမ်လည်းလန် အဲ့လိုမျိုးလေးတွေ ပေါ့။ စုစုပေါင်းလိုက်ရင်တော့ များတာပေါ့။ များတော့ တအိမ် တခုမှ မကျန်အောင် ကျွန်တော်တို့ကနေပြီး တွက်ချက်ပြီးတော့ ကျွန်တော်တို့ ထောက်ပံ့ခဲ့တာပေါ့နော်။ အဲ့ဒါကဆိုရင် သိန်းပေါင်း ၇၂၅ သိန်းကျော် ရှိတယ်။"

မုန်တိုင်းဟာ မြစ်ဝကျွန်းပေါ်ကို ဖြတ်သန်းဝင်ရောက်ခဲ့ပေမယ့် ကပ္ပလီပင်လယ်ပြင်မှာတော့ လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ် ပြန်ထားပါတယ်။ အောက်တိုဘာ လကုန်အထိ မိုးရွာသွန်းနိုင်ပြီး လပြည့်ဒီရေတက်ချိန်ဖြစ်တဲ့အတွက် အနိမ့်ပိုင်း နေရာတွေမှာ ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ရေကြီးရေလျံတာတွေ နေအိမ် ပြိုကျတာတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ကယ်ဆယ်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပါတယ်။

အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် မန္တလေး နေပြည်တော်တို့မှာတော့ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ခွဲတွေ ဖွဲ့စည်းထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာန ဒုညွှန်မှူး ဦးဝင်းဝင်းက အခုလိုပြောပါတယ်။

"မွန် ၊ ကရင် တနင်္သာရီ ၊ ကယား ၊ ရန်ကုန် ၊ ဧရာဝတီ ၊ ပဲခူး အဲ့ဟာတွေမှာ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေ ပစ္စည်း ကရိယာတွေအားလုံး အဆင်သင့် Satnd by လုပ်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာဆိုရင် မြို့နယ်တိုင်းမှာတော့ ကျွန်တော်တို့က တမြို့နယ်ကို ရှာဖွေကယ်ဆယ်ရေး အရန် သန္ဓေပေါင်း တပ်စု တစုပေါ့ ၃၅ ယောက် ၃၅ ယောက်မှာ ကျွန်တော်တို့က ကုန်လမ်းဆိုရင်လည်း ရှာဖွေကယ်ဆယ်ရေးယာဉ် မီးသတ်ယာဉ် ရှိတယ်။ ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးယာဉ်ရှိတယ်။ တချို့ရေကြီးနိုင်တဲ့ နေရာတွေဆိုရင်လည်း ရှာဖွေ ကယ်ဆယ်ရေး ရေယာဉ်တွေနဲ့ ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းရယ် နေပြည်တော်ရယ် မန္တလေးရယ်မှာတော့ သူကတော့ Special ပေါ့ အထူးပေါ့ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ တပ်ခွဲ ၁၁၆ ယောက်ဖွဲ့စည်းထားပါတယ်။ မြို့နယ်တွေအပြင် တိုင်းတပ်ခွဲစု အထူးတပ်ခွဲဆိုပြီး တပ်ခွဲတခွဲ ၁၁၆ ယောက်ကို အသင့်ဖွဲ့စည်းထားပါတယ်။"

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ နေ့လည်ပိုင်း သတင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း တနင်္သာရီတိုင်း ၊ရှမ်း ၊ ကယား ၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပါတယ်။

ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေဟယ မိုးသက်လေပြင်းကျရောက်နိုင်ပြီး ရေပြင်မြေပြင်လေဟာ တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သလို ကမ်းလွန်ပြင်လယ်ပြင်မှာ လှိုင်းအမြင့် ၇ ပေကနေ ၁၀ ပေအထိ မြင့်တက် နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG